နိုင်ငံ၏ကောင်းကျိုးကို ဆောင်ရွက်ကြရာတွင် တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဆောင်ရွက်၍ မရနိုင်ဘဲ တိုင်းရင်းသားပြည်သူအားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ကိုအခြေခံသော ပေါင်းစုအင်အားဖြင့် တက်ညီလက်ညီဆောင်ရွက်ကြရန်လို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က
(၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

 

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်

 

ချစ်ကြည်လေးစားရပါသော ကချင်ပြည်နယ်အတွင်းရှိ 
တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား-
ယနေ့ ဇန်နဝါရီလ(၁၀)ရက်နေ့သည် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအတွက်  ကျက်သရေမင်္ဂလာ အပေါင်းနှင့်    ပြည့်စုံသည့်   (၇၄)နှစ်မြောက်   ကချင်ပြည်နယ်နေ့         ဖြစ်ပါသည်။


ယခုကဲ့သို့  နေ့ထူးနေ့မြတ်အခါသမယတွင်  ကချင်ပြည်နယ် အတွင်းရှိ ကချင်တိုင်းရင်းသားမျိုးနွယ်စုများနှင့်တကွ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည်စုံ ကြပါစေကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ကင်းလွတ်၍ ကျန်းမာ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ် ပါသည်။


မြန်မာနိုင်ငံသည်     ရှေးနှစ်ပေါင်းများစွာကတည်းကပင်                  တိုင်းရင်းသားလူမျိုးစုအားလုံးတို့သည် မရှိအတူရှိအတူ၊ အေးအတူ ပူအမျှ စည်းလုံးညီညွတ်စွာဖြင့် ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည်နေထိုင်ခဲ့ကြပါသည်။ နိုင်ငံတော်တွင် စည်းလုံးညီညွတ်မှု ပြိုကွဲ၍ အဘက်ဘက်မှ အင်အားနည်းပါးချိန်တွင် မိမိထက်အဆမတန် အင်အားကြီးမားသော             ဗြိတိသျှကိုလိုနီနယ်ချဲ့တို့၏  လက်အောက်သို့  ကျရောက်ခဲ့ရပြီး အချုပ်အခြာအာဏာနှင့်  လွတ်လပ်ရေးဆုံးရှုံးခဲ့ရပါသည်။  ထိုသို့ နယ်ချဲ့လက်အောက်  ကျရောက်ခဲ့သော်လည်း  တိုင်းရင်းသားများ အပါအဝင် မြန်မာနိုင်ငံ၏ ဒေသအသီးသီးမှ  သူ့ကျွန်မခံလိုသူများက မျိုးချစ်စိတ်ဓာတ်ထက်သန်စွာဖြင့် မိမိတို့အသက်ကို ပဓာနမထားဘဲ နယ်ချဲ့တို့ကို တော်လှန်ခဲ့ကြပါသည်။  မကြာမီကျရောက်တော့မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့  အခြေခံပင်လုံစာချုပ်ဖြင့် သူ့ကျွန်ဘဝမှလွတ်မြောက်ကာ   လွတ်လပ်သည့်  အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ်   ပြန်လည်ရပ်တည်နိုင်ခဲ့သည်မှာ မိမိတို့ တိုင်းရင်းသားအားလုံး၏ မဆုတ်မနစ်သော ဇွဲလုံ့လ၊ မျိုးချစ်စိတ်ဓာတ်၊ ရဲစွမ်းသတ္တိနှင့် စည်းလုံးညီညွတ်မှုတို့ကြောင့်ပင်ဖြစ်ပါသည်။


မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့တွင်  ကချင်ပြည်နယ်ကောင်စီညီလာခံ၏  ပထမဆုံး အစည်းအဝေးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့သည်ကို ဂုဏ်ပြုသည့်အနေဖြင့် ဇန်နဝါရီလ(၁၀)ရက်နေ့ကို “ကချင်ပြည်နယ်နေ့” အဖြစ် သတ်မှတ်ပြဋ္ဌာန်း၍ နှစ်စဉ်ကျင်းပခဲ့ရာ  ယနေ့ဆိုလျှင် (၇၄)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ကချင်ပြည်နယ်တွင် ဂျိန်းဖော့၊ ရဝမ်၊ လီဆူ၊  လာချိတ်၊  လော်ဝေါ်၊  ဇိုင်ဝါးစသည့် ကချင်မျိုးနွယ်စုများ၊ တိုင်းလေ၊   တိုင်းလိုင်၊   တိုင်းလုံ၊  တိုင်းဆာ၊  တိုင်းခန္တီး စသည့် ရှမ်းမျိုးနွယ်စုများနှင့်  ဗမာတိုင်းရင်းသားမျိုးနွယ်စုများအပြင် အခြား တိုင်းရင်းသားမျိုးနွယ်စု အပါအဝင် လူဦးရေစုစုပေါင်း  ၁၇ သိန်းကျော် ချစ်ကြည်ရင်းနှီးစွာ စုပေါင်းနေထိုင်ကြသည့် ပြည်နယ်တစ်ခုဖြစ်ပါ သည်။
ကချင်ပြည်နယ်သည် အဖိုးတန်သဘာဝသယံဇာတများဖြစ်သည့် ရွှေ၊ ကျောက်စိမ်း၊ ပယင်း စသောအဖိုးတန်သယံဇာတများ ပေါများ ကြွယ်ဝသကဲ့သို့  သာယာလှပသည့်  တောတောင်ရေမြေသဘာဝ ပတ်ဝန်းကျင်ကောင်းများကိုလည်း ပိုင်ဆိုင်ထားပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏  အသက်သွေးကြောဖြစ်သည့်  ဧရာဝတီမြစ်ကြီး စတင် မြစ်ဖျားခံရာ ဒေသတစ်ခုလည်းဖြစ်ပါသည်။


ကချင်တိုင်းရင်းသားမျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှု၊ ရိုးရာ အက အလှများ၊ စာပေယဉ်ကျေးမှုဓလေ့ထုံးစံများမှာ ပျော်ရွှင်ချမ်းမြေ့ စရာဖြစ်ပါသည်။ ကချင်ရိုးရာမနောပွဲနှင့်  ထောင်ကာအကတို့မှာ ပြည်တွင်းသာမက နိုင်ငံတကာကပါ စိတ်ဝင်စားကြသော တိုင်းရင်းသား အမွေအနှစ်များ ဖြစ်ပါသည်။
မိမိတို့ တိုင်းရင်းသားအားလုံးသည် ဓလေ့ထုံးတမ်းစဉ်လာများနှင့် အမျိုးသားရေးစရိုက်လက္ခဏာများကို အစဉ်လေးစားတန်ဖိုးထားကြ သူများဖြစ်ပါသည်။ အမျိုးသားရေးလက္ခဏာများနှင့် အမျိုးသား ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ခြင်းဖြင့် မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး    တိုင်းပြည်နှင့် လူမျိုးအတွက်   ကောင်းကျိုးများစွာရရှိနိုင်မည်  ဖြစ်ပါသည်။     မိမိတို့နိုင်ငံသည် ငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီစနစ်ကို တည်ဆောက်လျက်ရှိရာ အမျိုးသားရေးစိတ်ဓာတ်ရှိကြရန် အလွန် အရေးကြီးသော အချိန်ကာလဖြစ်ကြောင်း အသိပေးလိုပါသည်။ 


သာယာလှပပြီး သယံဇာတပေါကြွယ်ဝသည့် ကချင်ပြည်နယ် သည် လက်နက်ကိုင်ပဋိပက္ခများ အပြီးတိုင် မချုပ်ငြိမ်းနိုင်သေးသော ကြောင့်   သဘာဝအလှအပများကို အပြည့်အဝ မခံစားနိုင်သေးသကဲ့သို့၊ သဘာဝသယံဇာတများကိုလည်း   ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးမပြုနိုင်သေးဘဲ ဖြစ်နေ ရပါသည်။ 


ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ ထိရောက် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေး၏ အရသာကို သိရှိခံစားခဲ့ကြပြီးဖြစ်သော ကချင်ပြည်နယ်အတွင်း နေထိုင် ကြသည့် တိုင်းရင်းသားတို့သည် ယခုအချိန်တွင်လည်း ငြိမ်းချမ်းရေးကို အလွန်တောင့်တလျက်ရှိကြပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိလိုကြမည်ဟု ယုံကြည်ပါသည်။
နိုင်ငံတော်အနေဖြင့်  တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့် အညီ ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာ စေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်တည်ငြိမ်ရေး နှင့် ထာဝရငြိမ်းချမ်းရေးတို့ပင် ဖြစ်သည်။ ထို့ကြောင့် မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တိုင်းရင်းသား ညီနောင်အားလုံးတို့အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါသည်။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ သက်ဆိုင်သူများအနေဖြင့် သဘောထားမှန်ကန်ကြပြီး တူညီသော စိတ်ဆန္ဒများရှိရန် လိုအပ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မထိခိုက်စေရန် တတ်နိုင်သမျှ ထိန်းထိန်း သိမ်းသိမ်း  ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပါဝင်သက်ဆိုင်သူအားလုံးကလည်း အကြမ်းဖက် လုပ်ရပ်များ၊ အဖျက်အမှောင့်လုပ်ရပ်များ၊ ပြည်တွင်း ပြည်ပ ပယောဂ များ၊ မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများနှင့် အကြောင်းအမျိုးမျိုး ကြောင့် NCA ငြိမ်းချမ်းရေးလမ်းကြောင်းမှ သွေဖည်မသွားကြစေရေးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် သတိရှိရှိဆောင်ရွက်ပေးကြရန် မှာကြား လိုပါသည်။


