
ရန်ကုန် ဇန်နဝါရီ ၅
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပသော (၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် မြို့ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာ ဓမ္မသဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ (ဝဋံသကာ ပါဠိ သိရော မဏိ) အမှူးပြုသော တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယအဖွဲ့ ဆရာတော်ကြီး များ၊ ပုစ္ဆကဆရာတော်ကြီးများ၊ ကြီးကြပ်ရေး ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအေးထွန်းနှင့် တာဝန် ရှိသူများ တက်ရောက်ကြည်ညို ကြသည်။
ငါးပါးသီလခံယူ
ဖွင့်ပွဲ အခမ်းအနားတွင် ဧည့်ပရိသတ်များက တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး အဖွဲ့၊ သြဝါဒါစရိယ ဥက္ကဋ္ဌ ဆရာ တော်၊ ရန်ကုန်မြို့ လှိုင်သာယာ မြို့နယ် သာသနာ့ဂုဏ်ရည် ကျောင်း ဆရာတော် (အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တပညိဿရာ ဘိဝံသ ဆရာ တော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွား သရဇ္စျာယ်တော်မူသည့် ပရိတ် တရားတော်များကို နာယူ ကြည်ညိုကြသည်။
ဆက်လက်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဗန်းမော်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသက စာဖြေ သံဃာ အရှင်သူမြတ်တို့သည် မြတ်စွာဘုရားရှင်၏ သာသနာ တော် သုံးရပ်တွင် ရေကန်ကြီးနှင့် နှိုင်းယှဉ်ပါက ကန်ပေါင်ရိုးနှင့် ပမာတူပြီး သစ်ပင်ကြီးနှင့် နှိုင်းယှဉ်ပါက ရေသောက်မြစ်နှင့် ပမာတူသော ပရိယတ္တိသာသနာ တော်ကို အခါလေးမြင့် ရှည်ကြာ တင့်အောင် မြှောက်ပင့်အားပေး မည်ဟူသော မြင့်မြတ်သော ရည်သန်ချက်ဖြင့် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲကြီးသို့ ဝင်ရောက်ဖြေဆိုရန်၊ ပရိယတ္တိ စာပေ ပြဋ္ဌာန်းကျမ်းစာများကို အားထုတ်ဆည်းပူးပြီး ဖြေဆိုရန် အသင့်ရှိနေကြပြီဖြစ်ပါ၍ ဘုရား တပည့်တော်တို့အနေဖြင့်လည်း ဝမ်းမြောက်ပီတိ သာဓုအနုမော ဒနာ ခေါ်ဆိုလျက်ရှိပါကြောင်း ဦးစွာပဏာမ လျှောက်ထားအပ် ကြောင်း။
သတ်မှတ်ပြဋ္ဌာန်းထား
သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားအောင် ဆောင် ရွက်ကြရာ၌ ပရိယတ္တိသာသနာ တော်သည် အခြေခံအရင်းမူလ အကျဆုံးဖြစ်သည်ကို သိရှိတော် မူကြ၍လည်းကောင်း၊ ထိုပရိယတ္တိ သာသနာတော်တွင်လည်း ဝိနည်း သာသနာတော်သည် သာလွန်၍ အခြေခံအရင်း မူလကျသည်ကို ဆင်ခြင်သိမြင်တော်မူ၍ လည်း ကောင်း၊ တိပိဋကကောဝိဒ လောင်းလျာစာဖြေပွဲဝင် အရှင် မြတ်များသည် အရည်အချင်း ပြည့်ဝသည့် သုတဗုဒ္ဓများ စင်စစ် ဖြစ်စေရမည်ဟူသော မြော်မြင် ချက်ကြီးစွာဖြင့် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲကြီး၌ ဝိနယပိဋကကို ဦးစွာပထမ ဖြေဆို ရသည့် ကျမ်းစာအဖြစ် သတ်မှတ် ပြဋ္ဌာန်းထားသည်ကို ကောင်းစွာ သိရှိကြပြီးဖြစ်ပါကြောင်း။
မှန်ကန်စွာဟောပြောပို့ချ
