နှစ်နှစ်ကြာမြင့်လာပြီဖြစ်သည့် ကိုဗစ် -၁၉ ကပ်ရောဂါ

 

ကေကေစိုး

 

လွန်ခဲ့သည့်  နှစ်နှစ်က လူသားများထံသို့ အမည်မသိ ဗိုင်းရပ်စ်   ကူးစက်မှုဖြစ်ပွားခဲ့ပြီး   ယင်းဗိုင်းရပ်စ် ကြောင့်   တစ်ကမ္ဘာလုံးဆိုင်ရာ   အကျပ်အတည်း များ  ဖြစ်ပေါ်ခဲ့ကာ  လူသားတို့ အသက်ရှင်နေထိုင် ရာ   လူနေမှုဘဝတွင်  အပြောင်းအလဲများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ 

 


ပိုမိုကျယ်ပြန့်လာစေခဲ့ 


သိပ္ပံပညာနှင့်  သက်ဆိုင်သည့်   အသိပညာ ဗဟုသုတများကိုလည်း    ပိုမိုကျယ်ပြန့်လာစေခဲ့ သည်။ ကပ်ရောဂါစတင်ဖြစ်ပွားသည့် အစောပိုင်း လများတွင် လက်ကို မကြာခဏ  ဆေးကြောခြင်း ဖြင့်  ကိုဗစ် -၁၉  ကူးစက်မှုကို ရပ်တန့်နိုင်သည်ဟု အကြံပေးမှုများ ရေပန်းစားလာခဲ့သည်။  မသန့်ရှင်း သောလက်များဖြင့်    မျက်နှာကို    ထိတွေ့ခြင်းမှ ရှောင်ရှားကြရန်နှင့်  ဆပ်ပြာအသုံးပြုနည်းများကို ကျန်းမာရေးအာဏာပိုင်များက မျှဝေခဲ့ကြသည်။ အချို့သော   နိုင်ငံအများအပြားတွင်    လက်ဆေး ဆပ်ပြာများ    နေရာအနှံ့    တွေ့နိုင်သည်အထိ ပေါများခဲ့သည်။ 

 


ကူးစက်နိုင်ခြေပိုမိုမြင့်မား 


သို့သော်လည်း ကပ်ရောဂါအခြေအနေ    ပိုမို ဆိုးရွားလာသည့်အခါ ဗိုင်းရပ်စ်   မည်သို့ကူးစက် ပျံ့နှံ့လာသည်ကို  သိပ္ပံပညာရှင်များက  လေ့လာခဲ့ ကြသည်။ လူစုလူဝေးပွဲများ ၊  ဘတ်စ်ကားများနှင့် စားသောက်ဆိုင်များမှ ကူးစက်ပျံ့နှံ့တတ်သည်ဟု သိရှိလာသည်။   ကျွန်ုပ်တို့     အသက်ရှူသွင်း ရှူထုတ်လိုက်သည့် လေ၊ စကားပြောသည့်အခါ၊ အော်ဟစ်သည့်အခါနှင့် သီချင်းဆိုသည့်အခါတွင် လည်း  ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နိုင်သည်။ အလုံပိတ် အခန်းများ၊  လေဝင်လေထွက်   မကောင်းသည့် အခန်းများတွင်    ဗိုင်းရပ်စ်မှာ    အချိန်အတော်ကြာ ခိုအောင်းနိုင်ပြီး   ကူးစက်နိုင်ခြေကိုလည်း   ပိုမို မြင့်မားစေခဲ့သည်။ 

 


လုံလောက်သည့် ရှင်းလင်းသေချာမှုမရှိ 


လေဝင်လေထွက်ကောင်းမွန်မှုနှင့် ပတ်သက်၍ သိပ္ပံပညာရှင်များသည် လုံလောက်သည့် ရှင်းလင်း သေချာမှုများမရှိသေးဟု  ပြင်သစ်သိပ္ပံကောင်စီမှ အာနတ် ဖွန်တာနက်က ပြောသည်။ သိပ္ပံပညာရှင် များအနေဖြင့်  ကာကွယ်မှုနည်းလမ်းများအကြောင်း ပြောသည့်အခါ လေဝင်လေထွက်ကောင်းမွန်ခြင်းမှာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ကြောင်း လူထု ကို   ရှင်းလင်းအောင်    အသိပေးရမည်ဟုလည်း ၎င်းက အေအက်ဖ်ပီသို့ ပြောသည်။ 

