ထာဝရငြိမ်းချမ်းရေးရရှိစေရေးအတွက် စုပေါင်းအင်အားဖြင့် ကြိုးပမ်းဖော်ဆောင်ရယူ၍ ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံမှ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရမည်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံမှ
၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

 

ချစ်ကြည်လေးစားရပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ ခင်ဗျား-


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်အခါသမယတွင် နိုင်ငံတော်အတွင်း  မှီတင်းနေထိုင်လျက်ရှိကြသော တိုင်းရင်းသားပြည်သူအပေါင်းတို့အား ကျန်းမာရွှင်လန်းပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်ဝ ကြပါစေကြောင်း ချစ်ကြည်လေးစားစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။


မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားညီအစ်ကို မောင်နှမများသည် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ပြီး စည်းလုံး ညီညွတ်စွာ စုပေါင်းနေထိုင်ကြသည့် သမိုင်းကြောင်းအစဉ်အလာ ကောင်းများရှိခဲ့သည့်အပြင် ရှေးပဝေသဏီကပင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့်   ကမ္ဘာ့အလယ်တွင်   လွတ်လပ်၍   အချုပ်အခြာ အာဏာပိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဝင့်ထည်စွာ ရပ်တည်ခဲ့ကြ ပါသည်။ 


b ရှေ့ဖုံးမှ


သို့ရာတွင် ကမ္ဘာတစ်ဝန်းလွှမ်းမိုးကြီးစိုးလာ သော ကိုလိုနီစနစ်ဆိုးကြောင့် မြန်မာနိုင်ငံသည် လည်း  အချို့သော  နိုင်ငံများကဲ့သို့  (၁၉)ရာစု နှောင်းပိုင်းမှစ၍  ကိုလိုနီနယ်ချဲ့တို့၏  မတရား ကျူးကျော်သိမ်းပိုက်ခြင်းခံခဲ့ရပြီး    နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်     အချုပ်အခြာအာဏာကို လက်လွတ်ဆုံးရှုံးခဲ့ရပါသည်။
ပြန်လည်ရယူနိုင်ခဲ့


အေးအတူပူအမျှ အတူတကွ ယှဉ်တွဲနေထိုင် ခဲ့ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားများ သည်   စည်းလုံးညီညွတ်သော   ပြည်ထောင်စု စိတ်ဓာတ်ဖြင့်  ကိုလိုနီနယ်ချဲ့တို့ကို  သက်စွန့် ကြိုးပမ်း တွန်းလှန်တိုက်ခိုက်ခဲ့ခြင်းကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်  နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်     အချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင်ခဲ့ကြပြီး    ယခုအခါ   (၇၄)နှစ် တိုင်ခဲ့ပြီဖြစ်ပါသည်။ 


နိုင်ငံတော်အနေဖြင့် လွတ်လပ်ရေးဆုံးရှုံးရန် အတွက် ရက်ပိုင်းလပိုင်းမျှသာ ကြာမြင့်နိုင်သော် လည်း ဆုံးရှုံးသွားသည့်လွတ်လပ်ရေးကို ပြန်လည် ရယူရန်အတွက် ကြိုးပမ်းရာတွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရပါသည်။ အသက်ပေါင်းများစွာလည်း ပေးဆပ်ခဲ့ရပါသည်။ နိုင်ငံတစ်နိုင်ငံတွင် လွတ်လပ် ရေးဆုံးရှုံးရသည်ထက် ကြီးမားသည့်ဆုံးရှုံးမှု မရှိ သောကြောင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံသားအားလုံးတွင် ထိန်းသိမ်းစောင့်ရှောက်ရန် အပြည့်အဝ တာဝန် ရှိပါသည်။ 