ဝိနယပိဋကသည် ရဟန်း တော်များအတွက် ကိုယ်နှင့် နှုတ် ကို ယဉ်ကျေးအောင် ညွှန်ပြသော တရားဖြစ်ပါကြောင်း၊ ဝိနည်း ပညတ်တော်အတိုင်း ပြောဆို နေထိုင်သော ရဟန်းသံဃာတော် အား သာသနာတော်ကို ကြည်ညို ပြီးသောသူများက ပို၍လေးစား ကြည်ညိုကြပါကြောင်း၊ ရဟန်း သာမဏေဟူသော အဖြစ်သည်ပင် ဝိနည်းဒေသနာတော် စည်းကမ်း အတိုင်း စီစဉ်ပြုလုပ်မှ အစစ်အမှန် ဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် “ဝိနည်းသည် သာသနာတော်၏ အသက်” ဟု ရှေးဆရာတော် အရှင်မြတ်တို့ အသိအမှတ်ပြုခဲ့ ကြပါကြောင်း၊ လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့ ချမ်းသာရကြောင်း အဆုံးအမကောင်း ဖြစ်သည့် သာသနာတော် မြတ်ကြီးကို အားထားတော်မူခဲ့သည့် မြတ်စွာ ဘုရားသည် သာသနာတော်မြတ် ကြီး၏ ဆုတ်ယုတ်ကွယ်ပျောက် ကြောင်း တရားများနှင့် သန့်ရှင်း တည်တံ့ကြောင်း တရားများကို ထိုထို ဒေသနာအားလျော်စွာ အများအပြား ဟောကြားတော်မူ ခဲ့ရာဝယ် အင်္ဂုတ္တိုရ်ပါဠိတော်၊ ဧကနိပါတ အဓမ္မဝဂ်တွင် “ယေ တေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ အဓမ္မောတိ ဒီပေန္တိ” အစရှိသည် ဖြင့် ဟောကြားတော်မူခဲ့ရာ အဓမ္မ ကို အဓမ္မဟုပြသော ရဟန်း၊ ဓမ္မကို ဓမ္မဟုပြသော ရဟန်း၊ ဝိနည်း မဟုတ်သည်ကို ဝိနည်း မဟုတ်ဟု ပြသောရဟန်း၊ ဝိနည်းကို ဝိနည်း ဟု ပြသောရဟန်းတို့သည် လူနတ် တို့၏ အကျိုးစီးပွား ချမ်းသာများ ရန် ကျင့်ကြံကြကုန်သည်ဖြစ်၍ ဤသာသနာတော် ကိုလည်း အကြာ အရှည်တည်စေသည် မည်ကုန်၏ဟု ပါရှိပါကြောင်း၊ ဤသို့သော တရားတော်အရ အဓမ္မကို အဓမ္မ၊ ဓမ္မကို ဓမ္မ၊ အဝိနယကို အဝိနယ၊ ဝိနယကို ဝိနယဟု အမှန်အတိုင်း ဟောပြော ပို့ချသင်ပြနိုင်ဖို့ရန်မှာ သုံးဖြာ သော ပိဋကတ်ကို သင်ယူ ကျက်မှတ် တတ်သိနားလည်မှု ရှိမှသာ ဖြစ်နိုင်ပါကြောင်း၊ ယခု အရှင်မြတ်တို့ ဖြေဆိုကြမည့် ဝိနယပိဋက၊ သုတ္တန္တပိဋက၊ အဘိ ဓမ္မပိဋကဟူသော သုံးဖြာသော ပိဋကတ် ကျမ်းစာအရပ်ရပ်တို့ သည် အရှင်မြတ်တို့၏ မှန်ကန် သော ကျင့်ကြံနိုင်မှုနှင့် တပည့် ဒါယကာ ဒါယိကာမအပေါင်း သူတော်ကောင်း တို့ကိုလည်း မှန်ကန်စွာဟောပြောပို့ချ သင်ပြ နိုင်မှု၏ ပဓာနအကြောင်း ကောင်း မြတ်သည့် အခြေခံဖြစ်ပါကြောင်း၊ ထို့ပြင်တစ်ရပ် “သာသနဋ္ဌိတိယာ ပန ပရိယတ္တိ ပမာဏံ” သာသနာ တည်ဖို့ရန်မှာ ပရိယတ္တိသည် ပဓာနဖြစ်ကြောင်း၊ အရှင်မြတ်တို့ သင်ယူကျက်မှတ် လေ့လာအပ် သော ပရိယတ္တိသည် လူနတ်တို့၏ အကျိုးစီးပွား ချမ်းသာများရန် ဖြစ်သည့်အပြင် သာသနာတော် အရှည်ခံ့၍ တည်တံ့ခြင်း၏ ပဓာန အကြောင်း ဖြစ်သောကြောင့် “ငါတို့သည် လူနတ်တို့၏ အကျိုး စီးပွားများကြောင်း သာသနာ တော် တည်တံ့ကြောင်းအမှုကို ပြုမိလေပြီ” ဟု ဉာဏ်ဖြင့်ရှုကာ အခါခါရွှင်လန်း ဝမ်းမြောက်ကြ ရပါကြောင်း။
အချင်းချင်းအမှီပြု
အရှင်မြတ်တို့ဘက်မှ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ငါးဖြာသောအား ကိုယ်၌ထား လျက် ဘုရားဟောလတ် ပိဋကတ် ကို ကျက်မှတ်ပြန်ဆိုရေးဖြေတော် မူကြသကဲ့သို့ နိုင်ငံတော်အစိုးရ ဘက်ကလည်း တိပိဋကဓရ တိပိဋ က ကောဝိဒရွေးချယ်ရေးစာမေးပွဲ ကြီး ကျင်းပခြင်း၏ ရည်ရွယ်ချက် သုံးမျိုးတွင် “ပရိယတ္တိသာသနာ တော်ကြီးကို အားပေးချီးမြှောက် ရာ၌ အထက်တန်းအကျဆုံး ချီးမြှောက်ရန်” ဟူသောရည်ရွယ် ချက်ရှိသည့်အားလျော်စွာ ပစ္စယာ နုဂ္ဂဟအဝဝဖြင့် ချီးမြှင့်ကော်ရော် ပူဇော်လျက် ရှိနေသည်ကိုလည်း အရှင်မြတ်တို့ အသိပင်ဖြစ်ပါ ကြောင်း၊ မြတ်စွာဘုရားရှင်က လည်း သာသနာတော်ကြီးကို