
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုဂုဏ်ပြုဆောင်းပါး
သုတေသီ(သမိုင်း)
မြန်မာနိုင်ငံ၏သမိုင်းကြောင်းသည် ရှည်လျားလှပြီး နှစ်ပေါင်းထောင်ချီ တည်တံ့ကြာမြင့်ခဲ့ပြီဖြစ်သည်။ နှစ်ပေါင်းထောင်ချီရှိသော သမိုင်းကြောင်းတွင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ မြို့ပြခေတ် ယဉ်ကျေးမှုထွန်းကားလာသည်အထိ သမိုင်းခြေရာကောက်၍ ရနေပေပြီ။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက တူးဖော်ခဲ့၍ အကြိုသမိုင်းခေတ် သာမက မြို့ပြယဉ်ကျေးမှုသမိုင်းခေတ်အထိ မိမိ တို့၏ ဘိုးဘွားများအကြောင်း သိခွင့်ရရှိနေပြီဖြစ် သည်။ အသေးငယ်ဆုံး မိသားစုစနစ်မှသည် နိုင်ငံ တော်ကြီးထူထောင်ပြီး ဝင့်ဝင့်ကြွားကြွား နေထိုင် နိုင်လာသည်အထိကို သမိုင်းလမ်းကြောင်း တစ်ဖြောင့်တစ်တန်းတည်း မြင်နေရပြီဖြစ်သည်။
မြန်မာ့သမိုင်းကြောင်း
မြန်မာနိုင်ငံတွင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် နောက် ဘီစီ ၂ ရာစုတွင် မြို့ပြယဉ်ကျေးမှု ထွန်းကားခဲ့သည်။ မြို့ပြယဉ်ကျေးမှု ထွန်းကားခဲ့ သည်များအနက် သရေခေတ္တရာ ပျူမြို့ဟောင်းသည် ပထမဆုံးသော လက်နက်နိုင်ငံတော်ဟု အသိအမှတ် ပြုရမည်ဖြစ်သည်။ ကွယ်လွန်သွားခဲ့ပြီဖြစ်သော သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းက သရေခေတ္တရာကို ပထမမြန်မာနိုင်ငံတော်အဖြစ် အသိအမှတ်ပြု တင်ပြခဲ့ပေသည်။ ဤသည်မှာ မြန်မာလူမျိုးတို့သည် ရှေးပဝေသဏီကပင် နယ်နိမိတ်ရှိသော ကိုယ်ပိုင်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်မှု၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားတို့ဖြင့် နေထိုင်လာခဲ့ကြခြင်းကို ပြသနေပေသည်။
သမိုင်းပညာရှင်အချို့က သရေခေတ္တရာကို ပထမမြန်မာနိုင်ငံတော်အဖြစ် အသိအမှတ်ပြု တင်ပြခဲ့ကြသော်လည်း ယနေ့အချိန်အထိ အများ က ပုဂံခေတ် အနိရုဒ္ဓမင်း(၁ဝ၄၄-၁ဝ၇၇) တည် ထောင်ခဲ့သော မြန်မာနိုင်ငံကို ပထမမြန်မာ နိုင်ငံတော်ဟု တညီတညွတ်တည်း အသိအမှတ် ပြု လက်ခံကြသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ သည် သမိုင်းအစမှာပင် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် စတင်ခဲ့ကြခြင်းဖြစ်သည်မှာ ထင်ရှားသောသမိုင်းပင် ဖြစ်သည်။ ပုဂံခေတ် ကုန်ဆုံးပြီးနောက် မြင်စိုင်း ပင်းယ စစ်ကိုင်းခေတ်၊ အင်းဝခေတ်၊ တောင်ငူ ဟံသာဝတီခေတ်၊ ညောင် ရမ်းခေတ်၊ ကုန်းဘောင်ခေတ်တိုင် အနိရုဒ္ဓမင်း စတင်ခဲ့သည့် ၁ဝ၄၄ ခုနှစ်မှ ကုန်းဘောင်ခေတ် (၁၇၅၂-၁၈၈၅) ဘကြီးတော်မင်းလက်ထက် အင်္ဂလိပ်နှင့် ၁၈၂၄ ခုနှစ် ပထမစစ်ပွဲဖြစ်ပွားပြီး ရန္တပိုစာချုပ်ဖြင့် စစ်ပြေငြိမ်းခဲ့သည့် ၁၈၂၆ ခုနှစ် အထိ နှစ်ပေါင်း ၇၈ဝ ကျော်အတွင်း ကိုယ့်ထီး ကိုယ့်နန်း ကိုယ်ကြငှန်းဖြင့် ဝင့်ဝင့်ကြွားကြွား နေထိုင်လာခဲ့ကြသည်မှာ သမိုင်းအထင်အရှား ရှိပေ သည်။
