ထန်းတပင်မြို့နယ် တပွန်ကျေးရွာနေပြည်သူများအတွက် ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု လိုအပ်နေ

 

ထန်းတပင်  ဒီဇင်ဘာ  ၂၂


ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ တပွန်ကျေးရွာ သည်   ပက်အင်းကလေးကျေးရွာအုပ်စုအောက်တွင်  တည်ရှိကာ  ကျေးရွာနေပြည်သူများအတွက်      အဓိကလိုအပ်ချက်ဖြစ်သည့် ကျေးလက်ကျန်းမာရေးဌာနခွဲ မရှိခြင်းကြောင့် ကျေးရွာအတွင်းရှိ  နာမကျန်းလူနာများ၊     သက်ကြီးရွယ်အိုများ၊     သားဖွားမိခင်များ၊ ကလေးငယ်များနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုခံယူရန်  လိုအပ်သည့်   လူနာများအတွက်   အချိန်မီကုသနိုင်ရန်   ကျေးလက် ကျန်းမာရေးဌာနခွဲတစ်ခု လိုအပ်နေကြောင်း သိရသည်။

 


တပွန်ကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူများသည် အချိန်နှင့် တစ်ပြေးညီ  အရေးပေါ်ကျန်းမာရေးကိစ္စရပ်များတွင်  ၈ မိုင်ခန့် ဝေးကွာသော ဒေါင့်ကြီးကျေးလက်ကျန်းမာရေးဌာနခွဲ၊ ၅ မိုင်ခန့် ဝေးသော ဆတ်ကလေးကျေးရွာ ကျန်းမာရေးဌာနနှင့်  ၁၀ မိုင်ခန့် ဝေးကွာသည့်  ထန်းတပင်မြို့နယ်  ပြည်သူ့ဆေးရုံသို့  အရေးပေါ် ကုသမှုခံယူရခြင်းတို့ကြောင့် ကျေးရွာနေပြည်သူများအနေဖြင့် အခက် အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 


အဆိုပါကျေးရွာတွင်    ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု ရရှိလာပါက တပွန်ကျေးရွာနေပြည်သူများအပြင် ပက်အင်းကလေး ကျေးရွာအုပ်စုအတွင်းရှိ အနောက်တပွန်ကျေးရွာ၊ အရှေ့ညောင်ကုန်း ကျေးရွာ၊ ညောင်ကုန်းကျေးရွာနှင့် ပက်အင်းကလေးကျေးရွာအတွင်း အိမ်ခြေ ၃၅၀ ရှိ အိမ်ထောင်စု ၃၈၀ တို့မှ လူဦးရေ ၁၈ဝဝ ခန့်  ကျန်းမာရေးစောင့်ရှောက်မှု အထောက်အပံ့ကောင်းများ ရရှိလာမည် ဖြစ်သည်။ ကျေးရွာနေပြည်သူများသည် လယ်လုပ်သား၊ ကျပန်း လုပ်သားများဖြစ်ပြီး  မိုးရာသီတစ်ခုတည်းကိုသာ  အဓိကထား လုပ်ကိုင်ရသောကြောင့် နွေရာသီရောက်လျှင် အလုပ်လုပ်ကိုင်ရန်  လုပ်ငန်းရှားပါးခြင်းကြောင့်  ဝင်ငွေနည်းပါးပြီး  အခြေခံကျန်းမာရေး စောင့်ရှောက်မှုများနှင့် ကျန်းမာရေးအသိပညာ နည်းပါးသောကြောင့် အရန်သားဖွား၊   အရပ်လက်သည်များကိုသာ   အားကိုးနေရသော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။

 


ကျေးလက်ကျန်းမာရေးဌာနခွဲရရှိရန် ၂၀၁၆ ခုနှစ်တွင် ပထမ အကြိမ်နှင့်  ၂၀၁၉  ခုနှစ်တွင်  ဒုတိယအကြိမ်  လျှောက်ထားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့်  ကျေးလက်ကျန်းမာရေးဌာနခွဲတို့မှ     ထောက်ခံတင်ပြပေးထား သော်လည်း  ကျေးရွာအတွက်  ကျေးလက်ကျန်းမာရေးဌာနခွဲမှာ ယနေ့ထက်ထိတိုင် မရရှိသေးကြောင်းနှင့် ကျေးလက်ဆေးပေးခန်း တည်ဆောက်ရန်  မြေနေရာကိုလည်း  အလှူရှင်က  ၂၀၁၆  ခုနှစ် ကတည်းက    လှူဒါန်းထားရှိကြောင်း    ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထင်ကျော်ဦးထံမှ သိရသည်။                

ဇင်မင်းထိုက်(ထန်းတပင်)