လမ်းမပေါ်က လူ့အသက်ကယ်တင်ဖို့ ယာဉ်ကိုအသိသတိဖြင့် မောင်းနှင်စို့

Type


 

မေယု-မျိုးအောင် (MANA) 

 

ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားခဲ့သော မတော်တဆ ထိခိုက်ဒဏ်ရာရရှိမှုများ၏ အကြောင်းရင်းကို လေ့လာပါက ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုသည် ၂၂ ဒသမ ၈ ရာခိုင်နှုန်း ၊ အကြမ်းဖက်မှုများကြောင့် ၁ဝ ဒသမ ၈ ရာခိုင်နှုန်း ၊ အခြားအကြောင်းရင်းများကြောင့် ၁၈ ဒသမ ၁ ရာခိုင်နှုန်းခန့် နှင့် စစ်ပွဲများကြောင့် ၃ ဒသမ ၄ ရာခိုင်နှုန်းခန့်ရှိရာ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုက အများဆုံးဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ၂၀၁၆ ခုနှစ်ထုတ် ကမ္ဘာတစ်ဝန်း လမ်းဘေးကင်းလုံခြုံမှုဆိုင်ရာ အစီရင်ခံစာကလည်း ကမ္ဘာတစ်ဝန်းရှိ လမ်းမများပေါ်၌ မတော်တဆဖြစ်မှုများကြောင့် နှစ်စဉ်လူဦးရေ ၁ ဒသမ ၃၅ သန်းအထိ သေဆုံးနေရကြောင်း ဖော်ပြထားရာ ယာဉ်မတော်တဆဖြစ်မှုသည် လူတိုင်း၏ လက်တစ်ကမ်းအကွာတွင်ရှိနေသော ဘေးအန္တရာယ်ဖြစ်သည်။

မြန်မာနိုင်ငံသည် လူမှုစီးပွားဘဝ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ      အသုံးပြုသည့် ယာဉ်စီးရေတိုးမြင့်လာခြင်း ၊ ယာဉ်စည်းကမ်း လမ်း စည်းကမ်းလိုက်နာမှု    အားနည်းခြင်းတို့ကြောင့် မတော်တဆ ထိခိုက်ဒဏ်ရာရမှု ၊ မသန်စွမ်းမှု နှင့် သေဆုံးမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသည်။
ယာဉ်မတော်တဆဖြစ်မှု     အများစုသည်  ယာဉ်မောင်းများ  အိပ်ငိုက်ခြင်း၊  ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှုအားနည်းခြင်း၊  ယာဉ် အောက်ပိုင်း   ကြံ့ခိုင်စစ်ဆေးမှု   အားနည်းခြင်း၊ အဝေးပြေးယာဉ်ကြီးများတွင်            ခရီးသည်များ အသက်ကယ်ခါးပတ်မပတ်ကြခြင်း၊  ယာဉ်အချို့ တွင် ထိုင်ခုံခါးပတ် အပြည့်အစုံမပါရှိခြင်း၊ အချို့ ယာဉ်ကြီး    ယာဉ်ငယ်များသည်     သက်ဆိုင်ရာက စစ်ဆေးချိန်များတွင်သာ ဟန်ပြ ခါးပတ်ပတ်ကြပြီး ကျန်ခရီးစဉ်တစ်လျှောက်၌       ခါးပတ်မပတ်ဘဲ  စီးနင်း ကြခြင်းတို့ကြောင့် ဖြစ်သည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေး
မော်တော်ယာဉ်ကြောင့် မတော်တဆဖြစ်ပွားမှု များ လျော့နည်းကျဆင်းလာစေရေးအတွက် စနစ် တကျစီမံခန့်ခွဲရန်၊  ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက်  သတ်မှတ်ချက်နှင့်အညီ စစ်ဆေးခြင်းနှင့်  ကြီးကြပ်ခြင်းပြုနိုင်ရန်၊  ယာဉ် ကြောပိတ်ဆို့မှု လျော့နည်းကျဆင်းလာစေရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ရာတွင် အဆင့်မြင့်နည်းပညာသုံး      ပို့ဆောင်ရေးစနစ်ကို ထိရောက်စွာ  အသုံးပြုရန်၊  ယာဉ်မတော်တဆ ထိခိုက်မှုအန္တရာယ်ကြောင့် ပြည်သူတို့၏အသက်နှင့် လူမှုစီးပွား ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများ လျော့နည်းလာစေရန်နှင့်  လမ်းအသုံးပြုသူများ သွားလာမှု လွယ်ကူချောမွေ့စေရန် ၊ ဘေးအန္တရာယ် ရှိသော  ကုန်ပစ္စည်းများက   အန္တရာယ်ကင်းစွာ သယ်ယူပို့ဆောင်စေရန်   ရည်ရွယ်ချက်များဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေကို      ၂၆-၅-၂ဝ၂ဝ  ရက်နေ့က ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။
ယာဉ်မတော်တဆ ထိခိုက်မှုအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်နှင့် လူမှုစီးပွားဆုံးရှုံးမှုများ နှင့် ထိခိုက်ဒဏ်ရာရမှုများ လျော့နည်းလာစေရန် နှင့်   လမ်းအသုံးပြုသူများ  သွားလာမှုလွယ်ကူ ချောမွေ့စေရန်အတွက် ဥပဒေပါတားမြစ်ချက်များ ကို  ပြည်သူများသိရှိထားရန်  လိုမည်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း  ယာဉ်အန္တရာယ် ကင်းရှင်းရေး ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ စနစ်တကျဖြစ်စေရေးကို     အထူးအလေးထား ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရသည်။   ၂၀၁၁ ခုနှစ်တွင်  မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မူဝါဒများ  အပြောင်းအလဲလုပ်ပြီးနောက်  ပြည် တွင်းသို့ ရောက်ရှိလာသည့် မော်တော်ယာဉ်အစီးရေ အဆမတန် များပြားလာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် စုစုပေါင်း ၄ ဒသမ ၀၁ သန်းသာရှိခဲ့သော မြန်မာ နိုင်ငံ၏ မှတ်ပုံတင်ယာဉ်စီးရေသည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ စာရင်းအရ စုစုပေါင်း ၇ ဒသမ ၂၉ သန်းအထိ နှစ်ဆနီးပါး တိုးလာခဲ့သည်။ ယာဉ်အစီး ရေ များပြားလာသည်နှင့်အမျှ ယာဉ်မတော်တဆမှု ကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများလည်း မြင့်တက်ခဲ့သည်။
ထိုင်ခုံခါးပတ်မပတ်ခြင်း
စစ်တမ်းများအရ     မြန်မာနိုင်ငံတစ်ဝန်းတွင် ယာဉ်မတော်တဆမှုကြောင့် တစ်ရက်လျှင် လူ ၁၄ ဒသမ ၈ ဦးနှုန်း သေဆုံးနေရသဖြင့် အရှေ့တောင် အာရှဒေသ၌ ယာဉ်မတော်တဆမှုကြောင့် အသက် ဆုံးရှုံးမှု စတုတ္ထအများဆုံးအဆင့်သို့ ရောက်ရှိနေ သည်။ အသက်ကယ် ထိုင်ခုံခါးပတ်  မပတ်ခြင်းသည် ခါးပတ် ပတ်ခြင်းထက် ဒဏ်ရာရမှု  နှစ်ဆနီးပါးနှင့် သေဆုံးမှုမှာ လေးဆနီးပါး ရှိနေသည်။ ယာဉ်မတော် တဆမှုကြောင့်   သေဆုံးမှု၊   ဒဏ်ရာရမှုများကို လျှော့ချနိုင်ရန်မှာ ယာဉ်များပေါ်တွင် မောင်းနှင်သူ၊ လိုက်ပါစီးနင်းသူအားလုံး   ခါးပတ်ပတ်ခြင်း၊  ခရီး သည်တင် အဝေးပြေးယာဉ်ကြီးများ အားလုံး၏ ထိုင်ခုံတိုင်းတွင် အသက်ကယ်ထိုင်ခုံခါးပတ်များ ပြည့်စုံစွာ    တပ်ဆင်ပါရှိစေခြင်းနှင့်   မဖြစ်မနေ အသုံးပြုကြခြင်းတို့မှာ အရေးကြီးသည့်အချက်များ ဖြစ်သည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်    မော်တော် ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၇၅ အရ  မည်သူမဆို မိမိအား ထုတ်ပေးထားသည့် ယာဉ်မောင်းလိုင်စင်ကို မိမိနှင့်တစ်ပါတည်း  ယူဆောင်ခြင်းမရှိဘဲ  အများ ပြည်သူဆိုင်ရာနေရာတွင်    မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊   မိမိအားထုတ်ပေးထားသည့်  ယာဉ် အကူလိုင်စင်ကို   မိမိနှင့်တစ်ပါတည်း  ယူဆောင် ခြင်းမရှိဘဲ ယာဉ်အကူအဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊ သက်တမ်းကုန်ဆုံးနေသော ယာဉ်မောင်းလိုင်စင်ကို အသုံးပြု၍  မော်တော်ယာဉ်ကို  မောင်းနှင်ခြင်း၊ သက်တမ်းကုန်ဆုံးနေသော ယာဉ်အကူလိုင်စင်ကို အသုံးပြု၍ ယာဉ်အကူအဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊ စိတ် သို့မဟုတ် ကိုယ်၏အခြေအနေမှာ မော်တော် ယာဉ်ကို  မောင်းနှင်ရန်  သင့်လျော်ခြင်းမရှိသည့် အခြေအနေတွင် မောင်းနှင်ခြင်း၊  သတ်မှတ်ထား သည့်   ဝန်တင်အားထက်   ပို၍တင်ထားသော မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊ မော်တော်ယာဉ် တွင် ခွင့်ပြုချက်မရှိဘဲ အပိုမီးလုံး သို့မဟုတ် အပိုမီးတန်းတပ်ဆင်မောင်းနှင်ခြင်း၊ ခြေလျင် လမ်းကူး နေရာနှင့် သက်ဆိုင်သည့် နည်းဥပဒေများပါ ပြဋ္ဌာန်း ချက်တစ်ရပ်ရပ်ကို ဆန့်ကျင်၍  မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊ အခြားသူ၏ ယာဉ်အကူလိုင်စင်ကို အသုံးပြု၍ ယာဉ်အကူအဖြစ် ပါဝင်ဆောင်ရွက်ခြင်း၊ မှတ်ပုံတင်သက်တမ်းရှိသော  မော်တော်ယာဉ်ကို မောင်းနှင်စဉ် မှတ်ပုံတင်သက်သေခံလက်မှတ်ကို သတ်မှတ်သည့်    နည်းလမ်းအတိုင်း    ပြသရန် ပျက်ကွက်ခြင်း၊    မော်တော်ယာဉ်ကို  ကိုယ်တိုင် မောင်းနှင်နေစဉ် လက်ကိုင်ဖုန်းသုံးခြင်း၊ သတ်မှတ် ထားသည့်  မော်တော်ယာဉ်ကို မောင်းနှင်နေစဉ် ယာဉ်ပေါ်ပါရှိသော အသက် ၁၀ နှစ်အောက် ကလေး ငယ်များအား ကလေးအသက်ကယ်ထိုင်ခုံကို အသုံး မပြုဘဲစီးနင်းစေခြင်း၊  အသက်ကယ်ထိုင်ခုံ   ခါးပတ် ပတ်ရန်  သတ်မှတ်ထားသည့် မော်တော်ယာဉ်ကို မောင်းနှင်နေစဉ်  ကိုယ်တိုင်ဖြစ်စေ၊  လိုက်ပါစီးနင်း သူများကိုဖြစ်စေ   အသက်ကယ်ထိုင်ခုံ  ခါးပတ်ကို တပ်ဆင်ခြင်းမပြုဘဲ မောင်းနှင်ခြင်းများကို မည်သူ မျှ မပြုရကြောင်း ပြဋ္ဌာန်းထားသည်။
