
နေပြည်တော် ဒီဇင်ဘာ ၂၉
(၃၃)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် သစ်တော သုတေသနဌာန စုဝေးခန်းမ၌ ကျင်းပ သည်။
အလွန်အရေးကြီး
ဖွင့်ပွဲတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွဲ့အစည်းတစ်ခု ရေရှည်ဖွံ့ဖြိုး တိုးတက်ရန်အတွက် သုတေသနနှင့် ပညာရေး (Research & Education) ဖွံ့ဖြိုးတိုးတက်ရန် အလွန်အရေးကြီး ကြောင်း၊ မြန်မာ့သစ်တောမူဝါဒတွင် “သစ်တောထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် သုတေသန လုပ်ငန်းသည် အရေးကြီးသည့် အခန်း ကဏ္ဍမှ ပါဝင်မှုကို အသိအမှတ်ပြုရေး”ကို အထူးအလေးပေး ဖော်ပြထားကြောင်း၊ သစ်တောသယံဇာတများ ရေရှည် တည်တံ့စွာ စီမံအုပ်ချုပ်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သတ္တုသယံဇာတ များကို ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေဘဲ စနစ်တကျ ထုတ်ယူသုံးစွဲပြီး နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ဟန်ချက်ညီညီ ဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် ပြဿနာ၊ အခက်အခဲနှင့်စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် အသုံးချ သုတေသန ( Applied Research) ကဏ္ဍသည် အရေးကြီးကြောင်း။
ယနေ့ ရင်ဆိုင်နေရသော သစ်တော နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည့် အတွက် ယင်းပြဿနာအရင်းအမြစ်များ ကို ဖြေရှင်းနိုင်မည့်နည်းလမ်းသစ်များ၊ ချဉ်းကပ်မှုပုံစံသစ်များကို သုတေသနပြု လေ့လာ ဖော်ထုတ်ကြရမည့်အပြင် သဘာဝကိုအခြေခံသည့် ဖြေရှင်းနည်း လမ်းများ (Natural based solution) ကိုလည်း သုတေသနပြု၍ ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများ ဖြေရှင်းနိုင်ရန် ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။
ကြိုးပမ်းဆောင်ရွက်
သုတေသီများကလည်း ယနေ့ ဆွေးနွေးအကြံပြုချက်များအပေါ် အခြေခံ ပြီး သက်ဆိုင်ရာနယ်ပယ်၊ ကဏ္ဍအလိုက် သုတေသနအပိုင်းမှ ဖြေရှင်းဆောင်ရွက် ရမည့်ကိစ္စရပ်များ၊ ပြဿနာရပ်များကို လေ့လာမှတ်သားပြီး သုတေသနလုပ်ငန်း များကို ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခင်းကျင်းပြသထားသော သုတေသန စာတမ်းများနှင့် ပိုစတာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
၂၆ စောင်ဖတ်ကြား
အဆိုပါအခမ်းအနားသို့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများ၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် သုတေသီများ တက်ရောက်ကြပြီး သုတေသန စာတမ်းဖတ်ပွဲကို ဒီဇင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင် ရေးရာဆိုင်ရာ သုတေသနစာတမ်း ၂၆ စောင် ဖတ်ကြားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်