
သီပေါ ဇန်နဝါရီ ၉
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နမ့်ဆင်တွန်ဆောက်၊ ကြံခင်း၊ နမ့်အွန်းဝမ်ဆိုင်းနှင့် ပုံဖန်းကျေးရွာများမှ တိုက်ပွဲရှောင်နေရပ်စွန့်ခွာတိုင်းရင်းသားပြည်သူ အိမ်ထောင်စု ၁၀၂ စု လူဦးရေ ၃၅၈ ဦးတို့ အနေဖြင့် ပေါ်ကြိုဘုရားကြီး ပုရိဝဏ်အတွင်းရှိ ခိုလှုံရေးစခန်းသို့ ယနေ့နံနက်ပိုင်းက ရောက်ရှိခိုလှုံလျက်ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲရှောင်ဒေသခံ တိုင်းရင်းသားများကို လူသားချင်း စာနာစိတ်ဖြင့် နယ်စည်းမခြားပရဟိတ ဦးမျိုးမြင့်လွင် ဦးဆောင်သော အဖွဲ့က ဆန်အိတ်များ၊ ဆီ၊ ဆား၊ ကြက်ဥသေတ္တာများ၊ ခေါက်ဆွဲ ခြောက်၊ ဆပ်ပြာမှုန့်နှင့် အမျိုးသမီးသုံးပစ္စည်းများကို ပေါ်ကြိုဒေသ ခိုလှုံရေးစခန်းသို့ သွားရောက်လှူဒါန်းသည်။
ထို့အပြင် စေတနာရှင်သီပေါမှ ဦးစိုင်းကျော်မိုးက ကူညီပံ့ပိုးငွေကျပ် ငါးသိန်းကို လှူဒါန်းပြီး သီပေါမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်နန်းခင် ညွန့်လူ၊ တပ်ခွဲမှူး ဦးစိုင်းထွန်းဝင်းနှင့် တပ်ဖွဲ့ဝင်များက လိုအပ်သည်များ ကို ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်း(သီပေါ)