Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်COVID-19 ရောဂါ ပြန့်ပွားမှုကို ထိထိရောက်ရောက်ထိန်းချုပ်နိုင်ရန် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်COVID-19 ရောဂါ ပြန့်ပွားမှုကို ထိထိရောက်ရောက်ထိန်းချုပ်နိုင်ရန် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များကို လိုက်နာရေးနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း

==============================================================================================

 

ကျွန်မတို့ ပြည်သူပြည်သားများအားလုံး ကျန်းမာချမ်းသာကြပါစေလို့ စတင်ပြီး တော့ ဆုတောင်းမေတ္တာပို့ပါတယ်။ အခု အချိန်မှာ ကျန်းမာဖို့ အထူးအရေးကြီးတယ် ဆိုတာလည်း အားလုံးနားလည်ပြီးသားလို့ထင်ပါတယ်။ အခု ကိုဗစ်ရောဂါဟာဆိုရင် ဩဂုတ် လဝက်လောက်ကနေ စပြီးတော့ တစ်ကျော့ပြန်ပြီး ထလာတယ်လို့ ပြောလို့ ရပါတယ်။

 

အခုဆိုရင် ရန်ကုန်တိုင်းမှာ အထူးပြန့်ပွားနေပါတယ်။ အဲဒါနဲ့ပတ်သက် လို့ ကျွန်မ အခုပြောတဲ့အချိန်မှာ ရန်ကုန်က ပြည်သူပြည်သားတွေကို အဓိကထားပြီး ကျွန်မပြောသွားမှာပါ။ ရခိုင်မှာ စစ်တွေဘက် ကနေစတဲ့ ရောဂါကို အခုအတော်အတန် ထိန်းနိုင်ပြီလို့ ပြောနိုင်ပါတယ်။ ဘာဖြစ် လို့လဲဆိုရင် စည်းမျဉ်းစည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ် သတ်မှတ်ပြီးတော့ ပြည်သူလူထုက လိုက်နာလို့ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့လည်း ကျွန်မအနေနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့တကွ ရခိုင်အစိုးရအဖွဲ့ရော၊ ပြည်သူပြည်သားတွေ အားလုံးရော ကျေးဇူးတင်တယ်လို့ ပြောချင် ပါတယ်။ ဒီလိုစည်းမျဉ်းစည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ်လိုက်နာမယ်ဆိုရင် ကျွန်မ တို့ ဒီရောဂါကို မထိန်းနိုင်စရာအကြောင်း မရှိပါဘူး။

 

အခု ရန်ကုန်တိုင်းနဲ့ ပတ်သက်ပြီး တော့လည်း ကျွန်မတို့ စည်းမျဉ်း စည်းကမ်းတွေ ထုတ်ထားပါတယ်။ ဒါကို တင်းကျပ်တယ်လို့ တချို့က ထင်ပါလိမ့် မယ်။

 

 

ဒါပေမယ့်လည်း ဒီလိုတင်းတင်းကျပ်ကျပ်နဲ့ နှစ်ပတ်၊ သုံးပတ်လောက် လိုက်နာလိုက်မယ် ဆိုရင် ကျွန်မတို့ ဒီရောဂါကို ထိန်းချုပ် နိုင်မယ့်အခြေအနေကို ရောက်လာမှာပါ။ အဲဒါကြောင့် အားလုံးကနေပြီးတော့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာကြပါ။ စည်း ဆိုကတည်းက စည်းဆိုတာ ဘာလဲဆိုတာ စဉ်းစားပါ။ စည်းဆိုတာ နံပါတ်(၁)က ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ နောက်ပြီးတော့ အပြင်ကလူတွေကိုလည်း ကာကွယ်ဖို့ဖြစ်ပါတယ်။ ကိုယ်စည်းမျဉ်း စည်းကမ်းကို လိုက်နာခြင်းအားဖြင့် ပထမ ဦးဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရာရောက်ပါ လိမ့်မယ်။

 