မော်တော်ယာဉ်မှတ်ပုံတင်          သက်သေခံ လက်မှတ် ယာယီရပ်ဆိုင်းခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းခံရသည့်     မော်တော် ယာဉ်ကိုသော်လည်းကောင်း၊   သက်တမ်းကုန်ဆုံး သည့်    မော်တော်ယာဉ်ကိုသော်လည်းကောင်း အများပြည်သူဆိုင်ရာနေရာတွင်  မောင်းနှင်ခြင်း ၊ မောင်းနှင်စေခြင်း သို့မဟုတ် ရပ်နားထားခြင်း မပြု ရကြောင်း        ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ   ၈၀   တွင် ပြဋ္ဌာန်းထားသည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော် ယာဉ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၈၁ တွင် ယာဉ်မောင်း လိုင်စင်မရှိဘဲ မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊ ယာဉ်မောင်းလိုင်စင်၌   ခွင့်ပြုထားခြင်း   မရှိသော မော်တော်ယာဉ်ကို   မောင်းနှင်ခြင်း    သို့မဟုတ် မောင်းနှင်ခွင့်ပေးခြင်း၊  အခြားသူ  ယာဉ်မောင်း လိုင်စင်ကို အသုံးပြု၍ မော်တော်ယာဉ်ကို မောင်းနှင် ခြင်း၊  မော်တော်ယာဉ်ကို   သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပို၍   မောင်းနှင်ခြင်း   သို့မဟုတ် သတ်မှတ်ထားသည့်  အမြန်နှုန်းအောက်လျှော့၍ မောင်းနှင်ခြင်း ၊ မော်တော်ယာဉ်ကို ဘေးအန္တရာယ် ဖြစ်စေနိုင်သည်အထိ မဆင်မခြင် သို့မဟုတ် အရှိန် ပြင်းစွာ သို့မဟုတ် ပေါ့လျော့စွာ  မောင်းနှင်ခြင်း၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် မော်တော်ယာဉ်ကို မောင်းနှင်ခြင်း၊ ဘေးအန္တရာယ်ရှိသော ကုန်ပစ္စည်း (Dangerous Goods) ကို  သတ်မှတ်ချက်များနှင့် မညီဘဲ    မော်တော်ယာဉ်တွင်    တင်ဆောင်ခြင်း သို့မဟုတ် သယ်ယူပို့ဆောင်ခြင်း ၊ မူးယစ်ဆေးဝါး သုံးစွဲ၍သော်လည်းကောင်း၊ သတ်မှတ်ထားသော ပမာဏထက်ပို၍ အရက်သေစာ သောက်စားမူးယစ် ၍သော်လည်းကောင်း၊ မော်တော်ယာဉ်ကို မောင်း နှင်ခြင်း၊ အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားခြင်း မရှိသော မော်တော်ယာဉ်ကို စီးပွားရေးလုပ်ငန်းသုံး မော်တော်ယာဉ်အဖြစ် အသုံးချခြင်းတို့ကို မပြုရ ကြောင်း ပြဋ္ဌာန်းထားသည်ကို  တွေ့ရသည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်    