ကျူးကျော်စစ်သုံးပွဲ
ကုန်းဘောင်ခေတ် ဘကြီးတော်မင်းလက်ထက် ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်တွင် အင်္ဂလိပ်တို့သည် ပထမစစ်ပွဲဖန်တီးပြီး စစ်ပွဲကာလ နှစ်နှစ်အကြာ ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလ၂၄ ရက်တွင် မြင်းခြံခရိုင် ရန္တပိုရွာ၌ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆို၍ မြန်မာ နိုင်ငံ၏ ရခိုင်ဒေသနှင့် တနင်္သာရီဒေသကို သိမ်းပိုက် ခဲ့သည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို စတင်ထိပါးစော်ကားခြင်း ဖြစ်ပေသည်။ အင်္ဂလိပ်တို့သည် ပထမစစ်ပွဲနှင့်ပင် ရပ်မနေဘဲ ကုန်းဘောင်မင်းဆက် ပုဂံမင်းလက်ထက် ၁၈၅၂ ခုနှစ် ဧပြီလ ၅ ရက်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲ ဖြစ်ပွားခဲ့သည်။ စစ်ပွဲဖြစ်ပွားပြီး ရှစ်လအတွင်း ၁၈၅၂ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် အင်္ဂလိပ်တို့က အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ကြောင်း ကြေညာ ခဲ့သည်။ ထိုမှစ၍ အောက်မြန်မာနိုင်ငံသည် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် မဟုတ်တော့ ဘဲ ထီးသုဉ်းနန်းသုဉ်း ကြငှန်းသုဉ်း ဖြစ်ခဲ့ရလေသည်။ အင်္ဂလိပ်တို့သည် ထိုမျှနှင့်မရပ်ဘဲ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်တွင် အင်္ဂလိပ်တပ်များသည် မြန်မာ့နယ်စပ်ကို ဖြတ်ကျော်ကာ မန္တလေးသို့ ချီတက်လာခြင်းမှ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ ဖြစ်ပွားခဲ့သည်။ အင်္ဂလိပ်တပ်များသည် ၁၄ ရက် အတွင်း မန္တလေး နေပြည်တော်ကို ချီတက်သိမ်း ပိုက်၍ သီပေါမင်းကို နန်းချလိုက်ပြီး စစ်ပွဲ၏အဆုံး အဖြတ်ဖြင့်ပင် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက် တွင် မြန်မာနိုင်ငံသည် အင်္ဂလိပ်တို့ လက်တွင်းသို့ ရောက်ရှိသွားခဲ့ရလေသည်။ ဤသို့ဖြင့် မြန်မာ တစ်နိုင်ငံလုံး ထီးသုဉ်း နန်းသုဉ်း ကြငှန်းသုဉ်းလျက် ရှေးမြန်မာ့အစဉ်အလာ အုပ်ချုပ်ရေးစနစ်၊ လူမှုရေး စနစ်၊ စီးပွားရေးစနစ်နှင့် စီးပွားရေးအခြေအနေတို့ အသွင်သစ်သို့ ကူးပြောင်းရောက်ရှိသွားခဲ့ရတော့ သည်။
အချုပ်အခြာအာဏာ ဆုံးရှုံးရခြင်း
