ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျဆင်းသွားသည့် နိုင်ငံ၏စီးပွားရေး ပြန်လည်တိုးတက်မှုရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

မကြာမီအချိန်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများကျင်းပနိုင်ပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အကျိုးကျေးဇူးများတိုးတက်ရရှိမည်ဟု မျှော်လင့် 
ပြည်ပသို့ ပို့ကုန်များတင်ပို့ရာတွင် ကုန်ကြမ်းတင်ပို့ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်တင်ပို့ ရောင်းချသွားကြရန်လို

 

နေပြည်တော်   ဒီဇင်ဘာ   ၃၀


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်     ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၄/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။


အစည်းအဝေးသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်  ဗိုလ်ချုပ်ကြီးမြထွန်းဦး၊  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးချစ်နိုင်၊  ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊   ဦးတင်ထွဋ်ဦး၊   ဦးလှမိုး၊   ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊  ဦးအောင်သန်းဦး၊  ဒေါက်တာချာလီသန်း၊  ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊   ဒေါက်တာပွင့်ဆန်း၊  ဒေါက်တာညွန့်ဖေ၊  ဒေါက်တာ မျိုးသိန်းကျော်၊  ဒေါက်တာသက်ခိုင်ဝင်း၊  ဦးမင်းသိန်းဇံ၊  ဦးရွှေလေး၊ ဒေါက်တာဒေါ်သက်သက်ခိုင်၊           ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်တို့ တက်ရောက်ကြသည်။ 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် အစိုးရတစ်ရပ်သည် အဓိကအားဖြင့်                           နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး နှင့် အုပ်ချုပ်ရေးဆိုင်ရာများကို ဆောင်ရွက်ရခြင်းဖြစ် သဖြင့် အစိုးရအဖွဲ့၏ လုပ်ဆောင်မှုများသည် အရေးကြီး ကြောင်း၊ မိမိတို့ တာဝန်ယူချိန်မှစ၍ ရှေ့လုပ်ငန်းစဉ် (၅)ရပ်  ချမှတ်ဆောင်ရွက်ခဲ့ပြီး   ရွေးကောက်ပွဲ ကော်မရှင်အား   ပြန်လည်ဖွဲ့စည်းခြင်း၊  မဲစာရင်းများ အား   ပြန်လည်စိစစ်ခြင်း၊    တာဝန်ရှိသူများအား ဖော်ထုတ်အရေးယူခြင်းများကို ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ      အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်ကို  တွေ့ရကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊   ထိန်းချုပ်၊   ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်း တာဝန်ရှိသူများက တက်ကြွစွာ ဖြင့် ဦးဆောင် ဆောင်ရွက်ခဲ့မှု၊ ပြည်သူများက ဝိုင်းဝန်း ကူညီဆောင်ရွက်မှုများနှင့်   စည်းကမ်းလိုက်နာပြီး ပူးပေါင်းဆောင်ရွက်မှု၊   အိမ်နီးချင်းနိုင်ငံများ၏ ကူညီပေးခဲ့မှုများကြောင့် ကိုဗစ် - ၁၉ တတိယလှိုင်း အား   အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီး ယခုအခါ ကူးစက်မှုနှုန်း များစွာလျော့နည်းလာပြီဖြစ်သဖြင့် အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် စည်းကမ်းချက်တချို့ကို တာဝန်ရှိသူ များနှင့် ဆွေးနွေးညှိနှိုင်း၍ ဖြေလျှော့ပေးမည်ဖြစ် ကြောင်း၊ သို့သော် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး (အိုမီခရွန်) ကူးစက်မှုအချို့ရှိခြင်းကြောင့် သတိထား ဆောင်ရွက်ရန်လိုကြောင်း၊     ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများဖြစ်ပွားခဲ့ချိန် အတွေ့အကြုံများကြောင့် ယခုအခါ ဆေးရုံများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးအတွက်   အောက်ဆီဂျင်နှင့် ကုသဆေးများအပြင်    အခြားလိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း။


