
ကေကေစိုး
ပေါ်တူဂီနိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုဗစ် -၁၉ ကာကွယ်ဆေး အမြင့် ဆုံးထိုးပေးနိုင်သည့် နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကို ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်သည်။
အပြည့်အဝထောက်ခံအားပေး
ထို့ပြင်အစိုးရ၏ နိုင်ငံ့လူဦးရေအကုန်ကို ကာကွယ်ဆေးအပြည့် ထိုးပေးနိုင်ရေးလှုပ်ရှားမှုတွင်လည်း ပြည်သူများက အပြည့်အဝ ထောက်ခံအားပေးကြသည်။
အခြားသော ဥရောပနိုင်ငံများနှင့်မတူညီသည်မှာ ပေါ်တူဂီနိုင်ငံ တွင် ကာကွယ်ဆေးထိုးနှံမှုကို ဆန့်ကျင်သည်မှာ ရှားပါးသည်။ ဥရောပနိုင်ငံအချို့တွင် ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍ ဆန့်ကျင်ဆန္ဒပြမှုများ ပေါ်ပေါက်နေသော်လည်း ပေါ်တူဂီနိုင်ငံတွင်မူ ယင်းသို့မဟုတ်ပေ။
လေးစားလိုက်နာကြ
ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ ပြည်သူများမှာ ယေဘုယျအားဖြင့် လက်ခံကြသည်။
အာဏာပိုင်များ၏ ထိန်းချုပ်မှုနှင့် ကျန်းမာရေးနှင့်ပတ်သက်သော လုံခြုံစိတ်ချရသော နည်းလမ်းများကို လေးစားလိုက်နာကြသည်။
ကျန်းမာရေးအာဏာပိုင်များနှင့် သိပ္ပံပညာရှင်များ၏ ထောက်ခံ ချက်အတိုင်း လိုက်နာရန် အဆင်သင့်ရှိသည်ဟု စားသောက်ဆိုင် အတွက် အစားအသောက်တင်သွင်းသူ တစ်ဦးဖြစ်သူ ပီဒရိုက ပြောသည်။ ထို့ပြင် တတိယအကြိမ် ကာကွယ်ဆေးထိုးရန်လည်း ပြင်ဆင်နေသည်ဟု ၎င်းက ဆက်ပြောသည်။
ဆုံးရှုံးနစ်နာရ
သို့သော်လည်း အစိုးရက ချမှတ်ထားသောကန့်သတ်ချက်များကြောင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် ဆုံးရှုံးနစ်နာမှုများ နေရသည့်အပေါ်တွင်မူ ၎င်းက ဝေဖန်ခဲ့သည်။ ဗစ်ဆုမြို့မှ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ရောဘတ်တာက ၎င်းမှာ ကာကွယ်ဆေးထိုးပြီးဖြစ်သော်လည်း သံသယများမှာမူ ရှိနေဆဲဖြစ် ကြောင်း ပြောသည်။
အစိုးရက ကန့်သတ်ချုပ်ချယ်ထားမှုကြောင့် အချို့သော ကဏ္ဍများတွင် ဆက်လက်ရှင်သန်ရန် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
အခက်အခဲများနှင့်ရင်ဆိုင်နေရ
ပေါ်တူဂီနိုင်ငံ၏ စီးပွားရေးမှာ ခရီးသွားလုပ်ငန်းအပေါ်တွင်လည်း တည်မီနေရာ ယင်းကဏ္ဍမှာ ကိုဗစ် -၁၉ ကြောင့် အထိနာနေရသည့် တိုင်းပြည်၏ စီးပွားရေးပြန်လည်နာလန်ထူလာစေရေးအတွက် အကူအညီပေးသည်။
အဆိုပါကဏ္ဍတွင် အလုပ်အကိုင်ပေါင်း ၆၀၀၀၀ ဆုံးရှုံးမည်ဟု လည်း ခန့်မှန်းထားသည်။ တိုင်းပြည်အတွင်းရှိ ဟိုတယ်စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းမှာလည်း ယာယီအားဖြင့် ပိတ်ထားရသည်။ လေကြောင်းလိုင်းဖြစ်သည့် တီအေပီအဲပေါ်တူဂီမှာလည်း ဆက်လက် ရပ်တည်နိုင်ရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
ဖိအားများဖြစ်ပေါ်လာရ
မကြာသေးမီ သီတင်းပတ်များအတွင်း ပေါ်တူဂီနိုင်ငံတွင် ကိုဗစ်- ၁၉ နေ့စဉ်ကူးစက်မှုများ စံချိန်တင်များပြားနေပြီး ဆေးရုံတက်ရမှုနှုန်း မှာလည်း တဖြည်းဖြည်းချင်း တိုးလာလျက်ရှိသည်။
ထို့ကြောင့် တိုင်းပြည်၏ ကျန်းမာရေးစနစ်တွင် ဖိအားများ ဖြစ်ပေါ်လာရသည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် နေ့စဉ် ကိုဗစ် -၁၉ ကူးစက်မှုမှာ ၂၆၄၁၉ ဦးရှိလာပြီး ကပ်ရောဂါစတင်ဖြစ်ပွားသည့် အချိန်မှစတင်ကာ ကူးစက်ခံရသူပေါင်း ၁ ဒသမ ၆ သန်းအထိ ရှိလာခဲ့ သည်။