မြန်မာနိုင်ငံလွတ်လပ်ရေး ပြန်လည်ရရှိခဲ့ပြီး နောက် နယ်ချဲ့တို့၏ နှစ်ပေါင်းတစ်ရာကျော် အုပ်ချုပ် ခဲ့သည့်  တောင်တန်းမြေပြန့်  သွေးခွဲအုပ်ချုပ်ခဲ့မှု ကြောင့် တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမ  အချင်းချင်းတို့အကြား ယုံကြည်မှုလျော့နည်းခဲ့ပြီး သံသယစိတ်ဓာတ်များဖြင့် လက်နက်ကိုင်ပဋိပက္ခ များ ဖြစ်ပေါ်လာကာ ပြည်တွင်းငြိမ်းချမ်းရေးအား ထိပါးလာခဲ့ပါသည်။ ထိုအချိန်တွင် ဖဆပလအဖွဲ့ သည် နိုင်ငံ၌ အားအကောင်းဆုံးသော နိုင်ငံရေး အဖွဲ့ကြီးဖြစ်ခဲ့သော်လည်း      နောက်ပိုင်းတွင် ခေါင်းဆောင်များအတွင်း သဘောထားကွဲလွဲမှုများ ကြောင့် နိုင်ငံအခြေအနေများ ယိမ်းယိုင်ခဲ့ရပါသည်။ ဖဆပလအတွင်း ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ပြည်သူ့ ရဲဘော်အစရှိသော နိုင်ငံရေးခံယူချက်မတူသည့် အဖွဲ့အစည်းများဖြင့်  စုစည်းတည်ဆောက်နိုင်ခဲ့ သော်လည်း   နောက်ပိုင်းတွင်  အစုအဖွဲ့လိုက် သဘောထားကွဲပြားမှု၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုင်ရာ တည်ဆောက်မှုတို့ကြောင့် စည်းရုံးရေးပြိုကွဲခဲ့ရ သည်။ အကျိုးဆက်အားဖြင့် ဖဆပလအတွင်း သူတစ်လူ၊ ငါတစ်မင်း အုပ်စုကွဲမှုများဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်သည် ဘေးကျပ်နံကျပ်ဖြစ်စေခဲ့ပါသည်။ 


နောက်ပိုင်းတွင်လည်း   ထိုကဲ့သို့  နိုင်ငံရေး အယူအဆနှင့် အယူဝါဒ ကွဲပြားမှုအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခတို့ကြောင့် နိုင်ငံတော် ၏   တည်ငြိမ်ရေးပါ   ထိပါးလာခဲ့သည့်အပြင် လွတ်လပ်ရေးရရှိပြီး ၇၄ နှစ် ရှိပြီဖြစ်သော်လည်း ထိုပဋိပက္ခများအား ဖြေရှင်းနေရသဖြင့် နိုင်ငံတော် ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်   နှိုင်းယှဉ်ပါက   ဖွံ့ဖြိုး တိုးတက်မှု နောက်ကျစေမှုကို ဖြစ်ပေါ်စေခဲ့ပါသည်။


သမိုင်းပေးတာဝန်တစ်ရပ်အဖြစ် ခံယူ


တိုင်းရင်းသား   ပြည်သူလူထုတစ်ရပ်လုံးက ကိုလိုနီစနစ်ဆိုး၏ ခါးသီးသော အတိတ်သမိုင်း အတွေ့အကြုံများကို သင်ခန်းစာယူကာ နိုင်ငံတော် ၏အကျိုးကို သယ်ပိုးဆောင်ရွက်ရာတွင် မတရား သွေးထိုးလှုံ့ဆော်မှုများ၊ ဖိအားပေးမှုများကို အမြဲ သတိပြုကြရန် လိုအပ်ပါသည်။ မိမိနိုင်ငံ၊ မိမိလူမျိုး နှင့် ဘာသာသာသနာတို့အပေါ် သစ္စာစောင့်သိပြီး ရင့်ကျက်သည့်   အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့်  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို နိုင်ငံသားတိုင်းက သမိုင်း ပေးတာဝန်တစ်ရပ်အဖြစ် ခံယူ၍ စည်းလုံးညီညွတ် စွာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားကြ ရမည်ဖြစ်ပါသည်။   သို့မှသာ  မြန်မာနိုင်ငံသည် လွတ်လပ်သော  အချုပ်အခြာအာဏာပိုင်  နိုင်ငံ တစ်နိုင်ငံအဖြစ် ကမ္ဘာတည်သရွေ့ ရပ်တည်သွား နိုင်မည် ဖြစ်ပါသည်။