 


နှာခေါင်းစည်းတပ်ဆင်ရန် အမိန့်ထုတ်လာ 


ကနဦးအစပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးအပါအဝင် အစိုးရများက ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်းမှာ လူနာများနှင့်  တွေ့ဆုံသည့်အခါ၊ ရင်းနှီးသည့်ဆွေမျိုး မိတ်ဆွေများနှင့် တွေ့ဆုံသည့် အခါတွင်သာ တပ်ဆင်ရန်  အကြံပြုခဲ့ကြသည်။ အများပြည်သူနှင့်   သက်ဆိုင်သည့်  နေရာများသို့ သွားရောက်သည့်အခါ   ပါးစပ်၊  နှာခေါင်းစည်း တပ်ဆင်ကြရန်   တိုက်တွန်းမှုမျိုး မရှိပေ။ ၂၀၂၀ ပြည့်နှစ် နွေဦးသို့ရောက်ရှိသည့်အခါ မူဝါဒပြောင်းလဲ မှုဖြစ်ပေါ်ခဲ့ပြီး  ကပ်ရောဂါကို   တွန်းလှန်နိုင်ရေး အတွက်   အရေးကြီးသည့်လက်နက်မှာ   ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်းဖြစ်လာသည်။ အချို့ သောနေရာများတွင် မဖြစ်မနေ  ပါးစပ်၊ နှာခေါင်း စည်း တပ်ဆင်ရန် အမိန့်ထုတ်မှုများရှိလာသည်။

 


လူ့အသက်ပေါင်းများစွာနုတ်ယူခဲ့ 


ပိုမို၍ ကူးစက်မှုလျင်မြန်သော    မျိုးကွဲများ ပေါ်ပေါက်လာသည့်အခါတွင်မူ အလုံပိတ်အခန်းများ ၌  လူစုလူဝေးပြုလုပ်သည့်အခါ  FFP2  သို့မဟုတ် N95 ကဲ့သို့သော နှာခေါင်းစည်းတပ်ဆင်ရန်   သိပ္ပံ ပညာရှင်အချို့က  အကြံပြုလာသည်။ ကိုဗစ် - ၁၉  သည်  လွန်ခဲ့သည့်  နှစ်နှစ်က စတင်ပေါ်ပေါက် လာသည့်အချိန်မှ စတင်ကာ လူ့အသက်ပေါင်း များစွာကို    နုတ်ယူခဲ့ပြီးဖြစ်သည်။    ထို့နောက် ကာကွယ်ဆေးထုတ်လုပ်မှုများ      ပြုလုပ်ခဲ့ပြီး တစ်ကမ္ဘာလုံးအနှံ့   ကာကွယ်ဆေးထိုးနှံမှုများ စတင်လာခဲ့သည်။ 

 


ညီမျှမှုမရှိ 


ကာကွယ်ဆေးထုတ်လုပ်မှုကို လျင်လျင်မြန်မြန် လုပ်ဆောင်နိုင်ခဲ့ပြီး  ရှေးယခင်ကနှင့်  နှိုင်းယှဉ်လျှင် အဆပေါင်းများစွာပို၍ လျင်မြန်သည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်  တစ်ကမ္ဘာလုံးဆိုင်ရာ  ကာကွယ်ဆေး ထိုးနှံမှုများ စတင်လုပ်ဆောင်သည့်ကာလမှ စတင် ကာ တစ်ကမ္ဘာလုံးရှိ လူဦးရေ၏ တစ်ဝက်နီးပါးကို ကိုဗစ် -၁၉ ကာကွယ်ဆေး အပြည့်ထိုးပေးပြီးဖြစ် သည်ဟု အောက်စဖို့ဒ်တက္ကသိုလ်၏  ဝက်ဘ်ဆိုက်မှ ဖော်ပြသည့် အချက်အလက်များအရ သိရသည်။ 

 


သို့သော်လည်း     ဆင်းရဲသည့်နိုင်ငံများနှင့် ချမ်းသာသည့်နိုင်ငံများအကြား    ကာကွယ်ဆေး ဖြန့်ဝေမှုတွင်  ညီမျှမှုမရှိသည့်အတွက် ကာကွယ် ဆေးထိုးပေးရာတွင်    အနှောင့်အယှက်အဟန့် အတားများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။