ယင်းနေ့တွင်ပင် ကိုဗစ်-၁၉ နှင့် ဆက်စပ်ပြီးသေဆုံးသူ ၂၂ ဦး တိုးလာခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ ၁၉၁၁၃ ဦး ရှိလာခဲ့သည်။ လက်ရှိဆေးရုံတွင် ဆေးကုသမှုခံယူနေသူ ၁၄၄၉ ဦးရှိပြီး ၎င်းတို့ အထဲမှ ၁၅၀ မှာ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူ နေကြသည်။
ကလေးများ ရောဂါကူးစက်ခံရ
အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေကြသူများမှာ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်မထိုးရသေးသူများနှင့် ရောဂါ အခံရှိသူများဖြစ်သည်ဟု ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတစ်ဦးက ပြောသည်။
အသက် ၅ နှစ်မှ ၁၁ နှစ်အတွင်း ကလေးများ ရောဂါ ကူးစက်ခံရ သူအရေအတွက်မှာလည်း များပြားလျက်ရှိသည်ဟု ကျန်းမာရေး အာဏာပိုင်များက ပြောသည်။
ယင်းအသက်အုပ်စု အပိုင်းခြားကို မကြာသေးမီ သီတင်းပတ်မှ စတင်ကာ ကာကွယ်ဆေးထိုးပေးခြင်းများ ပြုလုပ်ပေးနေခြင်းဖြစ်သည်။
ကောင်းမွန်သည့် လုပ်ရပ်
ဆေးရုံတက်နေရသည့် ကလေးလူနာများအားလုံးမှာ ကာကွယ် ဆေးမထိုးရသေးသူများဖြစ်သည်ဟု လစ္စဘွန်းမြို့ ဒိုနာအက်တီ ဖန်နီယာ ဆေးရုံ ကလေးကူးစက်ရောဂါဌာနမှ ဒါရိုက်တာ မာရီယာ ဂျိုအာ ဘရစ်တိုက ပြောသည်။
ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်မှုများနှင့် ကိုဗစ်- ၁၉ နှင့်ဆက်စပ်သည့် ရောဂါလက္ခဏာများကို ကာကွယ်ရာတွင် အစွမ်းထက်မှုရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ကာကွယ် ဆေးအပြည့်ထိုးထားသည့်သူများပင်လျှင် ရောဂါကို အပြည့်အဝ ကာကွယ်ပေးနိုင်စွမ်းမရှိဟု ကူးစက်ရောဂါ အထူးကျွမ်းကျင်သူ ဂျိုးဆက် ပိုကက်စ်က ပြောသည်။
သို့သော်လည်း ကူးစက်ခံရသူအရေအတွက် လျော့ကျရန်အလို့ငှာ ကာကွယ်ဆေးထိုးခြင်းမှာ ကောင်းမွန်သည့်လုပ်ရပ်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
မက်လုံးပေးဆွဲဆောင်
ကူးစက်မှုများ ပြန်လည်များပြားလာသည့်အတွက် အစိုးရသည် တတိယအကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေးထပ်မံထိုးနှံရန် မက်လုံး ပေးဆွဲဆောင်မှုများ ပြုလုပ်လာသည်။ အသစ်ချမှတ်ထားသည့် စည်းကမ်းချက်များအရ ကိုဗစ် -၁၉ ကူးစက်ခံရသူနှင့် ထိတွေ့မှု ရှိသူများမှာ သီးခြားခွဲနေထိုင်ရမည်ဟု ပါရှိသည်။
သို့သော်လည်း ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးထားပြီးနောက် တစ်ကြိမ် ထပ်မံကာကွယ်ဆေးထိုးနှံပါက အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများနှင့် ပွဲများသို့ သွားလာသည့်အခါ ကိုဗစ် - ၁၉ ကင်းစင်ကြောင်း ဆေးလက်မှတ်ပြသရန် မလိုအပ်ဟု သိရသည်။
ဆေးလက်မှတ်ပြသရန်မလို
တတိယအကြိမ် ကာကွယ်ဆေးမထိုးရသေးသူများမှာမူ ကိုဗစ်- ၁၉ ကင်းစင်ကြောင်း ဆေးလက်မှတ်ပြသရန် လိုအပ်သည်။ ယင်း အချက်မှာ တတိယအကြိမ် ကာကွယ်ဆေးထိုးရန် မက်လုံးပေး ဆွဲဆောင်မှုတစ်ရပ်ပင်ဖြစ်သည်။
ယခုဖြစ်ပေါ်နေသည့် ကိုဗစ် -၁၉ ဗီဇပြောင်းအိုမီခရွန်ကူးစက်မှုမှာ ယခင်ဒယ်လ်တာထက် ရောဂါလက္ခဏာပြင်းထန်မှု နည်းပါး သော်လည်း ၎င်းကို အပျော့စားကူးစက်မှုအဖြစ် သတ်မှတ်မထားသင့် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ တက်ဒရော့စ် အက်ဟာနွမ် ဂီဘရီယက်ဆုစ်က ပြောသည်။ ။
ကိုးကား - ဆင်ဟွာ
- Log in to post comments