ပုံမှန်ပြန်လည် လည်ပတ်လာပြီ


ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျဆင်း သွားသည့် နိုင်ငံ၏စီးပွားရေး ပြန်လည်တိုးတက်မှုရှိစေ ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည်     စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု များဆောင်ရွက်သည့် နိုင်ငံဖြစ်ခြင်းကြောင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို   ဦးစားပေးပြီး  အားပေး ဆောင်ရွက်ပေးလျက်ရှိသဖြင့် နိုင်ငံစီးပွားရေးအတွက် များစွာ အထောက်အကူပြုကြောင်း၊     အလားတူ စက်ရုံအလုပ်ရုံများအနေဖြင့်လည်း       ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ဆူပူအကြမ်းဖက်လုပ်ရပ်များ ကြောင့် စက်ရုံအလုပ်ရုံအချို့ ရပ်နားထားခဲ့ရသော် လည်း ယခုအခါ စက်ရုံအလုပ်ရုံအချို့မှလွဲ၍ စက်ရုံ အလုပ်ရုံအားလုံးနီးပါး ပြန်လည်ဖွင့်လှစ်ဆောင်ရွက် လျက်ရှိကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကျဆင်းသွားပြီဖြစ်သဖြင့် ခရီးသွားကဏ္ဍသည်လည်း ပြန်လည်လည်ပတ်လာပြီး အဆိုပါ  လုပ်ငန်းနှင့် ဆက်စပ်လျက်ရှိသည့် လုပ်ငန်းများအားလုံးနီးပါး ပုံမှန်ပြန်လည် လည်ပတ်လာပြီဖြစ်ကြောင်း၊ သို့သော် အချို့သောလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေးကန့်သတ်ချက်များကြောင့် ထိန်းသိမ်းဆောင်ရွက် နေရခြင်းများရှိကြောင်း၊ လုပ်ငန်းများပုံမှန်ပြန်လည် လည်ပတ်အောင်  ဆောင်ရွက်နိုင်ခြင်းဖြင့်  နိုင်ငံ၏ စီးပွားရေး ပြန်လည်နာလန်ထူလာအောင် ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း။


ပိုမိုတင်ပို့နိုင်ခဲ့


ငြိမ်းချမ်းရေးနှင့်ပတ်သက်၍   မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက်     အမြဲတမ်း ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါတွင် ညှိနှိုင်းမှုများကြောင့် မကြာမီအချိန်အတွင်း ငြိမ်းချမ်း ရေးဆွေးနွေးပွဲများကို ကျင်းပနိုင်ပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကျိုးကျေးဇူးများ  တိုးတက်ရရှိမည် ဟု မျှော်လင့်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ နောက်ဆုံး အချက်ဖြစ်သည့် လုပ်ဆောင်ဖွယ်ရာများ  လုပ်ဆောင် ပြီးပါက ရွေးကောက်ပွဲအသစ် ပြန်လည်ပြုလုပ်၍ အနိုင်ရရှိသည့်ပါတီအား အာဏာပြန်လည်လွှဲပြောင်း ပေးရန်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းများအားလုံး   အဆင်ပြေချောမွေ့စေရန် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံတကာ ၏ ပူးပေါင်းဆောင်ရွက်မှုများအပေါ်တွင်   များစွာ မူတည်ပြီး   မိမိတို့  အစိုးရတစ်ဖွဲ့တည်းအနေဖြင့် ဆောင်ရွက်၍မရကြောင်း၊   ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ ပထမအချက်မှ စတုတ္ထအချက်အထိ လုပ်ငန်းစဉ်များ သည် နောက်ဆုံးလုပ်ငန်းစဉ် ချောမွေ့စွာဖြင့်အောင်မြင် စေရေးအတွက်  လမ်းခင်းပေးထားခြင်းဖြစ်သဖြင့် အဆိုပါ  လုပ်ငန်းစဉ်လေးရပ်အား  ထိခိုက်အောင် ဆောင်ရွက်မည်ဆိုပါက   နောက်ဆုံးလုပ်ငန်းစဉ် အတွက် အဟန့်အတားဖြစ်စေနိုင်ကြောင်း၊ လက်ရှိ အခြေအနေတွင် မိမိတို့အနေဖြင့် မူဝါဒများပြောင်းလဲ မည် မဟုတ်ကြောင်း။ 