စစ်မှန်၍   စည်းကမ်းပြည့်ဝသော   ပါတီစုံ ဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို  အခြေခံသည့် ပြည်ထောင်စုကို ပြည်ထောင်စုဖွားတိုင်းရင်းသား များအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက်ပေးကြရမည် ဖြစ်ပါသည်။ 
ထာဝရငြိမ်းချမ်းရေး    ရရှိစေရေးအတွက် စုပေါင်းအင်အားဖြင့် ကြိုးပမ်းဖော်ဆောင်ရယူ၍ ပြည်ထောင်စုကြီးတစ်ခုလုံး   ဘက်စုံထောင့်စုံမှ ဟန်ချက်ညီညီ     ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားကြရ မည်ဖြစ်ပါသည်။ 


ပူးပေါင်းဝိုင်းဝန်းဆောင်ရွက်


ထိုသို့ဆောင်ရွက်ရာ၌    ဒီမိုကရေစီအသွင် ကူးပြောင်းရေး        လမ်းကြောင်းမှန်ပေါ်တွင် ဆက်လက်ရှင်သန်    ထွန်းကားနိုင်ရေးအတွက် တပ်မတော်နှင့်အတူ တိုင်းရင်းသားပြည်သူများ နှင့်  သက်ဆိုင်ရာ  အဖွဲ့အစည်းများအားလုံးက တစ်သွေးတည်း၊ တစ်သားတည်း ပူးပေါင်းဝိုင်းဝန်း ဆောင်ရွက်ကြရန် လိုအပ်ကြပါသည်။ ကျွန်ုပ်တို့ နိုင်ငံသည် တည်နေရာ၊ ရာသီဥတုကောင်းနှင့် ရေခံ မြေခံကောင်းရှိသော နိုင်ငံတစ်ခုပင် ဖြစ်ပါသည်။ နိုင်ငံအတွင်းရှိ  ရှိပြီးသား  ၎င်းကဲ့သို့  သဘာဝ အခြေခံကောင်းများကို လူသားအရင်းအမြစ်နှင့် ပေါင်းစပ်၍ စနစ်တကျ အကျိုးရှိစွာ အသုံးချနိုင်ရန် လိုအပ်ပါသည်။     နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရအဖွဲ့သာမက ပြည်တွင်းရှိ နိုင်ငံရေး အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူများအားလုံး တက်ညီလက်ညီ  ပူးပေါင်းပါဝင်၍ ပြည်တွင်းစီးပွားရေးနှင့် ကုန်ထုတ် လုပ်မှုလုပ်ငန်းတို့အား အားတက်သရော ဆောင်ရွက် နိုင်ပါလျှင် ဖွံ့ဖြိုးတိုးတက်မှုများ မလွဲမသွေ ရရှိ ခံစားနိုင်မည်ဖြစ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ သည်  နိုင်ငံတော်၏  ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ် အဖြစ် နိုင်ငံတော်သာယာဝပြောရေးနှင့် စားရေ ရိက္ခာပေါများရေးကို ဦးတည်ဆောင်ရွက်နေပါသည်။ နိုင်ငံတော်သာယာဝပြောရေးဆိုရာ၌   နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊  တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့်  လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်မည်ဖြစ်ပါသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးအတွက်  နိုင်ငံတော်က  ကျင့်သုံးနေသည့်/ ကျင့်သုံးရန်ရည်မှန်းထားသည့်  နိုင်ငံရေးစနစ်နှင့် ဖြစ်ပေါ်နေသော နိုင်ငံရေးယဉ်ကျေးမှုတို့ (Political Culture) သဟဇာတဖြစ်ရန် လိုအပ်ပါသည်။ မြန်မာ နိုင်ငံ၏ ကျင့်သုံးနေသည့်/ ကျင့်သုံးရန် ရည်မှန်းထား သည့်  နိုင်ငံရေးစနစ်မှာ  စစ်မှန်စည်းကမ်းပြည့်ဝ သည့် ပါတီစုံဒီမိုကရေစီစနစ် ဖြစ်ပါသည်။ 