မော်တော် ယာဉ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ  ၇၆ အရ  မော်တော် ဆိုင်ကယ်ကို နောက်ကြည့်မှန်နှင့် အိပ်ဇောရှိ အသံ ထိန်းကိရိယာမပါဘဲ မောင်းနှင်ခြင်း၊  မော်တော် ဆိုင်ကယ်ကို မောင်းနှင်စီးနင်းရာတွင် ရှေ့မီးအနိမ့် ကို နေ့၊ ညအချိန်တိုင်းတွင် ပိတ်၍ မောင်းနှင်ခြင်း၊ ကိုယ်တိုင်ဖြစ်စေ၊    လိုက်ပါစီးနင်းသူကိုဖြစ်စေ သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုး သေချာစွာ တပ်ဆင်၍ ဆောင်းခြင်းမပြုဘဲ မော်တော်ဆိုင်ကယ် မောင်းနှင်ခြင်းတို့ကို မပြုရကြောင်း   ပြဋ္ဌာန်းထား ပါသည်။ မော်တော်ဆိုင်ကယ် မောင်းနှင်သူ မည်သူ မဆို ယင်းဥပဒေပုဒ်မ ၇၆ ပါ တားမြစ်ချက်တစ်ရပ် ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင်  ယင်းဥပဒေပုဒ်မ  ၈၇ အရ ထိုသူ ကို  ငွေကျပ်သုံးသောင်းထက်  မပိုသော  ငွေဒဏ် ချမှတ်ရမည်ဖြစ်သည်။
ငွေဒဏ်ချမှတ်
မော်တော်ယာဉ် ပေးကမ်းခြင်းနှင့် ရောင်းချခြင်း တို့တွင် မော်တော်ယာဉ်ပေးကမ်းသည့်    နေ့ရက် သို့မဟုတ်   အရောင်းစာချုပ်   ချုပ်ဆိုသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း    မော်တော်ယာဉ်မှတ်ပုံ တင်ထားသူ အမည်ပြောင်းလဲပေးနိုင်ရေးအတွက် လျှောက်ထားရန် ပျက်ကွက်ခြင်းမရှိစေရကြောင်း၊ အမွေဆက်ခံခြင်းဖြင့် မော်တော်ယာဉ်ပိုင်ဆိုင်ခွင့် ရရှိသည့်ကိစ္စရပ်တွင် မော်တော်ယာဉ် မှတ်ပုံတင် ထားသူ    အမည်ပြောင်းလဲရန်   တရားဝင်ပိုင်ဆိုင် ရရှိသည့်နေ့မှ  ရက်ပေါင်း  ၃၀  အတွင်း လျှောက်ထား ရန် ပျက်ကွက်ခြင်း မရှိစေရကြောင်း၊ မော်တော်ယာဉ် မှတ်ပုံတင်ထားသူ            အမည်ပြောင်းလဲပေးရန်  လျှောက်ထားရာတွင်  မော်တော်ယာဉ်ပေးကမ်း ခြင်းနှင့် ရောင်းဝယ်ခြင်း  စာချုပ်၍  ဝယ်ယူသူ၏ အမည်နှင့်နေရပ်လိပ်စာ အပါအဝင်  အခြားအချက် အလက်တစ်စုံတစ်ရာကို      မမှန်မကန် ဖော်ပြခြင်း၊ ပြင်ဆင်ခြင်း၊  ချန်လှပ်ခြင်း   သို့မဟုတ်   စာချုပ် ချုပ်ဆိုသည့် နေ့ရက်အား မမှန်မကန် ဖော်ပြမှုများ ကို   မည်သူမျှမပြုရကြောင်း  ယာဉ်အန္တရာယ် ကင်းရှင်းရေး နှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၇၇ တွင်  ပြဋ္ဌာန်းထားသည်။ မော်တော်ယာဉ် လက်ဝယ်ရှိသူ မည်သူမဆို ယင်းဥပဒေပုဒ်မ ၇၇ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း  ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်  ယင်း ဥပဒေ  ပုဒ်မ ၈၈  အရ  ထိုသူကို  ကျပ်သုံးသိန်း ထက်  မပိုသော ငွေဒဏ်ချမှတ်ရမည်လည်း  ဖြစ် သည်။