ပိုမိုတင်ပို့နိုင်ခဲ့


ပြီးခဲ့သည့်    အောက်တိုဘာ၊   နိုဝင်ဘာနှင့် ဒီဇင်ဘာ သုံးလတာကာလအတွင်း ပို့ကုန်များအထိုက် အလျောက်   တင်ပို့နိုင်ခဲ့ပြီး     ထိုသို့တင်ပို့ရာတွင် လယ်ယာထုတ်ကုန်များ   ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ သွင်းကုန်များနှင့် ပတ်သက်၍လည်း စားအုန်းဆီများ နှင့်    စက်သုံးဆီများတင်သွင်းမှုကို   ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ကြီးဌာနများအလိုက် စက်သုံးဆီများသုံးစွဲရာတွင်လည်း    လုပ်ငန်းကို မထိခိုက်စေဘဲ လျှော့ချ၍ရသည်များကို လျှော့ချ ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်သွယ်မှုအရ ရငွေများ ရရှိအောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ထုတ်ကုန် များယခုထက် ပိုမိုတင်ပို့နိုင်ရေး ဆောင်ရွက်ရန်လို ကြောင်း၊ ထို့ကြောင့် ပြည်ပသို့တင်ပို့သည့် ထုတ်ကုန် များအား အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက် ရန်လိုကြောင်း၊ အလားတူပြည်တွင်း၌လည်း အရည် အသွေးကောင်းမွန်ပြီး   ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်သည့် ထုတ်ကုန်များဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊   နိုင်ငံ၏  GDP ကို ကုန်သွယ်မှုလုပ်ငန်း တစ်ခုတည်းဖြင့် တွက်ချက်၍ မရသော်လည်း ကုန်သွယ်မှုပမာဏများပြားလာခြင်း ဖြင့် နိုင်ငံ၏ GDP တိုးတက်အောင် အထောက်အကူ ပြုနိုင်ကြောင်း၊ စားသောက်ကုန်နှင့် သုံးကုန်များထက် အခြားကုန်ထုတ်လုပ်မှုကို        ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြား သည်။