အခု ရန်ကုန်တိုင်းမှာ ပြန့်ပွားမှုဟာ အရင်မတ်လ၊ ဧပြီလတုန်းက ပြန့်ပွားမှုနဲ့ စာရင် အများကြီးပိုပြီးတော့ မြန်တယ်ဆိုတာ ပြည်သူတွေသိပြီးသား ဖြစ်ပါလိမ့်မယ်။ မြန်ရုံ တင်မကဘူး။ အခုနောက်ပိုင်းမှာဆိုရင် ကွယ်လွန်အနိစ္စရောက်တဲ့သူတွေလည်း အရင် နဲ့စာရင် မြန်လာတယ်လို့ပြောရပါလိမ့်မယ်။ အရင်တုန်းက (၆)ယောက်ပေါ့။ အခု(၈)ယောက်ဆိုတော့ (၁၄)ယောက်ရှိသွားပါပြီ။ နောက်ဖြစ်တဲ့ (၈)ယောက်ထဲမှာဆိုရင် (၂)ယောက်က အသက်လည်းမကြီးသေးပါဘူး။ အရွယ်ကောင်းတွေလို့ ပြောလို့ရတယ်။ တခြားဘာရောဂါအခံမှလည်း မရှိပါဘူး။ အဲဒါကြောင့် ကိုဗစ်ကြောင့်ပဲ အသက်ဆုံးရှုံး သွားရတယ်လို့ ကျွန်မတို့ဒီလိုပဲ ယူဆရပါ တယ်။ ဒါကြောင့် ကိုဗစ်ကဖြစ်တာဖြစ်ပါစေ။ အသက်မှ မထိခိုက်တာလို့ ဒီလိုပေါ့ပေါ့နဲ့ မစဉ်းစားပါနဲ့။ ရောဂါအခံရှိတဲ့သူတွေအတွက် တော့ အထူးအန္တရာယ်ရှိတယ်ဆိုတာတော့ ကျွန်မသေချာပြောချင်ပါတယ်။ အခုဆုံးပါး သွားတဲ့ သူတွေထဲမှာဆိုရင် ဆီးချိုနဲ့ သွေးတိုး အခံရှိတဲ့ ပြည်သူများ တော်တော်များပါတယ်။ ဆီးချိုနဲ့ သွေးတိုးအခံရှိပြီဆိုရင် ကိုဗစ်ရဲ့ အန္တရာယ်ကို မတွန်းလှန်နိုင်သလောက်ကို ဖြစ်သွားပါတယ်။ ဒါကြောင့်သတိထားကြပါ။ ကျန်းမာရေး အခြေခံမကောင်းတဲ့သူတွေ အထူးသတိထားကြပါ။ ကျန်တဲ့သူတွေလည်း သတိထားဖို့လိုပါတယ်။ နောက်ပြီးတော့ လည်း အခုနောက်ပိုင်းဖြစ်တဲ့သူတွေထဲမှာ ဆိုရင် ဆယ်ကျော်သက်အရွယ်တွေပါလာ တာလည်း ကျွန်မသတိထားမိပါတယ်။ (၁၆)နှစ်၊ (၁၅)နှစ်၊ (၁၈)နှစ်ပေါ့။ အရွယ်ကောင်း လေးတွေပေါ့။ အဲဒါကြောင့် အခုကိုဗစ်က အသက်အပိုင်းအခြားလည်းမရှိဘူး။ ရောဂါ အခံရှိတာ၊ မရှိတာကိုလည်း ခွဲခြားပြီးတော့ မြင်လို့မရတော့ဘူးဆိုတာ ကျွန်မတို့ နှလုံးသွင်းဖို့တော့ အင်မတန်မှ အရေးကြီးပါ တယ်။

