ပြင်ဦးလွင်၌ ၂၀၂၁ ခုနှစ် ခရစ္စမတ်အထိမ်းအမှတ် မိတ်ဆုံညစာစားပွဲအခမ်းအနားနှင့် ကျေးလက်ဒေသစက်ဘီးစီးခရီးစဉ်ပွဲတော်ကျင်းပ

 

 

နေပြည်တော်   ဒီဇင်ဘာ   ၂၅


ပြင်ဦးလွင်မြို့ “၂၀၂၁ ခုနှစ် ခရစ္စမတ်အထိမ်းအမှတ် မိတ်ဆုံညစာစားပွဲအခမ်းအနား”ကို ယမန်နေ့ ညနေ ပိုင်းက ပြင်ဦးလွင်မြို့ သစ်တောသင်တန်းကျောင်းခန်းမ၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်မှ တပ်နယ်မှူးနှင့် အရာရှိကြီးများ၊ သိက္ခာတော်ရ ဘုန်းတော်ကြီးများ၊ ဆရာတော်များ၊ သီလရှင်များ၊ ခရစ်ယာန်ဘာသာဝင် ဧည့်သည်တော်များ တက်ရောက် ကြသည်။
 

မိတ်ဆုံစားပွဲတွင်    မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက မြန်မာနိုင်ငံရှိ တိုင်းရင်း သားလူမျိုးအားလုံးတို့သည် မိမိတို့ ယုံကြည်ကိုးကွယ် ဆည်းကပ်ရာ    ဘာသာတရား၏အထိမ်းအမှတ် အခါကြီးနေ့ကြီးများ၊ ပွဲလမ်းသဘင်များ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများ မတူညီကြသော်လည်း အချင်းချင်း တစ်ဦးပေါ်တစ်ဦး မေတ္တာတရားထားရှိကာ ယုံကြည် မှု၊ စည်းလုံးညီညွတ်ခြင်းများဖြင့် အတူတကွယှဉ်တွဲ နေထိုင်လျက်ရှိပါကြောင်း၊ ခရစ်တော်မှ ကောင်းချီး မင်္ဂလာအဖြာဖြာကျရောက်ပြီး    ကိုယ်စိတ်နှစ်ပါး အေးချမ်းကြပါစေကြောင်း   ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။ 

 


ဆက်လက်၍   သိက္ခာတော်ရဘုန်းတော်ကြီး Father L.Mar နှင့်  သိက္ခာတော်ရဘုန်းတော်ကြီး လပ်ခူဆပ်တို့က   ခရစ္စမတ်ပွဲတော်ကျင်းပရခြင်း အကြောင်းရင်းနှင့်   မြန်မာနိုင်ငံကြီး   တည်ငြိမ် အေးချမ်းပြီး ပြည်သူပြည်သားများအားလုံး ကျန်းမာ ချမ်းသာကြပါစေကြောင်း    ခရစ္စမတ်ဆုတောင်း ကောင်းချီးပေးပြီး ကျေးဇူးတင်စကား  ပြောကြား သည်။ ယင်းနောက် ဓမ္မတေးသီချင်းများ သီဆိုကျူးဧ ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီး ချုပ်တို့က တက်ရောက်လာသူများကို  ခရစ္စမတ် အမှတ်တရလက်ဆောင်များ    ပေးအပ်ကြကာ ခရစ္စမတ်ကိတ်မုန့်ခွဲ၍ ညစာဖြင့်  တည်ခင်းဧည့်ခံ ခဲ့သည်။

 


စက်ဘီးစီးပွဲတော်ကျင်းပ


ယနေ့ နံနက်ပိုင်းတွင်   ပြည်ထောင်စုဝန်ကြီး သည် ပြင်ဦးလွင်မြို့   ခရိုင်ပြည်သူ့အားကစားကွင်း ၌ ကျင်းပသည့်   မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်မြှင့်တင် ရေး လှုပ်ရှားမှုတစ်ခုအဖြစ်  “ပြင်ဦးလွင်ကျေးလက် ဒေသစက်ဘီးစီးခရီးစဉ်” ပွဲတော်သို့  မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊   မန္တလေးတိုင်း ဒေသကြီး  ဝန်ကြီးများ၊      ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်မင်းလတ်၊   မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ ပုဂ္ဂိုလ် များ၊ ဌာနဆိုင်ရာ   တာဝန်ရှိသူများနှင့်အတူ   ပါဝင် တက်ရောက်သည်။

