
ရန်ကုန် ဒီဇင်ဘာ ၂၃
ပြည်သူများ အပန်းဖြေနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ ပထမဆုံး အပန်းဖြေ တံတားဖြစ်သည့် သာကေတတံတား ဟောင်းရှိ Linear Park ကို မကြာမီ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်နေ ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေး ကော်မတီမှ သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဒေါပုံ မြို့နယ်ကို ဆက်သွယ်ထားသည့် ပုဇွန် တောင်ချောင်းကူး သာကေတတံတား ဟောင်းရှိ စက်ဘီးလမ်းနှင့် လူသွားလမ်း ပါ Linear Park ကို ပြည်သူများ စိတ် အေးချမ်းသာယာပြီး အန္တရာယ်ကင်းကင်း ဖြင့် အပန်းဖြေအနားယူနိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ Linear Park သည် အလျား ၁၇၈၁ ပေ အကျယ် ၁၂ ပေရှိ ကတ္တရာ ကွန်ကရစ်ခင်း စက်ဘီးလမ်းဖြစ်ပြီး လမ်းဘေးတွင် သုံးပေအကျယ်ရှိ ပန်းခုံ၊ ကိုးပေအကျယ်ရှိ ကျောက်ပြားခင်း လူသွားလမ်းနှင့် အားကစားပြုလုပ်ရာ နေရာများပါဝင်ကြောင်း သိရသည်။
တံတားအတက်အဆင်းတွင် ကြွေပြား ခင်းလှေကား၊ အုတ်ခုံတန်းနှင့် သန့်စင် ခန်းများလည်း ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်ကာ လက်ရှိ တွင် ၉၀ ရာခိုင် နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မြေယာရှုခင်း ပြုပြင်ခြင်းအတွက် လည်း ပန်းဥယျာဉ်နှင့် အားကစားကွင်း ဌာနမှ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
အာကာစိုး