အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် Covishield ကာကွယ်ဆေး ဒုတိယအသုတ်  ၆ ဒသမ ၇ သန်း doses ထပ်မံရောက်ရှိလာ

 

စုစုပေါင်း ကာကွယ်ဆေး  ၁၃ ဒသမ ၄ သန်း doses ရောက်ရှိပြီးဖြစ်
 

 

နေပြည်တော်  ဒီဇင်ဘာ   ၂၉  


ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉   ရောဂါကာကွယ် ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ဦးစားပေးအစီအစဉ်အလိုက် ကျေးလက်ဒေသများအထိ အားသွန်ခွန်စိုက်  ကျယ်ပြန့်စွာ  ထိုးနှံပေး လျက်ရှိသည်။  

   
ထိုသို့ ထိုးနှံပေးလျက်ရှိရာတွင် ကာကွယ်ဆေးများ ထပ်မံရောက်ရှိ မှုအနေဖြင့်  အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့်  Covishield အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်  ၆ ဒသမ ၇ သန်း doses သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ည ၉ နာရီ ၃၅ မိနစ်တွင်    ထပ်မံရောက်ရှိလာပြီဖြစ်ရာ    စုစုပေါင်း  ကာကွယ်ဆေး   ၁၃ ဒသမ ၄ သန်း doses ရောက်ရှိပြီးဖြစ်သည်။
အဆိုပါ ဒုတိယအသုတ်အဖြစ် ရောက်ရှိလာသည့်  ရောဂါကာကွယ် ဆေး Covishield  အမှတ်တံဆိပ်ကာကွယ်ဆေး   ၆ ဒသမ ၇ သန်း doses ကို   ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူသည်။

 


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့်  ဒီဇင်ဘာ ၂၈  ရက်အထိ အသက်  ၁၈ နှစ်နှင့် အထက်ရှိသူ  ၁၃ ဒသမ ၇၈ သန်းကို နှစ်ကြိမ်အပြည့်ထိုးနှံပေးခဲ့ပြီး  ၅ ဒသမ ၃၇ သန်းကို တစ်ကြိမ် ထိုးနှံ ပေးခဲ့ပြီး ဖြစ်သည်။

 


သို့ဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသည့် အသက် ၁၈  နှစ်နှင့်အထက်ရှိသူ  စုစုပေါင်း  ၁၉ ဒသမ ၁၅   သန်းခန့်ရှိပြီဖြစ်သောကြောင့်      ရည်မှန်းလူဦးရေအားလုံး၏   ၅၁  ရာခိုင်နှုန်းကျော်ကို ထိုးနှံပြီးစီးခဲ့ပြီး ဖြစ်သည်။

 


ထို့ပြင် အခြေခံပညာကျောင်းများတွင် အသက်  ၁၂ နှစ်နှင့် အထက် ရှိ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁ ဒသမ ၂၉ သန်းကို နှစ်ကြိမ်အပြည့်ထိုးနှံပေးခဲ့ပြီး   ၁၈၈၈၃၆ ဦး ကို တစ်ကြိမ်ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 


ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကို ဝယ်ယူခြင်းမှ  ၄၄ ဒသမ ၄  သန်းနှင့်  လှူဒါန်းမှုမှ  ၁၁ ဒသမ ၉၆ သန်းခန့် စုစုပေါင်း ၅၆ ဒသမ ၃၆ သန်းခန့်ရရှိပြီး ဖြစ်သည်။

 


လာမည့်  ၂၀၂၂ ခုနှစ်တွင်လည်း ကာကွယ်ဆေးလွှမ်းခြုံမှု  ပိုမို ကောင်းမွန်အောင် သတ်မှတ်ဦးတည်အုပ်စုများအလိုက်  ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


တိုက်တွန်းနှိုးဆော်


မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှုရရှိထားသူများ   အနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင်(သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာ  ကာကွယ်ဆေးထိုး စုရပ်များသို့ သွားရောက်၍   ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တက်ကြွစွာ   ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်  ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။ 


သတင်းစဉ်