
ရန်ကုန် ဇန်နဝါရီ ၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူး ကျင်းပသည့် (၇၄)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋက ကောဝိဒရွေးချယ်ရေး(သဘောရေးဖြေ) စာမေးပွဲကို ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာ ပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ဇန်နဝါရီ ၅ ရက် မှစတင်ကျင်းပခဲ့ရာ ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းက စာမေးပွဲဖြေဆိုလျက်ရှိကြသော စာဖြေသံဃာ များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးထွန်း ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသော နဝကမ္မအလှူတော် ငွေကျပ် ၄၁ သိန်းကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး နှင့် တိုင်းဒေသကြီး ဝန်ကြီးများက တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီး ၁၁ ပါး ၊ ပုစ္ဆက လေးပါး ၊ ကြီးကြပ် လေးပါးနှင့် စာဖြေသံဃာ ၉၂ ပါးတို့အား ဆက်ကပ် လှူဒါန်းသည်။
ယနေ့ကျင်းပသည့် (၇၄)ကြိမ်မြောက် တိပိဋက ဓရ၊ တိပိဋကကောဝိဒရွေးချယ်ရေး(သဘောရေးဖြေ) စာမေးပွဲသို့ အဘိဓမ္မာ(နောက်ပိုင်း) ခြောက်ပါး၊ အဘိဓမ္မာ(ရှေ့ပိုင်း)ခြောက်ပါး၊ ဒီဃနိကာယ် ၂၇ ပါး၊ ဝိနည်း(နောက်ပိုင်း) ၅၃ ပါး ၊ ဝိနည်း (ရှေ့ပိုင်း) ၈၇ပါး၊ စုစုပေါင်းစာဖြေ သံဃာ ၁၇၉ ပါး ဝင်ရောက်ဖြေဆို သည်။
အဆိုပါ (၇၄)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋက ကောဝိဒရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲ ကြီးကို ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ဇန်နဝါရီ ၅ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ကြောင်းသိရသည်။
ဆန်းကျော်ဦး
(ပြန်/ ဆက်)