ဒီမိုကရေစီစနစ်ကို  ကျင့်သုံးနိုင်ရန်အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းအလိုက်၊ အဖွဲ့အစည်းအလိုက် နိုင်ငံရေးအသိအမြင်များ အားကောင်းရန် လိုအပ်ပါ သည်။ အားလုံးပါဝင်နိုင်သော၊ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုမှုကို ဖော်ထုတ်နိုင်သော နိုင်ငံရေးစနစ် တည်ဆောက်မှု  လိုအပ်ပါသည်။  ၎င်းအတွက် နိုင်ငံတော်အစိုးရအနေဖြင့် သက်ဆိုင်ရာနိုင်ငံရေးပါတီများနှင့်   ကျယ်ကျယ်ပြန့်ပြန့်   ဆွေးနွေး ဆောင်ရွက်လျက်ရှိပါသည်။ 


ပြည်သူလူထု၏  တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကိုထိခိုက်စေသည့် NUG နှင့် PDF အမည်ခံ  အကြမ်းဖက်အဖွဲ့များ၏   အကြမ်းဖက်လှုပ်ရှားမှု များအားလည်း   ထိရောက်စွာ ဟန့်တားနိုင်ရေး ပြည်သူလူထုနှင့် လက်တွဲဆောင်ရွက်လျက် ရှိပါ သည်။


ထာဝရငြိမ်းချမ်းရေးရရှိရေး


မြန်မာနိုင်ငံသည်   တိုင်းရင်းသားအားလုံးက စုစည်းတည်ထောင်ထားသည့် ပြည်ထောင်စုနိုင်ငံ ဖြစ်သည်နှင့်အညီ တိုင်းရင်းသားစည်းလုံးညီညွတ်မှု  တောင့်တင်းခိုင်မာရေးသည် နိုင်ငံတော်နှင့် ပြည်သူ လူထု၏ အမျိုးသားရေးအကျိုးစီးပွားပင် ဖြစ်ပါ သည်။ ကိုလိုနီခေတ်က ၎င်းတိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို ပျက်ပြား၍ ကျွန်သက်ရှည်အောင် ဆောင်ရွက်ခဲ့သည့်နည်းတူ မျက်မှောက်ကာလ၌ လည်း   ခေတ်သစ်ကိုလိုနီဝါဒီများက   ညီနောင် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု ပြိုကွဲ ၍  မြန်မာနိုင်ငံကို  ၎င်းတို့ လိုသလိုခြယ်လှယ်ခွင့် ရရန်  ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်ကို သတိရှိကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေ ဖြင့်   အယူအဆ၊   အယူဝါဒကွဲပြားမှုတို့ကြောင့် ဖြစ်ပေါ်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ များ၊ သွေးကွဲမှုများချုပ်ငြိမ်း၍ ရေရှည်တည်တံ့ခိုင်မြဲ သည့် ထာဝရငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်လျက် ရှိပါသည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြပါဟု တိုက်တွန်းလိုပါ သည်။


မြန်မာနိုင်ငံတွင်  ကျေးလက်နေပြည်သူ  ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး   အဓိကအသက်မွေးဝမ်း ကျောင်းမှာ စိုက်ပျိုး၊ မွေးမြူရေးကို အခြေခံသည့် လုပ်ငန်းများဖြစ်ပါသည်။      