 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်  တိုင်းဒေသ ကြီး ဝန်ကြီးချုပ်တို့က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက    စက်ဘီးစီး ခရီးစဉ်ကို သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးသည်။ စက်ဘီးစီးခရီးစဉ်လမ်းကြောင်းမှာ    ခရိုင်ပြည်သူ့ အားကစားကွင်းမှ ပွဲကောက်ရေတံခွန်၊ ပွဲကောက်ရွာ၊ ဒီဇင်ဘာခြံအထိ ကိုးမိုင်ခန့်ရှည်လျား ပြီး ပြည်တွင်း/ ပြည်ပမှ စက်ဘီးစီးခရီးသွား ၁၅၀ ကျော် ပါဝင်ဆင်နွှဲ ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်း ဒေသကြီးဝန်ကြီးချုပ်တို့အဖွဲ့သည် ပြင်ဦးလွင်ဘူတာ သို့ သွားရောက်ကာ ပြင်ဦးလွင်မှ ဂုတ်ထိပ်တံတားသို့ ပြေးဆွဲခုတ်မောင်းမည့် မီးရထားခရီးစဉ်အား ဖဲကြိုး ဖြတ်ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်ပက်ဖျန်းကာ ခရီး စဉ်တွင် လိုက်ပါစီးနင်းသူများကို အမှတ်တရလက်​ဆောင်များပေးအပ်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်စကားများ ပြောကြားသည်။ အဆိုပါ   ရထားခရီးစဉ်အား ကိုဗစ်−၁၉ စည်းကမ်းချက်များနှင့်အညီ   ပုံမှန် လိုက်ပါစီးနင်းနိုင်သည့် ဝင်ဆံ့ဦးရေ၏ ထက်ဝက်ခန့် လျှော့ချထားပြီး ခရီးသွားပြည်သူ ၁၄၀ ခန့် လိုက်ပါ စီးနင်းကြကြောင်း သိရသည်။ 

 


ဆက်လက်၍   ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် စက်ဘီးစီးခရီးစဉ်၏    တစ်ထောက်နားရပ် ဖြစ်သည့် ပွဲကောက်ရေတံခွန်သို့  သွားရောက်ကာ စက်ဘီးစီးခရီးစဉ်တွင် ပါဝင်ကြသူများကို တွေ့ဆုံ အားပေးစကားပြောကြားသည်။ ထို့နောက် ဒီဇင်ဘာ ခြံသို့ သွားရောက်၍ ဝင်ရောက်လာသော စက်ဘီးစီး သမားများကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများက    အမှတ်တရ လည်ဆွဲတံဆိပ်များ ချီးမြှင့်ကြိုဆိုကြပြီး ပြင်ဦးလွင်     ကျေးလက်ဒေသစက်ဘီးစီးခရီးစဉ် ဖြစ်မြောက်ရေးတွင် ပူးပေါင်းပါဝင်သူများကို ဂုဏ်ပြု လက်မှတ်များ ချီးမြှင့်ပေးသည်။

 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့အဖွဲ့သည်    ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၈)၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ    “ပန်းခင်း”    စီမံချက်ဖြင့် မှတ်ပုံတင်များဆောင်ရွက်ပေးနေမှုကို   သွားရောက် ကြည့်ရှုကြပြီး မှတ်ပုံတင်  လာရောက်လုပ်ဆောင် သော ဒေသခံပြည်သူများကို    မှတ်ပုံတင်ကတ်ပြား များ ပေးအပ်ခဲ့ကြသည်။                    

သတင်းစဉ်