
နေပြည်တော် ဒီဇင်ဘာ ၂၇
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ပျဉ်းမနား၊ ပုဗ္ဗသီရိနှင့် ဇေယျာသီရိ မြို့နယ်သမဝါယမအသင်းစုများက သမဝါယမအသင်းသား တောင်သူများ စိုက်ပျိုးခဲ့သော ဆင်းသုခနှင့် မဂျမ်းတောစပါးတင်းပေါင်း ၁၆၀၀ ဝယ်ယူခဲ့ပြီး ယခုအခါ ဒက္ခိဏသီရိမြို့နယ် သမဝါယမအသင်းစုက ဧရာမင်းစပါးတင်းပေါင်း ၂၀၀ ကို ဝယ်ယူခဲ့သည်။
ထို့ပြင် နေပြည်တော်အတွင်း မြို့နယ်အလိုက်၊ အသင်းအလိုက် စပါးဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်း များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာ တွင် တောင်သူများ စပါးများရောင်းချမှု အခက်အခဲမရှိစေဘဲ သင့်တင့် မျှတသော ဈေးနှုန်းများရရှိစေရန် ရည်ရွယ်၍ သမဝါယမကဏ္ဍက စပါးဝယ်ယူရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်