
နေပြည်တော် ဒီဇင်ဘာ ၃၀
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ အမှတ်(၁) ရေနံချက်စက်ရုံ (သန်လျင်)၊ ပင်မသိုလှောင် ဖြန့်ဖြူးရေးဌာန (ရန်ကုန်)၊ သာကေတ ကမ်းလွန် အခြေစိုက်စခန်းနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ(စိမ်းလဲ့မေ)တို့ကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ အမှတ် (၁) ရေနံချက်စက်ရုံ(သန်လျင်)၌ စက်ဆီ/ချောဆီ ရောစပ် စက်ရုံ၊ ရေလုံသင်္ဘောကျင်းရုံးအဆောက်အဦ၊ ဧည့်ရိပ်သာနှင့် သုတေသနနှင့်အမျိုးအစားစစ်ဆေး ရေးဌာနဓာတ်ခွဲခန်းများသို့ ကြည့်ရှုစစ်ဆေးသည်။
လိုအပ်သလို စစ်ဆေးပြုပြင်
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ သိုလှောင်ဖြန့်ဖြူးရေးဌာနကြီး(ရန်ကုန်)နှင့် ရေနံ ထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ကြီးကြပ် မှုအောက်ရှိ ဒုတိယစစ်ဆေးရေးအရာရှိချုပ်ရုံး (အောက်မြန်မာပြည်)တို့ကို ကြည့်ရှုစစ်ဆေးပြီး ရုံးအဆောက်အဦအတွင်းရှိ ရုံးခန်းများသန့်ရှင်းစေ ရေး၊ ဝိုင်ယာကြိုးများ စနစ်တကျထားရှိနိုင်ရေး လိုအပ်သလို စစ်ဆေးပြုပြင်ဆောင်ရွက်ရန်၊ လေးထပ် ရုံးအဆောက်အဦ၊ ခြံစည်းရိုးနှင့် မျက်နှာစာတို့ ဆေးသုတ်ရန်၊ ပြုပြင်ထိန်းသိမ်းရေး၊ ရုံးအတွင်းနှင့် ရုံးအပြင်ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ် သာယာလှပ စေရေးအတွက် စီမံဆောင်ရွက်ရန်၊ သန်လျက်စွန်း လမ်းမကြီးဘေးရှိ ရုံးအဆောက်အဦ၊ အရာထမ်း၊ အမှုထမ်းအိမ်ခန်းများ၊ ခြံစည်းရိုး များ၊ ခြံစည်းရိုးနှင့် ကားလမ်းမကြီးအကြား အမြင်တင့်တယ်စေရေး၊ သန့်ရှင်းသပ်ရပ်သာယာလှပစေရေး ဆောင်ရွက်ရန် မှာကြားသည်။
တိုးချဲ့တည်ဆောက်
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကြီးကြပ်မှု အောက်ရှိ ကမ်းလွန်အခြေစိုက်စခန်း(သာကေတ)နှင့် အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ)တို့ကို ကြည့်ရှုစစ်ဆေးရာ အထွေထွေမန်နေဂျာက သာကေတ ရေလုံသင်္ဘောကျင်းတိုးချဲ့တည်ဆောက်မည့် အခြေ အနေနှင့် လုပ်ငန်းဆောင်ရွက်မှုတို့အား ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက ရေလုံသင်္ဘောကျင်း တိုးချဲ့တည်ဆောက်မည့်မြေနေရာအား ရှင်းလင်း ထားရန်နှင့် စက်ပြင်အလုပ်ရုံအတွင်း နေ့စဉ်၊ အပတ် စဉ် ရှင်းနိုင်သမျှ ရှင်းလင်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်၊ အောက်မြန်မာပြည်ရုံးခွဲ(စိမ်းလဲ့မေ)ရုံးအတွင်းရှိ Data Center Room များအား သတ်မှတ်ထားသည့် နေရာအကျယ်အဝန်း၊ စံချိန် စံညွှန်းနှင့်ကိုက်ညီစွာ သိမ်းဆည်းအသုံးပြုနိုင်ရေး အတွက် အစီအမံနှင့် layout plan အား ရေးဆွဲ တင်ပြရန် မှာကြားပြီး ရုံးဝင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်