
ဝန်းသို ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းကို မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ အခမဲ့ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်သည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီ ၁ ရက်မှစ၍ သင်တန်း ကာလ တစ်လကြာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတွင် သင်တန်းသူ ၁၀ ဦး လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းတွင် သင်ထောက်ကူ ပစ္စည်းများ၊ သင်တန်းကြေးများကို အခမဲ့ ထောက်ပံ့သင်ကြားပေး မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှူး ဦးမြတ်မျိုးထွန်းက ပြောသည်။
ဝန်းသိုမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် သုံးကြိမ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ငါးကြိမ်၊ ၂၀၁၈-၂၀၁၉ မီနီဘတ်ဂျက်တွင် တစ်ကြိမ်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ငါးကြိမ်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သုံးကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ ကာလတွင် သင်တန်းသုံးကြိမ်ဖွင့်လှစ်ရန် လျာထားခဲ့ရာ သင်တန်း နှစ်ကြိမ်ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ ယခုအခါ ကျန်ရှိသည့် အဆင့်မြင့်စက်ချုပ် သင်တန်းတစ်ခုဖွင့်လှစ်ရန် သင်တန်းသူများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)