ခေတ်မီစံပြကျေးရွာ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဇန်နဝါရီ   ၇


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားစေရေးရည်ရွယ်၍ နေပြည်တော်ကောင်စီနယ်မြေ အတွင်း ခေတ်မီစံပြကျေးရွာ (Smart Village) များအဖြစ် လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာ၊ ပျဉ်းမနားမြို့နယ် ကျွန်းဦးကျေးရွာနှင့် တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာ သုံးရွာတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်  ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ပြည်ထောင်စုနယ်မြေအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။
 

 

ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ဂွေးပင်စံပြကျေးရွာသို့ ရောက်ရှိပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ(ယာပုံ)  မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ အတွင်း ခေတ်မီစံပြကျေးရွာ (Smart Village) များ ဖြစ်ပေါ်စေရေးအတွက် ကျေးရွာသုံးရွာကို ဦးစားပေး ရွေးချယ်၍ အကောင်အထည်ဖော်   ဆောင်ရွက်နေ ပါကြောင်း၊ ဂွေးပင်စံပြကျေးရွာ၏   ခေတ်မီစက်မှု လယ်ယာစနစ်နှင့် Contract Farming စနစ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊    စက်မှု လယ်ယာဦးစီးဌာနမှ  Focal အဖြစ် တာဝန်ယူဆောင် ရွက်ပြီး သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့်  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊       ကျေးရွာရှိ   တောင်သူ ၆၁ ဦးကို သမဝါယမအသင်းဖွဲ့စည်းပေး၍ လယ်မြေ ၁၁၄  ဧကတွင်   အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးက ဂွေးပင်စံပြကျေးရွာ၏   စနစ် တကျ   လယ်ယာမြေဖော်ထုတ်နိုင်ရေး    လုပ်ငန်း ဆောင်ရွက်နေမှုနှင့်      လုပ်ငန်းလိုအပ်ချက်များကို လည်းကောင်း၊      ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက Contract Farming စနစ်ဆိုင်ရာ သွင်းအားစုများ၊ နည်းပညာများ၊ မျိုးများထောက်ပံ့ပေးခြင်း၊   သီးနှံ ဝယ်ယူခြင်း၊ စာချုပ် ချုပ်ဆိုခြင်း စသည့်လုပ်ငန်းစဉ် များကိုလည်းကောင်း၊ တောင်သူတစ်ဦးက လုပ်ငန်း လိုအပ်ချက်များကို လည်းကောင်း ရှင်းလင်းတင်ပြ ရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး   ယခုစံပြ ကျေးရွာ အကောင်အထည်ဖော်မှုကို မိမိတို့ဝန်ကြီး ဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအားလုံး ပူးပေါင်း၍ တက်ညီလက်ညီ      ဆောင်ရွက်သွားရမည်ဖြစ်ပြီး ကျေးရွာရှိ တောင်သူများကလည်း   ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းပြောကြားသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်ကြား ပို့ချပေးခဲ့သော အခြေခံဆိုင်ကယ်ပြုပြင်သင်တန်း၊ အခြေခံစားသောက်ကုန်ထုတ်လုပ်မှု    နည်းပညာ သင်တန်း အောင်မြင်ပြီးသူများနှင့်တွေ့ဆုံ၍ တစ်နိုင် တစ်ပိုင် ဝင်ငွေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးသည်။

 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေကမ္ဘာငွေစုငွေချေးသမဝါယမအသင်းနှင့် စမ်းဝတီ မွေးမြူရေးနှင့်      သဘာဝမြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းတို့ ပူးပေါင်းဆောင်ရွက်နေသည့် ပုဗ္ဗသီရိမြို့နယ် လယ်သာကျေးရွာရှိ စမ်းဝတီ မွေးမြူ ရေးနှင့် သဘာဝမြေဩဇာစက်ရုံသို့    ရောက်ရှိပြီး တောင်သူများ အကျိုးဖြစ်ထွန်းစေမည့်   မြေဩဇာ သွင်းအားစုများ ထုတ်လုပ်ပံ့ပိုးပေးနိုင်ရေး   စက်ရုံမှ တာဝန်ရှိသူများ၊       ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိနှိုင်း၍ သဘာဝမြေဩဇာ ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ EM ဘိုကာရှီမြေဆွေး ပြုလုပ်နေမှု၊ တီကောင်မွေးမြူရေးနှင့်    တီစွန့်ပစ် မြေဩဇာ(တီကျစ်စာ) ထုတ်လုပ်နေမှုကို    ကြည့်ရှု စစ်ဆေးခဲ့ပြီး ထွက်ရှိလာသည့် သဘာဝမြေဩဇာ၏ အရည်အသွေးဆိုင်ရာ စံသတ်မှတ်ချက်များ စစ်ဆေး ရန်၊ ထုတ်လုပ်မှု မှတ်ပုံတင်ရရှိစေရေး၊ ယခုနွေစပါး အမီ စမ်းသပ်သုံးစွဲနိုင်ရေး၊ ဈေးကွက်ရရှိရန် ဆောင် ရွက်နိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။  


သတင်းစဉ်