
နေပြည်တော် ဒီဇင်ဘာ ၂၂
တပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းများ၏ အခန်းကဏ္ဍကို အားသစ်လောင်းမည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး စည်သူ မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စုဝန်ကြီး များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဗိုလ်လောင်း တပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်းတပ်ခွဲအား စစ်ဆေးသည်။ ထို့နောက် ဗိုလ်လောင်းတပ်ခွဲများက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား အနှေးလျှောက်၊ အမြန်လျှောက် ဖြင့် ချီတက်အလေးပြုကြသည်။
ဗိုလ်လောင်းဆု ပေးအပ်ချီးမြှင့်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈)မှ အကောင်းဆုံးဗိုလ်လောင်းဆုရရှိ သူ ဗိုလ်လောင်း မေသက်နွယ်အား အကောင်းဆုံး ဗိုလ်လောင်းဆု ပေးအပ်ချီးမြှင့်သည်။
ဆက်လက်ထိန်းသိမ်းသွားရမည်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် မိမိတို့နိုင်ငံ သည် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် စုစည်း နေထိုင်သည့် ပြည်ထောင်စုကြီးဖြစ်သည့်အတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးသည် မိမိတို့ တပ်မတော်သားများ အမြဲတမ်းထိန်းသိမ်းကာကွယ် စောင့်ရှောက်ရမည့် အမျိုးသားရေးတာဝန်ပင်ဖြစ် ကြောင်း၊ အမျိုးသားရေးဆိုသည်မှာ တစ်မျိုးသားလုံး၏အကျိုးစီးပွားနှင့် ဘာသာ၊ သာသနာ၊ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို ကာကွယ်စောင့်ရှောက်ခြင်းကို ဆိုလိုခြင်းဖြစ် ကြောင်း၊ နိုင်ငံတော်တွင် မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော် အနေဖြင့် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အမျိုး သားရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း၊ တပ်မတော်၏ အမျိုးသားနိုင်ငံရေးကို အကောင် အထည်ဖော်ရာတွင် ပြည်သူပြည်သားများနှင့်အတူ လက်တွဲညီညီ အစွမ်းကုန်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ကြိုးပမ်းအကောင်အထည်ဖော်
တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်လာရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် ပြည်သူနှင့် တစ်သားတည်းဖြစ်အောင် လုပ်ဆောင် ပြီး ပြည်သူ၏ လိုအပ်ချက်၊ တိုင်းပြည်၏ လိုအပ် ချက်များကို တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း လုပ်ဆောင်ပေးခဲ့ သည်ကို သမိုင်းကြောင်းတွင် အထင်အရှား မြင်တွေ့ ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မွန်မြတ်ကောင်းမွန် သည့် သမိုင်းအစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းသွားကြရန် မှာကြားလိုကြောင်း။
မြန်မာ့တပ်မတော်သမိုင်းကြောင်းတွင် အမျိုး သမီးတပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်အချို့ကို ပြန်လည်လေ့လာကြည့်မည်ဆိုပါက လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် မြန်မာအမျိုးသမီးများ၏ ကြိုးပမ်းမှုကဏ္ဍအချို့ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် လည်း အမျိုးသမီးအရာရှိနှင့် အခြားအဆင့် စစ်မှု ထမ်းများကို လက်ရုံးတပ်ဖွဲ့များနှင့် ကယ်ဆယ်ရေး တပ်ဖွဲ့များတွင် တာဝန်ပေးအပ်ခဲ့သည်များ ရှိခဲ့ ကြောင်း။