ရန်ကုန်နဲ့ပတ်သက်ရင် အဓိကကတော့ အသွားအလာကန့်သတ်ဖို့ပါပဲ။ လူစုလူဝေး တွေ မဖြစ်ဖို့ပါပဲ။ အားလုံးကနေပြီးတော့ ခပ်ခွာခွာနေမယ်။ ကျွန်မတို့ သတ်မှတ်ထားတဲ့ အင်မတန်မှ လွယ်ကူပြီးတော့ ရှင်းလင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေဖြစ်တဲ့ အပြင်သွား ရင် နှာခေါင်းစည်းတပ်ပါ။ လက်အိတ်ဝတ်ရ မယ့် နေရာတွေမှာ လက်အိတ်ဝတ်ပါ။ အနည်း ဆုံး ခြောက်ပေကွာပြီးတော့ နေပါဆိုပြီးတော့ အဲဒီလိုသတ်မှတ်ချက်တွေကို လိုက်နာမယ်ဆို ရင် လူတိုင်းလူတိုင်း၊ တစ်ယောက်ချင်း တစ်ယောက်ချင်းစီက လိုက်နာမယ်ဆိုရင် ကျွန်မတို့ ဒီရောဂါကို မြန်မြန်ထိန်းချုပ်သွားနိုင်မှာပါ။ နောက်တစ်ခုကလည်း ကျွန်မတို့ ကနေပြီးတော့ လူစုလူဝေးမဖြစ်အောင်ဆိုပြီး စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်တဲ့နေရာ မှာ ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းကို ထိခိုက်တယ်ဆိုတာ ကျွန်မတို့ သတိပြုမိပါ တယ်။ ဒါကြောင့်လည်း အစိုးရအနေနဲ့ တတ်နိုင်သမျှ ဒီလိုထိခိုက်တဲ့ ပြည်သူတွေကို ပံ့ပိုးနိုင်အောင်လည်း စီစဉ်ပါတယ်။ လုပ်လည်းလုပ်ပါတယ်။ ဆက်ပြီးတော့လည်း လိုအပ်သလို လုပ်သွားပါမယ်။

 

ဒီလို ကိုဗစ်ကြောင့်၊ ကန့်သတ်ချက်တွေ ကြောင့် ကိုယ်ရဲ့နိစ္စဓူဝ အလုပ်တွေမှာ လုပ်ရတာ ခက်ခဲလာတယ်ဆိုတာတော့ သည်းခံရမယ့် ကိစ္စတစ်ခုပါ။ ကျွန်မတို့ စည်းမျဉ်းစည်းကမ်းတွေကို ကြပ်ကြပ် မတ်မတ် လိုက်နာလေလေ ဒီစည်းမျဉ်း စည်းကမ်းတွေကို မြန်မြန်ဆန်ဆန် ဖယ်ရှား ပေးနိုင်မှာဖြစ်ပါတယ်။ ရန်ကုန်မှာဆိုရင် ကျွန်မတို့ မြို့နယ်အချို့ကို အထူးသတိထားပြီး အိမ်အပြင်မထွက်ဖို့ သတ်မှတ်ထားပါတယ်။ ကျွန်မက နာမည်နဲ့ပြောရမယ်ဆိုရင် သင်္ဃန်း ကျွန်းမြို့နယ်ကို ပြောဖို့လိုပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်္ဃန်းကျွန်းမြို့နယ် မှာဆိုရင် ကိုဗစ်ရောဂါစွဲကပ်နေတဲ့ ပြည်သူ တွေများလို့ပါ။ အဲဒီလိုဖြစ်ရတဲ့ အကြောင်း ကလည်း ကာရာအိုကေနဲ့ဆိုင်တယ်လို့ ကျွန်မ တို့နားလည်ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် ကာရာအိုကေဆိုင်တွေမှာ ကာရာအိုကေ ဆိုရာကနေပြီးတော့ ပြန့်သွားတဲ့ကိစ္စပါ။ ဒီလိုဘာဖြစ်လို့ပြန့်သွားလဲဆိုတော့ နံပါတ်(၁)က လူစုလူဝေးပေါ့။ ကာရာအိုကေ ဆိုင်တွေ မှာဆိုရင် လူတွေများတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခြောက်ပေကွာပြီးတော့နေ တယ်ဆိုတာမရှိဘူး။ နောက်ပြီးတော့ သီချင်း ဆိုတဲ့အခါမှာဆိုရင် ဒါဟာ ပိုးမွှားတွေကို ပြန့်အောင်လို့လုပ်နိုင်တဲ့ အထိရောက်ဆုံး နည်းပဲလို့တောင် ပြောရမလားမသိပါဘူး။ အားလုံးသီချင်းဆိုကြတယ်။ နောက်ပြီး Microphone တွေကို တစ်ယောက်ပြီး တစ်ယောက်သုံးကြတယ်။ အဲဒီကနေပြီးတော့ ကူးစက်တာတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့က အခုဒီလိုဆိုင်တွေအားလုံးကို ပိတ်လိုက်ပါတယ်။ ပိတ်လိုက်တဲ့အခါမှာ ကျွန်မတို့က တစ်ဖက်သတ်ကြည့်တာ မဟုတ် ပါဘူး။ တစ်ဖက်က ဒီလိုဆိုင်တွေကိုပိတ်တဲ့ အခါ ဒီဆိုင်တွေကို အသက်မွေးဝမ်းကျောင်း အတွက် မှီဝဲနေရတဲ့ ပြည်သူတွေရှိတယ်ဆိုတာ ကျွန်မတို့ သဘောပေါက်ပါတယ်။ ဒါပေမယ့် လည်း ဒီပြည်သူတွေဟာ ရေတိုမှာ ဝင်ငွေ မရပ်သွားဘူးဆိုပေမယ့် ရေရှည်တောင် မဟုတ်ပါဘူး။ မကြာမီကာလအတွင်းမှာပဲ ရောဂါကူးစက်ပြီးတော့ ဆက်ပြီးတော့လည်း အလုပ်မလုပ်နိုင်တဲ့ အခြေအနေ၊ ကိုယ့်ကြောင့် လည်း တခြားသူတွေ၊ ကိုယ့်ရဲ့မိသားစုအပါ အဝင် ရောဂါကူးစက်သွားနိုင်တဲ့ အခြေအနေ တွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်မတို့က အခုဆိုရင် ကြပ်ကြပ်မတ်မတ် စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်ထားတာပါ။