အင်္ဂလိပ်တို့သည် ကျုးကျော်စစ် သုံးကြိမ်ဖြင့် မြန်မာတစ်နိုင်ငံလုံး ကိုလိုနီဘဝသို့ သွတ်သွင်း လိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ လက်လွှတ်ဆုံးရှုံးသွားခဲ့ရလေသည်။ အချုပ်အခြာ အာဏာ လက်လွှတ်ဆုံးရှုံးသွားရပြီး သူ့ကျွန်ဘဝကို မနေလိုသည့် တိုင်းရင်းသားများ၏ ရင်တွင်းခံစား ချက်ကို ဆီးဘန်နီဆရာတော်က-
“ကုန်းဘောင်နေမီး၊ မထိန်ညီး၍၊ တိုင်းကြီးပြည် ကြီး၊ အချည်းနှီးလျှင်၊ ထီးသုဉ်းနန်းသုဉ်း၊ မြို့သုဉ်း သုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းနှစ်ရလစ်၊ သုညခေတ် ဝယ်၊ ဖြစ်လာရချေ၊ တို့တတွေသည်၊ သေသော်မှ တည့်၊ သြော်ကောင်း၏။”ဟူ၍ ဧကပိုဒ်ရတု စပ်ဆို ခဲ့လေသည်။ ဤဧကပိုဒ်ရတုကို ဖတ်ကြည့် ခံစား ကြည့်ပါက အချုပ်အခြာအာဏာ ဆုံးရှုံးရခြင်းသည် မည်မျှကြေကွဲဝမ်းနည်းဖွယ်ကောင်းကာ အလွန် တရာ ခံပြင်းပြီး ယူကျုံးမရဖြစ်ခဲ့သည်ကို မြန်မာ သမိုင်းတွင် အတိအလင်း မြင်နိုင်ပေသည်။
၁၈၈၅ ခုနှစ်တွင် လက်လွှတ်လိုက်ရသည့် လွတ်လပ်ရေးကို တိုင်းရင်းသားစည်းလုံး ညီညွတ် မှုအားဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် တွင် ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး ပြည်ထောင်စု စိတ်ဓာတ်ကို ပြသနိုင်ခဲ့၍ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်၌ လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာ ပိုင် နိုင်ငံတော်ကြီးကို ပြန်လည်ရယူနိုင်ခဲ့ပေသည်။ လွတ်လပ်ရေးအရယူနိုင်ရန် ကြိုးပမ်းခဲ့သော အချိန် ကာလကိုကြည့်ပါက အင်္ဂလိပ်-မြန်မာ ပထမစစ် စတင်ဖြစ်ပွားခဲ့သည့် ၁၈၂၄ ခုနှစ်မှ စတင်ရေတွက် လျှင် နှစ်ပေါင်း ၁၂ဝ ကျော် ကြာမြင့်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး ကိုလိုနီဘဝသို့ ကျရောက်ခဲ့သည့် ၁၈၈၅ ခုနှစ်မှ တွက်ကြည့်ပါက နှစ်ပေါင်း ၆ဝ ကျော် ကြာမြင့်ခဲ့ သည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ထိုသို့ လွတ်လပ် ရေးရရှိရန် ကြိုးပမ်းခဲ့ရာ၌ အလွယ်တကူ ရရှိခဲ့ခြင်း မဟုတ်ဘဲ ခက်ခဲကြမ်းတမ်းပြီး ဘဝပေါင်းများစွာ၊ အသက်ပေါင်းများစွာ၊ သွေးချွေးများစွာရင်းနှီးပြီးမှ ရရှိလာခြင်းဖြစ်သည်။
ထို့ကြောင့် ရရှိပြီးသော လွတ်လပ်ရေးကို တန်ဖိုးထားရန် လိုအပ်ပေသည်။ လွတ်လပ်ရေး၏ အရသာကို လွတ်လပ်ရေးဆုံးရှုံးသည့်အခါတွင်မှ နားလည်သဘောပေါက်လေ့ရှိကြသည်။ ထိုသို့ နားလည်လာသောအခါ အချိန်နှောင်းခဲ့ပြီး နောင်တ ရမဆုံး ရှိတတ်ကြသည်။ ဥပမာအားဖြင့် လူတစ်ဦး တစ်ယောက်သည် ကျန်းမာနေစဉ် မိမိကိုယ်မိမိ အဟုတ်ကြီးမှတ်လျက် မည်သည့်အခါမှ မကျန်း မမာ မဖြစ်နိုင်ဟု တွေးထင်လျက်ရှိကြသည်။ ထို့ကြောင့် ကျန်းမာရေးချို့တဲ့မည့် အမှားများကို ကျုးလွန်လာတတ်ကြရာမှ မကျန်းမမာဖြစ်လာကြ သည်။ ထိုအချိန်မှ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲဖြစ်လာ ကာ ကျန်းမာရေး၏ အရသာကို ပြန်လည်တောင့်တ တတ်ပေသည်။ လွတ်လပ်ရေးသည်လည်း ထိုနည်း ပင် ဖြစ်သည်။