ပြောကြား


ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဝန်ကြီးဌာန များအလိုက် အချက်အလက်များ သိမ်းဆည်းထားရှိ ရန် လိုအပ်မှုနှင့်ပတ်သက်၍    ပြောကြားရာ၌ “ကျွန်တော်တို့တိုင်းပြည်မှာ တစ်ချက်ဘာလဲဆိုတော့  မနေ့က  စီးပွားရေးကော်မတီမှာလည်း ကျွန်တော် ပြောပါတယ်။ Data နဲ့ပတ်သက်တဲ့ အားနည်းချက် ကျွန်တော်တို့မှာရှိတယ်။  ကျွန်တော်တို့အစိုးရတင် မဟုတ်ပါဘူး။ ဟိုအရင် အစိုးရအဆက်ဆက်လည်း ဒီလိုပါပဲ။ Data နဲ့ ပတ်သက်တဲ့   အားနည်းချက်ရှိတယ်။  မှတ်တမ်းမှတ်ရာမရှိကြဘူး။ ကျွန်တော်တို့ သူများရဲ့ ကျွန်ဖြစ်ခဲ့တဲ့အတွက်ကြောင့်     ကျွန်တော်တို့ရဲ့ မှတ်တမ်းတွေ    ဖျက်ဆီးခံရတဲ့အတွက်ကြောင့် ပါပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ သမိုင်းမှတ်တမ်းတွေ မရှိဘူး။ အထောက်အထားတွေ တချို့ရှာရ တော်တော် ခက်ပါတယ်။ တချို့အချက်အလက်တွေက အင်္ဂလိပ် ကနေ ရေးသားထုတ်ဝေခဲ့တဲ့ အချက်အလက်တွေ အပေါ်မူတည်ပြီး ကျွန်တော်တို့ ပြန်ကြည့်ရတာရှိပါ တယ်။  ကျွန်တော်တို့ဆီက ထုတ်ပြန်တဲ့ အချက် အလက်တွေမှာ တချို့ပေပေါ်မှာရေးတဲ့ဟာတွေ။ ပေနဲ့တင်တာကျတော့လည်း    ဆေးကျမ်းတွေက ပိုများတယ်။  ကျန်တဲ့ဟာတွေ  ရှိသလားဆိုတော့ မရှိဘူးတော့မဟုတ်ဘူး   ရှိတော့ရှိတယ်။ သို့သော် ဆေးကျမ်းတွေက ပိုများပါတယ်။ အကြောင်းတစ်ခုခု သိချင်လို့ ကျွန်တော်တို့လိုက်ရှာပြီဆိုရင် တော်တော် ခက်ခက်ခဲခဲရှာရတယ်။   Data  တွေ။  ဒါကြောင့် ကျွန်တော်တို့   ဝန်ကြီးဌာနတွေအနေနဲ့  အချက် အလက်တွေကို သေချာလေးဆောင်ရွက်ပေးထားဖို့၊ မှတ်ထားပေးဖို့   လိုပါတယ်။  ပိုဆိုးတာကတော့ ကျွန်တော်တို့က    ရန်ကုန်ကနေ  နေပြည်တော်ကို ရုံးတွေပြောင်းတဲ့အခါမှာ အချက်အလက်တချို့ကို မလိုပါဘူးကွာဆိုပြီး    ထားပစ်ခဲ့တယ်။  အဲဒီလိုနဲ့ ကျွန်တော်တို့ကဖြစ်လာခဲ့တယ်။    အဲဒီတော့  ဒီမှာ ကြည့်လို့ရှိရင် တချို့သောအချက်အလက်တွေ ဒီမှာ မရှိဘူး။ တချို့က   ရန်ကုန်မှာရှိနေတယ်။  ဥပမာ- အမျိုးသားစာကြည့်တိုက်ဆိုရင်      တချို့စာရွက် စာတမ်းက      ရန်ကုန်မှာရှိတယ်။    ဒီမှာမရှိဘူး။ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး  ရန်ကုန်မှာတချို့ပစ္စည်း တွေရှိတယ်။ တချို့ပစ္စည်းတွေက ဒီမှာရှိတယ်။ မနေ့ တစ်နေ့ကပဲ   ပြင်ဦးလွင်ကိုသွားတော့   ပြင်ဦးလွင် ဘူတာမှာရှိတဲ့    အခန်းတစ်ခန်းကို  ကျွန်တော်က ငါ့ပြစမ်းပါဆိုပြီးပြောတော့ ပထမတော့ အဲဒီအခန်း ကို ပိတ်ထားတယ်။ ဖွင့်ပြစမ်းပါဆိုပြီး ဖွင့်ကြည့်တော့ အထဲမှာ ဟိုရှေးခေတ်ကဓာတ်ပုံတွေ သွားတွေ့တယ်။ မီးရထားစက်ခေါင်းပုံတွေ၊ ဘူတာပုံတွေ သွားတွေ့ တယ်။ သိပ်တန်ဖိုးရှိတယ်။ တော်တော်တန်ဖိုးရှိတဲ့ပုံ တွေ သွားတွေ့တယ်။ မှတ်တမ်းမှတ်ရာ ထားသိုမှုနဲ့ ပတ်သက်ပြီး တန်ဖိုးကို တချို့နားမလည်ဘူး။ ငါတို့ ဘယ်လိုပြောင်းလဲလာသလဲ။ ဘယ်လိုပြောင်းလဲလာ သလဲဆိုတာကိုသိဖို့လိုပါတယ်။ ငါတို့ဝန်ကြီးဌာနတွေ၊ ငါတို့ရဲ့လုပ်ဆောင်ချက်တွေ ဘယ်လိုပြောင်းလဲလာ သလဲ။ ငါတို့ နိုင်ငံရေး၊ စီးပွားရေး ဘယ်လိုပြောင်းလဲ လာသလဲ။   ငါတို့ရဲ့  စီးပွားရေးပုံစံတွေ ဘယ်လို ပြောင်းလဲလာသလဲ။  ဥပမာအားဖြင့် စိုက်ပျိုးရေး ဆိုရင် စပါးနဲ့ပတ်သက်ပြီး ဘယ်လိုပြောင်းလဲသွား သလဲ။ ပဲနဲ့ပတ်သက်ပြီး ဘယ်လိုပြောင်းလဲသွား သလဲ။  ဆီနဲ့ပတ်သက်ပြီး ဘယ်လိုပြောင်းလဲသွား သလဲ။ ရာဘာစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဘယ်လို ပြောင်းလဲသွားသလဲ။    ရာဘာထုတ်ကုန်ပစ္စည်း ဘယ်လိုပြောင်းလဲသွားသလဲ စသည်ဖြင့် ဒီလိုမျိုးက စပြီး  ကျွန်တော်တို့တိုင်းပြည်က  မှတ်တမ်းမှတ်ရာ ရှိဖို့လိုတယ်။ ဒီခေတ်ကပိုပြီးလွယ်ပါတယ်။ ဒီခေတ် က ကျွန်တော်တို့ လက်လှမ်းမီတယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ် နှစ်ခု၊  သုံးခုလောက်အထိ လှမ်းပြီး  Data ပြန်ကောက်လို့ရတယ်။ ဒါတွေက  လုပ်ထားပြီးရင် နောင် ၁၀ နှစ်၊ ၁၅ နှစ်ကျရင် နှစ်ပေါင်း ၅၀ ဖြစ်လာ မယ်။ ကျွန်တော်တို့က လွန်ခဲ့တဲ့ နှစ် ၃၀ က Data ကို ပြန်ကောက်နိုင်လို့ရှိရင် နောင်အနှစ် ၂၀ ကျရင် အဲဒီ Data သည် နှစ် ၅၀ ကြာတဲ့ Data ဖြစ်သွားမယ်။ အဲဒီ နှစ် ၅၀ အချိန်မှာ နောက် Data ကောက်တဲ့သူတွေ ကောက်တဲ့အခါ  နှစ် ၅၀ Data ကို ရတယ်ဆိုပြီး သူတို့မှာက ပိုတန်ဖိုးရှိတယ်။  ကျွန်တော်တို့အရှေ့က အဲဒီလို Data တွေ ထိန်းသိမ်းနိုင်မှုမရှိတဲ့အတွက် ကြောင့်  ကျွန်တော်တို့မှာ တော်တော်ခက်ခက်ခဲခဲ လုပ်ရတာရှိတယ်။ ဒါလေးတွေကို  ဝန်ကြီးဌာနတွေ အနေနဲ့   ဒီအားနည်းချက်ကိုပြင်ပေးဖို့  ကျွန်တော် ပြောလိုပါတယ်”ဟု ပြောကြားသည်။