နောက်ပြီးတော့ ခရီးသွားလာတာနဲ့ ပတ်သက်လို့ ပထမဦးဆုံး ရခိုင်မှာ ရောဂါ ပြန့်ပွားနေပြီ၊ စစ်တွေမှာ တော်တော်များများ တွေ့ပြီဆိုတာ သိတဲ့အခါမှာ ရခိုင်ဘက်ကနေ ပြီးတော့ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ် တွေကို ခရီးမထွက်ဖို့ဆိုပြီး ပိတ်ပင်လိုက်ပါ တယ်။ ပိတ်ပင်လိုက်တဲ့အခါ ရခိုင်ပြည်နယ်က ကျွန်မတို့ ပြည်သူတွေက ထွက်ချင်ကြတယ်။ ကျွန်မတို့က ထွက်ခွင့်မပေးဘူး။ အဲဒီတုန်းက ကျွန်မရှင်းပြပါတယ်။ ကျွန်မတို့ရဲ့ ရခိုင်က ပြည်သူတွေကို အငြိုးအတေးနဲ့လည်း မဟုတ် ပါဘူး။ ဒီလိုပြန့်သွားရင် အားလုံးအတွက် အန္တရာယ်ရှိတဲ့အပြင် တစ်တိုင်းပြည်လုံးမှာ ပြဿနာဖြစ်နေရင် ရခိုင်ပြည်နယ်အတွက် လည်း ဦးစားပေးပြီး သတ်သတ်မှတ်မှတ် လုပ်ပေးဖို့ ပိုပြီးတော့ ခက်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်မတို့က တကယ်ရောဂါ ပြန့်ပွားမှုများနေတဲ့ နေရာတွေကို ဦးစားပေး ပြီးတော့ သေသေချာချာလုပ်ပေးနိုင်အောင် ဒီလို ကန့်သတ်ရတာပါ။ အခုလည်း ရန်ကုန် တိုင်းမှာဆိုရင် ဒီလိုပါပဲ။ ရန်ကုန်တိုင်း အတွင်းမှာဆိုရင် တစ်တိုင်းပြည်လုံးမှာ ရောဂါ ပြန့်ပွားမှု အခြေအနေက အမြန်ဆုံးပဲဖြစ်ပါ တယ်။ အဲဒါကြောင့် ကျွန်မတို့ အကန့်အသတ် တွေ လုပ်တာပါ။ ရန်ကုန်တိုင်းပြင်ပကိုလည်း မလိုအပ်ဘဲနဲ့ မသွားပါနဲ့။ သွားရင်လည်း တခြားတိုင်းတွေ၊ ပြည်နယ်တွေက စည်းမျဉ်း စည်းကမ်းအရ စစ်ဆေးတာတို့၊ Quarantine လုပ်တာတို့ သတ်မှတ်ပါလိမ့်မယ်။ အဲဒီအခါ အဲဒီအတိုင်းပဲ လိုက်နာရမှာဖြစ်ပါတယ်။