ရဟန်းတော်များက ဓမ္မာနုဂ္ဂဟ တရားဖြင့် ချီးမြှောက်ကြရန်၊ ဒါယကာ ဒါယိကာမများက အာမိ သာနုဂ္ဂဟ ပစ္စည်းဖြင့် ချီးမြှောက် ကြရန် တာဝန်ပေးဝေတော်မူခဲ့ပါ ကြောင်း၊ သို့ဖြစ်ပါ၍ သံဃာတော် အရှင်မြတ်များအား ပစ္စည်း လေးပါးတို့ဖြင့် မပင်မပန်း ချမ်းချမ်း သာသာ သာသနာပြုနိုင်ရန် အရေးသည် ငါတို့တာဝန်ဖြစ် သည်ဟု နှလုံးသွင်းကာ သားစဉ် မြေးဆက် မပျက်မကွက်ဘဲ ဆက်လက် ထောက်ပံ့သွားကြရန် မှာလည်း လူဒါယကာ ဒါယိကာမ များ၏ တာဝန်ဖြစ်ပါကြောင်း၊ မြတ်စွာဘုရားရှင်သည် “သာဂါရာ အနဂါရာ စ၊ ဥဘော အညော ညနိဿိတာ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမံ အနုတ္တရံ (ဣတိ ဝုတ္တက၊ ၂၇၀)” ဟူ၍ ဆရာ ဒကာ ညီညွတ်ကြပါက လူဒါယကာ ဒါယိကာမများနှင့် ရဟန်းတော် များအချင်းချင်းအမှီပြု၍ သဒ္ဓမ္မ သုံးဖြာ သာသနာတော်ကို အောင်မြင်စွာ ပြီးမြောက်စေနိုင် ကြောင်းကို ဟောတော်မူခဲ့ပါ ကြောင်း၊ မြတ်စွာဘုရားရှင် ဟောတော်မူအပ်သော ယင်း ဂါထာတော်ကိုပင် “သာဂါရာ အန ဂါရာ စ၊ ဥဘော အညောညနိဿိ တာ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂ က္ခေမံ အနုတ္တရံ” ဟု အာသီသ ပတ္တနာပြု၍ နိဂုံးချုပ်အပ်ပါ ကြောင်း “သာရဏီယဩဝါဒ ကထာ” မိန့်ကြားတော်မူသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအေးထွန်းက သာသနာရေး ဆိုင်ရာများ လျှောက်ထားပြီး လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင် မင်းကျောင်း ပထမပြန်စာသင်တိုက်၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းလောင်း အမျှပေးဝေကြ သည်။
ဆက်ကပ်လှူဒါန်း
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုတို့က လှူဒါန်းသည့် နေ့ဆွမ်းကို တိပိ ဋကဓရ တိပိဋကကောဝိဒ သြဝါဒါ စရိယအဖွဲ့ ဆရာတော်ကြီးများ၊ ပုစ္ဆက ဆရာတော်ကြီးများ၊ ကြီးကြပ်ရေး ဆရာတော်ကြီးများ နှင့် (၇၄) ကြိမ်မြောက် တိပိဋက ဓရ တိပိဋကကောဝိဒ ရွေးချယ် ရေး စာမေးပွဲဖြေဆိုတော်မူကြ သော စာဖြေသံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယ ဆရာတော်ကြီးများကို သင်္ကန်း စသော လှူဖွယ်ခြင်းနှင့် နဝကမ္မ အလှူတော်ငွေများကို ဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် တာဝန်ရှိသူများ သည် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာ ပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ (၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေး စာမေးပွဲ ဖြေဆိုတော်မူကြသော အဘိဓမ္မာ (ရှေ့ပိုင်း) စာဖြေသံဃာ ၆ ပါး၊ အဘိဓမ္မာ (နောက်ပိုင်း) စာဖြေသံဃာ ၆ ပါး၊ ဒီဃနိကာယ် စာဖြေသံဃာ ၂၇ ပါးနှင့် ဝိနည်း (ရှေ့ပိုင်း) စာဖြေသံဃာ ၈၇ ပါး စုစုပေါင်း စာဖြေသံဃာတော် ၁၂၆ ပါးတို့အား ဖူးမြော်ကြည်ညို သည်။
အဆိုပါ (၇၄) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး (သဘောရေးဖြေ) စာမေးပွဲကြီးကို ဇန်နဝါရီ ၅ ရက်မှ ၉ ရက်အထိ ငါးရက်တိုင်တိုင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာ အေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး စာဖြေ သံဃာ ၁၉၂ ပါး ဝင်ရောက်ဖြေဆို မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်