ပထမဦးစားပေးဆောင်ရွက်လျက်ရှိ


ထို့နောက် မိမိတို့အစိုးရသည် အချိန်ကာလတို တစ်ခုအတွင်းသာ နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင် သည့် အစိုးရအဖွဲ့ဖြစ်သဖြင့် ရေရှည်လုပ်ငန်းများထက် လတ်တလော အကောင်အထည်ဖော်ဆောင်ရွက်၍ ရသည်များကိုသာ ဦးစားပေးဆောင်ရွက်ကြရန်လို ကြောင်း၊ အားကစားကဏ္ဍနှင့် ပို့ဆောင်ရေးကဏ္ဍတို့ တွင် ကာလတိုအတွင်း ဆောင်ရွက်၍ရသည်များကို ပထမဦးစားပေးဆောင်ရွက်လျက်ရှိပြီး ပညာရေး ကဏ္ဍနှင့် ပတ်သက်၍လည်း နိုင်ငံတော်၏ အမျိုးသား ပညာရေးစီမံကိန်း(နှစ်-၃၀)အတိုင်းသာ ဆောင်ရွက် လျက်ရှိကာ ယခင်ဆောင်ရွက်ခဲ့သည့်သင်ရိုးများမှ မိမိတို့နိုင်ငံ၏  လူမှုရေးစနစ်နှင့်  မကိုက်ညီသည် များကိုသာ     တည်းဖြတ်ဆောင်ရွက်ခြင်းများသာ ရှိကြောင်း၊    ဌာနဆိုင်ရာ   အဆောက်အဦများ တည်ဆောက်ရာတွင်လည်း အကုန်အကျသက်သာပြီး လက်တွေ့ဆောင်ရွက်နိုင်သည့် အဆောက်အဦများကို ပုံစံတူသာ      တည်ဆောက်ကြရန်လိုကြောင်း၊ အလားတူ တက္ကသိုလ်များ၊ စာသင်ဆောင်များ၊ ခန်းမ များနှင့် အားကစားခန်းမများ တည်ဆောက်ရာတွင် လည်း ရေရှည်အတွက်စဉ်းစားတွက်ချက်၍ စနစ် တကျဖြင့် တည်ဆောက်ကြရန်အတွက် တာဝန်ရှိသူ များက ကြပ်မတ်ကွပ်ကဲကြရန်လိုကြောင်း မှာကြား သည်။


ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြု ချက်ရယူကြသည်။


အခွန်အခများ ပြည့်ပြည့်ဝဝရရှိနိုင်ရေး


ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင်  တိုင်းပြည်၏ အခွန် အကောက်နှင့်ပတ်သက်၍  ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့်  စီးပွားရေးယန္တရားများ   တုံ့ဆိုင်းခဲ့ရပြီး အထွေထွေဝင်ငွေများ   လျော့နည်းမှုရှိခဲ့ကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် ရသင့်ရထိုက် သည့်   အခွန်အခများ   ပြည့်ပြည့်ဝဝရရှိနိုင်ရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊      အခွန်အခ လျှော့ပေါ့ပေးနိုင်ရေးကိစ္စရပ်များ   တင်ပြကြရာ တွင်လည်း ဖြစ်သင့်ဖြစ်ထိုက်သည့်၊ လျှော့ပေါ့သင့် လျှော့ပေါ့ထိုက်သည့်    အခြေအနေများရှိမှသာ သုံးသပ်တင်ပြ ဆောင်ရွက်ကြစေလိုကြောင်း။


