
နေပြည်တော် ဒီဇင်ဘာ ၂၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝေါမြို့နယ် ဦးစီးဌာနမှူးရုံး၏ နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲနှင့် ပန်းခင်းစီမံချက် လျာထား ချက် ပြီးမြောက်အောင်မြင်ပွဲကို ယနေ့ နံနက် ၉ နာရီ ခွဲတွင် ပဲခူးတိုင်းဒေသကြီး ဝေါမြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူး ချုပ် ထိန်ဝင်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန် ရှိသူများ၊ ဝေါမြို့နယ်အတွင်းမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် နိုင်ငံသားတိုင်းကိုင်ဆောင်သင့် သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေး အတွက် မိမိတို့ဝန်ကြီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ၁၈ လကြာ ဆောင်ရွက် ရန်နှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ၃ ဒသမ ၄၉ သန်းကျော် ဆောင်ရွက်ပေးရန် လျာထားဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါအခြေအနေနှင့် အချို့ဒေသများတွင် လုံခြုံရေး အခြေအနေ စသည့်အဟန့်အတားအခက်အခဲများ ကြားမှ ဆောင်ရွက်ကြရခြင်း ဖြစ်ပါကြောင်း။
ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၅၉၅၇၆ ကတ် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ ၁၁၂၂၁၅ ကတ် ပြီးစီးနေပြီး ဝေါမြို့နယ်အနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ၅၂၄၈ ကတ် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ ၅၄၄၅ ကတ် ၁၀၃ ဒသမ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ရာ ပန်းခင်းစီမံချက်ဖြင့် လျာထား ချက် ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ သည့်အတွက် များစွာဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ယင်းကာလအတွင်း အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသူများအတွက် အိမ်ထောင်စုလူဦးရေစာရင်း ၁၄၃၆ စုကိုလည်း ထုတ်ပေးခဲ့ပြီး ဖြစ်သည်ကို တွေ့ရ ပါကြောင်း။
တာဝန်ကျေပွန်စွာထမ်းဆောင်
မိမိတို့ဌာန၏ လုပ်ငန်းများသည် စီမံချက်အရ လျာထားချက်ပြည့်မီသော်လည်း ပြီးဆုံးခြင်းမရှိသည့် အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေရသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ အနေဖြင့် နိုင်ငံနှင့်ပြည်သူအတွက် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ဆက်လက်ကြိုးပမ်း ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းခင်း စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ခရိုင်နှင့် မြို့နယ်အလိုက် လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမှု၊ ဝေါနှင့်ပဲခူးမြို့နယ်တို့ကဲ့သို့ ကျန်မြို့နယ်အသီးသီးသည်လည်း မြို့နယ်များ အလိုက် ပန်းခင်းစီမံချက်လျာထားချက် ပြီးမြောက် အောင်မြင်အောင် ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်သွားမည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ဝေါမြို့နယ် အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာ ကိုယ်စားလှယ်များထံသို့ လည်းကောင်း၊ စီမံချက် လျာထားချက် ပြီးမြောက်အောင်မြင်ခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ဝေါမြို့နယ်ဦးစီးမှူး ထံသို့လည်းကောင်း ပေးအပ်ကြသည်။
ဆက်လက်၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားပြီး ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့သည် တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်အဖွဲ့သည် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ပဲခူးမြို့နယ် ဦးစီးဌာနမှူးရုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲနှင့် ပန်းခင်းစီမံချက် လျာထားချက် ပြီးမြောက်အောင်မြင်ပွဲအခမ်းအနားသို့ တက်ရောက် အားပေးကြသည်။
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က ပဲခူးတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ပဲခူးမြို့နယ် အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကာယကံရှင် ပြည်သူများထံသို့လည်းကောင်း၊ စီမံချက်လျာထား ချက် ပြီးမြောက်အောင်မြင်ခြင်းအတွက် ဂုဏ်ပြု မှတ်တမ်းလွှာများကို ပဲခူးမြို့နယ် ဦးစီးမှူးထံသို့ လည်းကောင်း ပေးအပ်ကြပြီး ဒေသခံပြည်သူတစ်ဦး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ဝေါမြို့နယ်နှင့် ပဲခူး မြို့နယ်တို့သည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ပထမ ဦးဆုံး စီမံချက်လျာထားချက် ပြီးမြောက်အောင်မြင် အောင် ဆောင်ရွက်နိုင်သည့် မြို့နယ်များဖြစ်ကြပြီး ၁၈ လကြာ ဆောင်ရွက်ရမည့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ဝေါမြို့နယ်အနေ ဖြင့် ၅၂၄၈ ကတ် လျာထားရာ ယခုစီမံချက်ကာလ ခုနစ်လအတွင်း ၅၄၄၅ ကတ် (၁၀၃ ဒသမ ၇၅) ရာခိုင် နှုန်းဖြင့် လည်းကောင်း၊ ပဲခူးမြို့နယ်အနေဖြင့် ၉၉၀၆ ကတ် လျာထားရာ ယခုစီမံချက်ကာလ ခုနစ်လအတွင်း ၁၀၄၁၅ ကတ် (၁၀၅ ဒသမ ၁၄)ရာခိုင်နှုန်းဖြင့် လည်းကောင်း လျာထားချက် ပြီးစီး အောင်မြင်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်