 


ကာကွယ်ဆေးစုဆောင်းမှုရပ်တန့်ရန် တောင်းဆို 


ကမ္ဘာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို ဇူလိုင်လ အတွင်း  ကာကွယ်ဆေးထိုးပေးလိုသည်ဟု    ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး၏   ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ်အက်ဒ်ဟာနွန်ဂီဘရီယက်ဆုက  ပြော သည်။ ချမ်းသာသည့် နိုင်ငံကြီးများ ကာကွယ်ဆေးဝယ်ယူစုဆောင်းမှုများကို ရပ်တန့်ရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။ ကာကွယ်ဆေးရရှိမှု မညီမျှမှုကို သာ  အဆုံးသတ်နိုင်ပါက  ကပ်ရောဂါကိုလည်း အဆုံးသတ်နိုင်မည်ဖြစ်သည်ဟု ၎င်းကပြောသည်။ 

 


အစွမ်းထက်မှုလျော့ကျလာ 


ကိုဗစ် -၁၉ ကာကွယ်ဆေးမှာ   ပြင်းထန်သည့် ရောဂါလက္ခဏာများကို အကာအကွယ်ပေးရာတွင် ကြီးမားသည့် ထိရောက်မှုရှိသည်။ သို့သော်လည်း လူထုကြားတွင်   ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို  မရပ် တန့်နိုင်သည့်အတွက်  ကပ်ရောဂါကို အဆုံးသတ် အောင်    လုပ်ရာတွင်မူ    အကျိုးသက်ရောက်မှု အနည်းငယ်သာရှိသည်။ ကာကွယ်ဆေးထိုးပြီး အချိန်ကြာလာသည့်နှင့်အမျှ အစွမ်းထက်မှုမှာလည်း လျော့ကျလာသည်။

 


လက်ဝါးကြီးအုပ်ထားမည်ကို စိုးရိမ်နေရ 


ကိုဗစ် -၁၉ မျိုးကွဲအိုမီခရွန်မှာ ယခင် မျိုးကွဲများ ထက် ပို၍ပျော့ပျောင်းသည်ဟု  သက်သေပြချက် များ များပြားလာသော်လည်း ချမ်းသာသည့်နိုင်ငံ များကမူ  ကိုဗစ် -၁၉ ကာကွယ်ဆေး အပိုဆောင်း ထိုးနိုင်ရေးကိုသာ  ဦးတည်ပြီး  ပြည်သူများအကြား ကူးစက်မှုကို  ရပ်တန့်ရန်   ကြိုးပမ်းလာကြသည်။ ကာကွယ်မှုလျော့နည်းသည့်     ဆင်းရဲသော တိုင်းပြည်များတွင်    ရောဂါပျံ့နှံ့မှုဖြစ်ပွားနေလျှင် တောင်မှ ချမ်းသာသည့်နိုင်ငံများက ကာကွယ်ဆေး ကို   လက်ဝါးကြီးအုပ်ထားမည်ကို     စိုးရိမ်နေကြ ရသည်။ 

 


ဆက်လက်လုပ်ဆောင်နေရဦးမည် 


တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ပေးခြင်း၏ အစွမ်းထက်မှုမှာလည်း မည်မျှခံမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ကာကွယ်ဆေးမှာ  ကမ္ဘာတစ်ဝန်းရှိ    ဆင်းရဲသည့်နိုင်ငံများသို့လည်း ရောက်ရှိနိုင်ရမည်ဟု  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ၏     ကိုဗစ် -၁၉   ဆိုင်ရာ    ကျွမ်းကျင်ပညာရှင် ဗန်ကာ့ခ်ဟိုဗာက ပြောသည်။ ပြည်သူ့ကျန်းမာရေး အတွက်   ပါးစပ်၊    နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ဆေးစစ်ခြင်းနှင့်     သီးခြားခွဲနေထိုင်ခြင်းတို့မှာ ဆက်လက်လုပ်ဆောင်နေရဦးမည်ဖြစ်သည်။      ။


ကိုးကား - အေအက်ဖ်ပီ