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်  မော်တော် ယာဉ်စီမံခန့်ခွဲမှုဥပဒေကို အကောင်အထည်ဖော် သည့် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများနှင့် အမိန့်တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ယင်းဥပဒေ ပုဒ်မ ၉၆ အရ ထိုသူကို ကျပ်သုံးသောင်းထက် မပို သော ငွေဒဏ်ချမှတ်ရမည်။    
အဆိုပါ  တားမြစ်ချက်တစ်ရပ်ရပ်အရ   ပြစ်ဒဏ် ထိုက်သော ပြစ်မှုကိုကျူးလွန်ရန် အားပေးကူညီလျှင် ယင်းဥပဒေပုဒ်မ  ၉၇ အရ  ယင်းပြစ်မှုအတွက် ဤဥပဒေကို ပြဋ္ဌာန်းထားသဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်ဖြစ်၍ ကျယ်ပြန့်သော      ပြဋ္ဌာန်းထား သည့်   သတိပြုဖွယ်ရာ   ပြဋ္ဌာန်းချက်လည်းဖြစ် သည်။
ဥပဒေပြဋ္ဌာန်းချက်များသည် အများပြည်သူတို့ ၏ လူမှုဘဝလုံခြုံမှုကို ရည်ရွယ်ပြဋ္ဌာန်းခြင်းဖြစ် သည်။ ဥပဒေပြဋ္ဌာန်းချက်များတွင် ပြည်သူများကို အကာအကွယ်ပေးသော ပြဋ္ဌာန်းချက်များနှင့်အတူ ပြည်သူများက  လိုက်နာရန်   တာဝန်ပေးသော ပြဋ္ဌာန်းချက်များလည်း  ပါဝင်ကြသည်။    ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ဆိုရာတွင်  ယာဉ်ကြောင့် အန္တရာယ်ဖြစ်ရသည်များရှိသကဲ့သို့   လမ်းကြောင့် လည်းကောင်း၊       လမ်းအသုံးပြုသူများကြောင့် လည်းကောင်း အန္တရာယ်ဖြစ်ပွားရသည်များလည်း ရှိရာ ယာဉ်မောင်းသူများသာမက လမ်းအသုံးပြုသူ များကလည်း   ဥပဒေပါတာဝန်ဝတ္တရားများကို လေးစားလိုက်နာခြင်းဖြင့်သာ    ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းသော    အခြေအနေကို တည်ဆောက်နိုင်မည်ဖြစ်သည်။
လမ်းမပေါ်မှ လူ့အသက်များ
ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရ၍ သေဆုံးမှုများသည် လူမှုရေး၊ စီးပွားရေးအရ ဆုံးရှုံးမှု ပမာဏကြီးမားသဖြင့် လူ့အသိုင်းအဝိုင်းအတွက် အရေးကြီးသော ပြဿနာတစ်ရပ်ဖြစ်သည်။ ယာဉ် မတော်တဆဖြစ်မှုများကို လျှော့ချရာ၌ မော်တော် ယာဉ် အသုံးပြုသူများအားလုံး အသက်ကယ်ခါး ပတ်ပတ်ရေး၊ တစ်နိုင်ငံလုံးရှိ မော်တော်ဆိုင်ကယ် စီးသူအားလုံး    ဆိုင်ကယ်စီးဦးထုပ်ဆောင်ရေး၊ လိုင်စင်မဲ့   မောင်းနှင်နေမှုများ   ပပျောက်ရေးနှင့် ယာဉ်မတော်တဆဖြစ်မှု များပြားသည့် နေရာများ၌ အန္တရာယ် ကင်းရှင်းရေး သတိပေးဆိုင်းဘုတ်များ စိုက်ထူထားရှိရေးတို့ကို         အရှိန်အဟုန်မြှင့် လုပ်ဆောင်မှသာ    ယာဉ်မတော်တဆမှုကြောင့် ဆုံးရှုံးနေရသော လမ်းမပေါ်မှ လူ့အသက်များကို ကယ်တင်နိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပါသည်။     ။