ထို့ကြောင့် ပြည်သူ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် စားရေရိက္ခာဖူလုံရေးအား  ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာ၌  စားရေရိက္ခာ သည် အခြေခံလိုအပ်ချက်ဖြစ်ပြီး လူသားထု အသက်ရှင်  နေထိုင်ရေးအတွက်  နေ့စဉ်သုံးစွဲနေရ သဖြင့် လိုအပ်ချက် အမြဲရှိနေသော ပစ္စည်းများဖြစ်ပါ သည်။
စိုက်ပျိုး၊  မွေးမြူရေးလုပ်ငန်းများကို ခေတ်မီ နည်းစနစ်များသုံး၍  အထွက်နှုန်းများ  တိုးတက် ကောင်းမွန်စေရေး၊ စက်မှုလယ်ယာဖွံ့ဖြိုးတိုးတက် စေရေး    ဆောင်ရွက်သွားမည်   ဖြစ်ပါသည်။          တိုင်းရင်းသားပြည်သူတစ်ရပ်လုံး     တိုင်းပြည် သာယာဝပြောရေးနှင့်    စားရေရိက္ခာဖူလုံရေး ရည်မှန်းချက်များကို အင်တိုက်အားတိုက် လက်တွဲ ညီညီဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်အပ် ပါသည်။  ထိုဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်သည် နိုင်ငံတော်၏ ပကတိအရှိတရားလိုအပ်ချက်ပင် ဖြစ်ပါသည်။  ယနေ့အချိန်တွင်  တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ကိုဗစ်-၁၉ ကပ်ရောဂါအား ရင်ဆိုင်ကြုံတွေ့နေရသော ကာလဖြစ်ပါသည်။ 
ကိုဗစ်-၁၉ ကပ်ရောဂါအား ရင်ဆိုင်ကျော်လွှား နိုင်အောင်ကြိုးပမ်းရင်း  တိုင်းပြည်၏ပကတိအရှိ တရား လိုအပ်သည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ် ကိုလည်း  အကောင်အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသား သွေးချင်း ညီအစ်ကိုမောင်နှမများအားလုံး စစ်မှန် သော ပြည်ထောင်စုစိတ်ဓာတ်ကို  အခြေခံ၍ချစ်ခင် ညီညွတ်စွာ  ကြိုးပမ်းဆောင်ရွက်ရန်  အထူး အရေးကြီးလိုအပ်ပါသည်။ 


စစ်မှန်၍စည်းကမ်းပြည့်ဝသော   ပါတီစုံ ဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို  တည်ဆောက်နိုင်ရေးအတွက်         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏     ရှေ့ လုပ်ငန်းစဉ်(၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉)ရပ်တို့ကို  ဆက်လက်အကောင် အထည်ဖော်ရာတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး က  တွေ့ကြုံရသမျှ  အခက်အခဲများနှင့်  အနှောင့် အယှက်များကို  စုပေါင်းအင်အားဖြင့်   စည်းလုံး ညီညွတ်စွာ ရင်ဆိုင်ကျော်လွှားသွားကြရမည်ဖြစ်ပါသည်။ သို့မှသာ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို  စောင့်ရှောက်ဖော်ဆောင်၍ ကောင်းမွန်သန့်ရှင်းသော အစိုးရတစ်ရပ်နှင့် အုပ်ချုပ်မှု ပုံစံပေါ်ထွန်းလာစေမည်ဖြစ်ပါသည်။ 


ယနေ့ခေတ်သည်  ပညာခေတ်(Knowledge Age)ဖြစ်သည်နှင့်အညီ  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ပညာသည်သာ၊ အခရာ” ဖြစ်လျက် ရှိပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံအနေဖြင့် ပညာကိုအခြေပြု၍ နိုင်ငံတော်တည်ဆောက် ရေး(State Building)နှင့် တိုင်းပြည်တည်ဆောက် ရေး(Nation Building)ကို ဆောင်ရွက်နိုင်မှ ခေတ်နှင့် အညီ၊ ကမ္ဘာနှင့်အမီ  ရင်ပေါင်တန်းလျှောက်လှမ်း နိုင်မည်ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပြဋ္ဌာန်းချက် ၃၆၆ ၌ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော  ပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ (က) ပညာသင်ကြားပိုင်ခွင့်ရှိသည်။ (ခ) ဥပဒေဖြင့် ပြဋ္ဌာန်းသည့် မသင်မနေရ အခြေခံ ပညာများကို သင်ကြားရမည်” ဟု  ပြဋ္ဌာန်းထားပါ သည်။ 


နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားတိုင်း၊ ကျောင်းနေအရွယ် ကလေးငယ်တိုင်း Kg+9 (အခြေခံ ပညာအလယ်တန်း အဆင့်) အဆင့် ပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေး အလေးထားဆောင်ရွက်လျက် ရှိပါသည်။ ၎င်း Kg+9 အဆင့်အထိ အခြေခံပညာရေး ပြီးဆုံးမှသာ အသက်မွေးဝမ်းကျောင်းပညာများကို အနည်းဆုံးဆက်လက်  သင်ယူနိုင်မည်ဖြစ်သဖြင့် တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံ့အနာဂတ်ကို ရှေးရှုပြီး တက်ကြွစွာ  ဝိုင်းဝန်းအားပေးကြပါရန် နှိုးဆော်လိုပါသည်။ 
ပညာရေးသည် လောကဓံကို ကြုံတွေ့ကြရသည့် အခါ  အောင်မြင်စွာရင်ဆိုင်ကျော်လွှားနိုင်စေရန် လိုအပ်သော စိတ်နှင့်ရုပ်လက္ခဏာများ  တည်ဆောက် ပေးခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့်ပညာတတ် လျှင် ကျန်းမာအောင်နေတတ်လာလိမ့်မည်။ ပညာ တတ်လျှင် ချမ်းသာအောင်  နေတတ်လာလိမ့်မည် ဖြစ်ပါသည်။ ထို့ကြောင့် ပညာတတ်များ ပေါကြွယ်ဝ ရေး၊ ပညာကိုအခြေခံသည့် အသိပညာ၊ အတတ်ပညာ ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ  ပေါ်ထွက် လာစေရေး ဆက်လက်ဆောင်ရွက်ကြပါမည်။ မိမိတို့ပြည်သူပြည်သားများ၏  စွမ်းပကားဖြင့် နိုင်ငံတော်တိုးတက်အောင် ဆက်လက်စွမ်းဆောင် ကြပါစို့ဟု တိုက်တွန်းလိုပါသည်။
သို့ဖြစ်၍
-    ပြည်ထောင်စု မပြိုကွဲရေး၊   တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံးထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး၊
-    စစ်မှန်ပြီး    စည်းကမ်းပြည့်ဝသည့် ဒီမို ကရေစီစနစ်ကို စောင့်ရှောက်ဖော်ဆောင် ၍  ကောင်းမွန်သန့်ရှင်းသော   အစိုးရ တစ်ရပ်နှင့် အုပ်ချုပ်မှုပုံစံပေါ်ထွန်းလာ စေရေး၊
-    နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍     တိုင်းရင်းသားအားလုံး စည်းလုံးချစ်ခင်စွာ ပူးပေါင်းဆောင်ရွက် ရေး၊
-    ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေ သည့် ထာဝရ ငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဖော်ဆောင်ရေးဟူသော
၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၄)ရပ်ကို  အလေး အနက်ခံယူပြီး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ ကို အကောင်အထည်ဖော်ရာတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက  ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် တက်ညီလက်ညီ   ပူးပေါင်းပါဝင်ကြပါရန် မိမိတို့ သည်သမိုင်းတစ်ကွေ့တွင် စည်းလုံးညီညွတ်မှုပြိုကွဲ ခဲ့ခြင်း၊  အင်အားတောင့်တင်းသည့်   အမြဲတမ်း တပ်မတော်တစ်ရပ် မရှိခဲ့ခြင်းတို့ကြောင့် သူ့ကျွန် ဘဝနှင့်ရှင်သန်ခဲ့ရသည့်  ဘိုးဘွားဘီဘင်များ၏ ဖြစ်စဉ်များကို သင်ခန်းစာယူလျက် လွတ်လပ်ရေး ၏ တန်ဖိုးကို သိရှိနားလည်ကြပါရန် မျိုးဆက်သစ် များအနေဖြင့်   အတိတ်မှဖြစ်စဉ်များအပေါ် ဆင်ခြင်တုံတရားထားလျက် မိမိတို့ရရှိထားသော လွတ်လပ်ခြင်း၏တန်ဖိုးကို  သိရှိနားလည်ကာ အမိနိုင်ငံတော်၏အကျိုးကို    စွမ်းဆောင်နိုင် သလောက် ကိုယ်စီကိုယ်စီ  စွမ်းဆောင်သွားကြ စေရေး တိုက်တွန်းလျက် သဝဏ်လွှာပေးပို့အပ်ပါ သည်။


    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
    နိုင်ငံတော်ဝန်ကြီးချုပ်
    ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