ပြည်ပကုန်သွယ်မှုတွင်    ပိုငွေပြသော်လည်း နှစ်စဉ်ဘတ်ဂျက်ရေးဆွဲရာတွင် လိုငွေပြနေကြောင်း၊ ယင်းမှာ အခွန်အကောက်များ လျာထားချက်ပြည့်မီ စွာ မရရှိခြင်း၊   မြန်မာကျပ်ငွေနှင့်  နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထား ကွာဟချက်ရှိခြင်းတို့ကြောင့်ဖြစ် ကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံခြားသုံးငွေ နှင့်ပတ်သက်၍ တတ်နိုင်သမျှ ခြိုးခြံချွေတာကြရန်နှင့် နိုင်ငံခြားငွေပိုမိုရရှိစေရေး နည်းလမ်းများ ရှာဖွေ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်ပသို့ ပို့ကုန် များတင်ပို့ရာတွင်   ကုန်ကြမ်းတင်ပို့ရောင်းချခြင်း ထက်     တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်တင်ပို့  ရောင်းချသွားကြရန်လိုကြောင်း၊ တိုင်းပြည်၏   သယံဇာတပစ္စည်းများအား  ထိထိ ရောက်ရောက် အသုံးချ၍ တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်း များအဖြစ် ထုတ်လုပ်တင်ပို့နိုင်ရေး နည်းလမ်းရှာဖွေ ဆောင်ရွက်သွားကြရန်လိုကြောင်း။
ကုန်သွယ်ရောင်းဝယ်မှုများ ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံသုံး ယွမ်ငွေနှင့် မြန်မာကျပ်ငွေ တိုက်ရိုက် လဲလှယ်သုံးစွဲနိုင်ရန်   နှစ်နိုင်ငံ   သဘောတူစာချုပ် ချုပ်ဆို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့်လည်း   နှစ်နိုင်ငံသုံးငွေကြေးများ တိုက်ရိုက်လဲလှယ်သုံးစွဲနိုင်ရန်အတွက် သဘောတူညီ မှုများရရှိထားပြီးဖြစ်ပြီး ဆက်လက်ဆောင်ရွက်နေ ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည် မြော်တွေးပြီး ဆောင်ရွက်ကြရန်လိုကြောင်း။


ထိုးနှံပြီးစီး


ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ ဒီဇင်ဘာလတွင် နိုင်ငံလူဦးရေ၏ ၁၈ နှစ်နှင့်အထက် ၅၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးရန်လျာထားပြီး ကျန်းမာရေး ဝန်ကြီးဌာန၏တင်ပြချက်အရ ၁၈ နှစ်နှင့်အထက် ၅၁ ရာခိုင်နှုန်းကျော်နှင့် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူ ၈၇ ရာခိုင်နှုန်းကျော် ထိုးနှံပြီးစီးပြီဟု သိရကြောင်း၊ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသော် လည်း ကိုဗစ်စည်းမျဉ်းစည်းကမ်းများကို ဆက်လက် လိုက်နာသွားကြရန်နှင့် တစ်နိုင်ငံလုံး၏ အမျိုးသားရေး နှင့်ဆိုင်သော အမျိုးသား အကျိုးစီးပွားဖြစ်သည့် အတွက် တာဝန်ရှိသူများကလည်း ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
ဝန်ကြီးဌာနပိုင်  မြေနေရာများတွင် ကျူးကျော် နေထိုင်ခြင်းများမရှိစေရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ    လိုအပ်သလို   ကြိုတင်ထိန်းသိမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဥပဒေအတိုင်း ဆောင်ရွက်၍ရသည်များကို သက်ဆိုင်ရာဝန်ကြီးဌာန များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန်  လိုအပ် ကြောင်း၊ မူဝါဒပိုင်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ အလိုက် ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များ ရှိပြီးဖြစ်ကြောင်း၊ အဓိကမှာ နိုင်ငံ၏အကျိုးစီးပွားကို ဦးတည်ဖော်ဆောင်ရန် လိုအပ်ကြောင်း။ 


အကောင်းဆုံးလုပ်ဆောင်


၂၀၂၂  ခုနှစ်သည်   စိန်ရတုပြည်ထောင်စုနေ့၊ ၂၀၂၃ ခုနှစ်သည်   စိန်ရတုလွတ်လပ်ရေးနေ့တို့နှင့် တိုက်ဆိုင်နေကြောင်း၊       တိုင်းသူပြည်သားများ အနေဖြင့်   မိမိတို့နိုင်ငံအတွက်  နိုင်ငံချစ်စိတ်၊ ဇာတိမာန်တို့ဖြင့် ဂုဏ်ယူနေစေရန်အကောင်းဆုံး လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ အနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပိုမိုအလေးပေး ဆောင်ရွက်သွားကြရန်နှင့် စိန်ရတုအခမ်းအနားများ ဖြစ်မြောက်ရေးအတွက်          အကောင်းဆုံးပံ့ပိုး ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။          

 
သတင်းစဉ်