နိုင်ငံတော်တွင်    တည်ငြိမ်အေးချမ်းမှုမရှိပါက   ဆက်လက် လုပ်ဆောင်ရမည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတို့မှာ အလှမ်းဝေးနေဆဲသာဖြစ်သည်ကို အားလုံးသိရှိကြပြီးဖြစ်ပါသည်။ နိုင်ငံ၏ကောင်းကျိုးကို ဆောင်ရွက်ကြရာတွင် တစ်ဦးကောင်း၊ တစ်ဖွဲ့ ကောင်းဖြင့် ဆောင်ရွက်၍မရနိုင်ဘဲ တိုင်းရင်းသားပြည်သူအားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ကိုအခြေခံသော   ပေါင်းစုအင်အားဖြင့် တက်ညီလက်ညီဆောင်ရွက်ကြရန် လိုအပ်ပါသည်။


ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမ
အပေါင်းတို့ ခင်ဗျား
ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အစိုးရတာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏  အခြေခံမူများဖြစ်သော  ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်လျက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသား ပြည်သူများ၏  လူမှုစီးပွားဘဝများ  တိုးတက်ဖြစ်ထွန်းရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။


နိုင်ငံတော်အစိုးရသည် ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး စသည့် စီမံချက်များချမှတ်ပြီး   လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေမည့်   ကဏ္ဍ အားလုံးကို ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။ 


နိုင်ငံနှင့်လူမျိုးနှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်ရာတွင် မည်သည့်အခက်အခဲ၊ အကျပ်အတည်း၊ စိန်ခေါ် မှုမျိုးကိုမဆို  တိုင်းရင်းသားများ၏   စစ်မှန်သောပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံသည့် မျိုးချစ်စိတ်ဓာတ်ဖြင့် အခိုင်အမာရင်ဆိုင် ကျော်လွှားနိုင်မည်ဟု အပြည့်အဝယုံကြည်ပါသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသော၊ နိုင်ငံတော် အစိုးရကို ဆန့်ကျင်လျက်ရှိသော အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု၊    အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများ၏ အန္တရာယ်ကိုလည်း  တွန်းလှန်ချေမှုန်းလျက်ရှိရာ တိုင်းရင်းသား ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် အလေးထား တိုက်တွန်းအပ်ပါသည်။ 


သို့ဖြစ်ရာ ယနေ့အချိန်ကာလသည် ပြည်သူတစ်ရပ်လုံး လိုလား တောင့်တသော   ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို   အခြေခံသည့်         ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေးအတွက် မဖြစ်မနေလိုအပ် သော    တစ်နိုင်ငံလုံး   ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နေသည့် အချိန်အခါဖြစ်ရာ ယခုကဲ့သို့သော ထူးမြတ်သည့် ကချင်ပြည်နယ်နေ့ အခါသမယတွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူ အားလုံးကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန် အလေး အနက် တိုက်တွန်းအပ်ပါသည်။


ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူများအားလုံး    ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှုများကို အရှိန်အဟုန်ဖြင့် ဖြစ်ထွန်းပေါ်ပေါက်စေရေး အတွက် ကြိုးပမ်းစွမ်းဆောင်နိုင်သူများဖြစ်ကြပါစေ၊ ပြည်နယ်အကျိုး၊ ပြည်နယ်သားများ၏အကျိုး၊ နိုင်ငံအကျိုး၊ နိုင်ငံသားများ၏အကျိုးသယ်ပိုးနိုင်သူများ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။
    (ပုံ) မင်းအောင်လှိုင်
    ဗိုလ်ချုပ်မှူးကြီး
    နိုင်ငံတော်ဝန်ကြီးချုပ်
    ဥက္ကဋ္ဌ
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