
ဘားအံ ဒီဇင်ဘာ ၂၆
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးခင်ဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက ဇွဲကပင်တောင် နှင့် ကြာအင်းတောင်ကြား ဘားအံ မြို့ရှောင်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
စံချိန်စံညွှန်းများနှင့်အညီ
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ ရဲသာကျေးရွာ အုပ်စု၊ မြို့ရှောင်လမ်း ဖောက်လုပ် ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိ ပြီး ဘားအံမြို့ရှောင်လမ်း၊ (၂ ဒသမ ၇၇၅ ကီလိုမီတာ - ၅ ဒသမ ၁ ကီလိုမီတာ) အတွင်း လုပ်ငန်း ဆောင်ရွက်မှု အခြေအနေနှင့် ဇွဲကပင်တောင်နှင့် ကြာအင်း တောင်ကြား ရဲသာကျေးရွာအုပ်စု မှ လှာကဒေါင်ကျေးရွာအုပ်စုသို့ ဘားအံမြို့ရှောင်လမ်း (၂ ဒသမ ၇၇၅ ကီလိုမီတာ - ၅ ဒသမ ၁ ကီလို မီတာ) အတွင်း လမ်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ များကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လမ်းရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်း များ၊ မြေထိန်းနံရံများ စနစ်တကျ ထည့်သွင်း ဆောင်ရွက်ပေးရန်၊ သတ်မှတ် စံချိန်စံညွှန်းများနှင့် အညီ အချိန်မီပြီးစီးအောင်ဆောင် ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကျော်- လှိုင်းပုံ-လှာကမြင် လမ်းပိုင်း အရှည် ၁ မိုင် ၃ ဖာလုံကို ၂၄ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ဘားအံမြို့ လှာကမြင်ကွက် သစ်ရှိ ဇွဲကပင်အားကစားကွင်း ပွဲကြည့်စင် တည်ဆောက်ခြင်း လုပ်ငန်းနှင့် Synthetic ပြေးလမ်းမီတာ ၄၀၀ ခင်းခြင်း လုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)