 

ဒီချိန်မှာတော့ ငြိမ်ငြိမ်လေးနဲ့ ကိုယ့်အိမ် မှာကိုယ် နေနိုင်သမျှနေတာ အကောင်းဆုံး ပါပဲ။ ကိုယ့်အိမ်မှာကိုယ် နေနိုင်သမျှနေမယ် ဆိုတော့ ဈေးဝယ်သွားဖို့ကိစ္စကို တချို့က မေးပါလိမ့်မယ်။ ဈေးဝယ်သွားဖို့ဆိုတဲ့ ကိစ္စက တော့ မဖြစ်မနေ လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့ ပြည်သူတွေက နိစ္စဓူဝ စားရေးသောက်ရေးအတွက် ဈေးသွားဖို့ လိုတယ်ဆိုတာ ကျွန်မနားလည်ပါတယ်။ ဒါပေမယ့် ဈေးတွေမှာ အရင်သတ်မှတ်ထား တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပိုပြီးတော့ တင်းတင်းကျပ်ကျပ်လိုက်နာဖို့ကို ကျွန်မတို့ ဆောင်ရွက်ပါမယ်။ မလိုက်နာတဲ့သူတွေကို ကျွန်မတို့ ဥပဒေအရ အရေးယူရပါလိမ့်မယ်။ ဥပဒေဆိုတာ ကျွန်မခဏခဏပြောပါတယ်။ ပြည်သူကို ဒဏ်ပေးဖို့မဟုတ်ဘူး။ တကယ် တော့ ကျွန်မတို့ရဲ့ လူ့အသိုင်းအဝိုင်းရဲ့ တည်ငြိမ်မှု၊ အေးဆေးမှုကို ကာကွယ်ဖို့ဖြစ်ပါ တယ်။ ဒီလိုရောဂါအားလုံး ပြန့်ပွားသွားမယ် ဆိုရင် ကျွန်မတို့ လူ့အသိုင်းအဝိုင်းဟာ အများ ကြီး ထိခိုက်လာတဲ့အခါကျ တည်ငြိမ်မှုလည်း ရှိမှာ မဟုတ်ပါဘူး။ အေးငြိမ်းမှုလည်းရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ကနေပြီး တော့ စည်းမျဉ်းစည်းကမ်း မလိုက်နာရင် သဘာဝဘေးအန္တရာယ်ဥပဒေအရ အရေးယူ မယ်လို့ပြောတာက သဘာဝဘေးအန္တရာယ် ဥပဒေဟာ ကူးစက်ရောဂါဥပဒေထက် ပိုပြီး တော့ ပြင်းထန်ပါတယ်။ ဒီလိုပဲ ပြင်းပြင်းထန် ထန်လုပ်နိုင်မှ ကျွန်မတို့ဟာ ထိထိရောက် ရောက် ကိုဗစ်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင် မှာပါ။ ကျွန်မတို့ ဘာတွေရည်ရွယ်တယ်။ ဘာတွေလုပ်စေချင်တယ်ဆိုတာကို တစ်ချိန် လုံး ညွှန်ကြားချက်တွေ ထုတ်နေပါတယ်။ ဒီညွှန်ကြားချက်တွေကို ပြည်သူလူထုက သေချာလေ့လာစေချင်ပါတယ်။ ကျွန်မအနေ နဲ့ ဒီအချိန်မှာ အားလုံးကို ဖတ်ပြမှာ မဟုတ်ပါ ဘူး။ ဒါတွေဟာ ကျွန်မတို့ ရုပ်မြင်သံကြားမှာ လည်း မကြာခဏတင်ပါမယ်။ နောက်ပြီး သတင်းစာတွေထဲမှာလည်း ထည့်ပါမယ်။ အဲဒါတွေကို ပြည်သူတွေ လေ့လာစေချင်ပါ တယ်။ ဒီညွှန်ကြားချက်တွေကိုလည်း လိုက်နာစေချင်ပါတယ်။