လွတ်လပ်ရေး၏ တန်ဖိုး
ခြုံ၍ကြည့်ရလျှင် မြန်မာတို့သည် ပုဂံခေတ် အနိရုဒ္ဓမင်းလက်ထက်မှ အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲအပြီးအထိ နှစ်ပေါင်း ၇၈ဝ ကျော် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် နေထိုင်လာခဲ့ကြသည်။ ထိုမှ ဒုတိယ၊ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲများ ဖြစ်ပွားပြီး မြန်မာနိုင်ငံသည် ထီးသုဉ်း နန်းသုဉ်း ကြငှန်းသုဉ်းလျက် ကိုလိုနီဘဝ ရောက်ခဲ့ရသည်။ ထိုသို့ ကိုလိုနီဘဝသို့ ရောက်ရှိခဲ့ရသော အချိန် အတိုင်းအတာကို ကြည့်ပါက ပထမစစ်ပွဲသည် နှစ်နှစ်တာအတွင်းမှာပင် ရခိုင်နှင့်တနင်္သာရီကို သိမ်းပိုက်နိုင်ခဲ့သည်။ ဒုတိယစစ်ပွဲစတင်သည်မှ ရှစ်လအတွင်း အောက်မြန်မာနိုင်ငံကို သိမ်းပိုက်နိုင် ခဲ့သည်။ တတိယစစ်ပွဲသည် ၁၄ ရက်သာ ကြာခဲ့ပြီး မြန်မာတစ်နိုင်ငံလုံး ကိုလိုနီဘဝကျရောက်ခဲ့ရသည်။
မြန်မာတို့သည် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်း ဖြင့် လွတ်လွတ်လပ်လပ် နေထိုင်ခဲ့ကြစဉ်က လွတ်လပ်ရေး၏အရသာကို သိနိုင်မည်မဟုတ်ချေ။ လွတ်လပ်ရေးဆုံးရှုံးသွားပြီး ထီးသုဉ်းနန်းသုဉ်း ကြငှန်းသုဉ်းတော့မှသာ လွတ်လပ်ရေးကို တောင့်တ လာခဲ့ကြသည်။ လွတ်လပ်ရေး၏ တန်ဖိုးကို ဆုံးရှုံး သွားမှသာ တန်ဖိုးထားရကောင်းမှန်း သိလာတော့ သည်။ ထိုသို့ တန်ဖိုးထားရကောင်းမှန်းသိလာ၍ ဆုံးရှုံးသွားခဲ့သည့် လွတ်လပ်ရေးကို ပြန်လည်ရရှိ အောင် တိုင်းရင်းသားပြည်သူအပေါင်းက ကြိုးပမ်း ရသည်မှာ နှစ်ပေါင်းတစ်ရာကျော် ကြာမြင့်ပေသည်။ ထိုသို့ ဆုံးရှုံးသွားသော လွတ်လပ်ရေးကို ပြန်လည် ရရှိအောင် ကြိုးပမ်းရသည့်အခါတွင်မူ ဘဝပေါင်း များစွာ၊ အသက်ပေါင်းများစွာ စတေးရသည်၊ ရင်းနှီးရသည်။ အလွယ်တကူနှင့် ပြန်လည်ရနိုင်သည် မဟုတ်ပေ။
ထို့ကြောင့် လွတ်လပ်ရေးကို ဆုံးရှုံးလိုက်ရမှသာ တန်ဖိုးထားရကောင်းမှန်း သိကြသည်မျိုး မဟုတ်ဘဲ လွတ်လပ်ရေးရှိစဉ်ကပင် လွတ်လပ်ရေး၏တန်ဖိုးကို နားလည်သဘောပေါက်ကာ တိုင်းရင်းသားပြည်သူ အပေါင်းက ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရ မည်မှာ သမိုင်းပေး အမျိုးသားရေးတာဝန်တစ်ရပ်ပင် ဖြစ်ပေသည်။ ။
- Log in to post comments