 

အခုအချိန်မှာ နေပြည်တော်က နိုင်ငံရဲ့ အစိုးရရုံးစိုက်ရာနေရာဆိုပေမယ့် ရန်ကုန် ဆိုတာဟာ ကျွန်မတို့ပြည်သူတွေ တော်တော် များများရဲ့ နှလုံးသားထဲမှာ နှလုံးသားမြို့တော် ကြီးပါပဲ။ ဒါကြောင့် ဒီလိုမြို့တော်ကြီးကနေ ပြီးတော့ တကယ့်ကို ကောင်းတဲ့နမူနာ၊ စံအနေနဲ့ရပ်တည်ဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင်တောင်မှ ကျွန်မတို့ ထိန်းချုပ်နိုင်ပြီ။ ထိန်းချုပ်နိုင်တဲ့ အဆင့်ကို ရောက်လာပြီ။ ထိန်းချုပ်လို့ ပြီးစီး သွားပြီလို့ ပြောတာမဟုတ်ပါဘူး။ အဲဒီတော့ ကျွန်မတို့ရဲ့ ရန်ကုန်တိုင်းမှာ ဘာလို့မဖြစ်နိုင် ရမှာလဲ။ ကျွန်မတို့ ပြည်သူတွေရဲ့ နှလုံးသားထဲ က မြို့တော်ကြီးက ဘာဖြစ်လို့ ဒီကိစ္စကို အောင်အောင်မြင်မြင် မဆောင်ရွက်နိုင်ရမှာ လဲ။ အဲဒါကို ကြိုးစားကြပါ။ အားလုံးကနေပြီး တော့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာ ကြပါ။ စည်းမျဉ်းစည်းကမ်းတွေကလည်း စောစောက ကျွန်မပြောတဲ့အတိုင်းပဲ ခက်ခက် ခဲခဲ မဟုတ်ပါဘူး။ အင်မတန် ရိုးရှင်းပါတယ်။ ဘာကြောင့် ဒီလိုစည်းမျဉ်းစည်းကမ်းတွေကို သတ်မှတ်တယ်ဆိုတာ ပြည်သူတွေ နားလည် ဖို့လည်း ခက်ခဲတာမဟုတ်ပါဘူး။ ဒါကြောင့် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါ။ သိပ်ပြီးတော့ စိုးရိမ်မလွန်ပါနဲ့။ ဒါပေမယ့် သတိဆိုတာတော့ လွန်ကဲတယ် မရှိပါဘူး။ သတိတော့ အမြဲပဲချပ်ပါ။ ကျွန်မတို့ အတတ် နိုင်ဆုံး၊ အမြန်ဆုံး တင်းကျပ်တဲ့အခြေအနေက ပိုပြီးတော့ ဖြေလျှော့နိုင်အောင် ကြိုးစားသွား ပါမယ်။ ဒါပေမယ့် ကြိုးစားတဲ့နေရာမှာ ကျွန်မ ခဏခဏပြောတဲ့အတိုင်း ပြည်သူသာလျှင် အဓိကပါ။ ပြည်သူတွေပါဝင်မှ ကျွန်မတို့ရဲ့ ကြိုးစားမှုတွေက အောင်မြင်နိုင်မှာဖြစ်ပါ တယ်။ ဒါကြောင့် ရန်ကုန်သူ၊ ရန်ကုန်သားတွေ ကိုယ့်အစွမ်းကိုပြကြပါ။ ကိုဗစ်ကို ဘယ် လောက်မြန်မြန်၊ ဘယ်လောက် ထိထိရောက် ရောက် ထိန်းချုပ်နိုင်မလဲဆိုတာ ကျွန်မတို့ နိုင်ငံ တစ်နိုင်ငံလုံးတင်သာမက တစ်ကမ္ဘာလုံး ကနေ သိနိုင်အောင်လို့ အစွမ်းပြကြပါလို့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံး ကျန်းမာချမ်းသာကြပါစေ။