ဂုဏ်ယူဖွယ်ရာတွေ့ရှိရမည်
၁၉၅၄ ခုနှစ်တွင် မြန်မာအမျိုးသမီး စစ်ဝန်ထမ်း တပ်ဖွဲ့ ဖွဲ့စည်းတာဝန်ပေးခဲ့သည့် အမျိုးသမီးအရာရှိ များသည် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင် နိုင်ခဲ့ကြသည့် အစဉ်အလာကောင်းများကို ဂုဏ်ယူ ဖွယ်ရာတွေ့ရှိရမည်ဖြစ်ပြီး နောက်ပိုင်းတွင် အမျိုးသမီးသူနာပြုအရာရှိများ၊ ဘွဲ့ရအမျိုးသမီးအရာရှိများ၊ အမျိုးသမီးဆရာဝန် အရာရှိများ၊ အမျိုးသမီးသူနာပြုနှင့် ဆေးဘက် ကျွမ်းကျင်သူများ၊ အမျိုးသမီးတပ်ကြပ်ကြီး/ စာရေး များ၊ အမျိုးသမီးစစ်သည်များစသည်ဖြင့် သုံးထောင် ကျော်ခန့် ခန့်အပ်တာဝန်ပေးလျက်ရှိသည်ကို တွေ့ရ မည်ဖြစ်ကြောင်း။
တာဝန်ကျေပွန်စွာထမ်းဆောင်
မိမိတို့တပ်မတော်အနေဖြင့် ကာကွယ်ရေး စွမ်းအား တည်ဆောက်ရာတွင် မြန်မာအမျိုးသမီးထု ပါဝင်နိုင်ရေး၊ အမျိုးသမီးများ၏အခန်းကဏ္ဍ မြှင့်တင် ရေးနှင့် တပ်မတော်တွင် အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းဆောင်နိုင်ရေးတို့အတွက် သင်တန်း ကျောင်းများဖွင့်လှစ်ပြီး လေ့ကျင့်မွေးထုတ်ပေးလျက် ရှိကြောင်း၊ ထို့ပြင် သင်တန်းဆင်းဘွဲ့ရ အမျိုးသမီး အရာရှိများကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် မဟာဘွဲ့၊ ပါရဂူဘွဲ့များရရှိနိုင်ရေး ဆက်လက်ပညာဆည်းပူးသင်ကြားစေလျက်ရှိကြောင်း၊ သင်တန်း ဆင်း အမျိုးသမီးအရာရှိများအနေဖြင့် ကြည်း၊ ရေ၊ လေ၊ ရုံး၊ ဌာနများအပါအဝင် လက်ရုံးဝန်ထမ်း တပ်ဖွဲ့ အသီးသီးတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေ ကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
အမျိုးသမီးများ၏စွမ်းအားကို မြှင့်တင်
ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများကို လေ့လာ ကြည့်ပါက လူသားအရင်းအမြစ်ကို အပြည့်အဝ အသုံးချနိုင်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသား အရင်းအမြစ်ကို အသုံးပြုရာတွင်လည်း ယောက်ျား၊ မိန်းမ မခွဲခြားဘဲ ပါဝင်ဆောင်ရွက်နေကြသည်ကို တွေ့မြင်ရမည်ပင်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုတွင် နိုင်ငံ အလိုက် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်နိုင်ရေး ရည်ရွယ်လုပ်ဆောင်နေကြသည် ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း အမျိုးသမီးဦးရေ ၅၂ ရာခိုင်နှုန်း ရှိသည့်အတွက် အမျိုး သမီးများ၏စွမ်းအားကို မြှင့်တင်ဖော်ထုတ်ပေးလျက် ရှိသည်ကို ပြောကြားလိုကြောင်း။
ဦးဆောင်ကြိုးပမ်း ဆောင်ရွက်ရမည်
ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့်အတိုင်း အမိနိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ရန်အတွက် ကျန်းမာကြံ့ခိုင်သည့် ရုပ်ပိုင်းဆိုင်ရာ အင်အားသာမက အနိုင်မခံ အရှုံးမပေး သည့် စိတ်ပိုင်းဆိုင်ရာအင်အားများပါ အစဉ်ပြည့်ဝ နေရန် လိုအပ်ကြောင်း၊ လူငယ်များဖြစ်သည့်အတွက် ခေါင်းဆောင်မှုကို ရယူနိုင်ရန် မိမိအဖွဲ့အစည်းကို တိုးတက်အောင် ကြိုးစားအားထုတ်နေရန် လိုအပ် မည်ဖြစ်ကြောင်း၊ အောင်မြင်သည့် ခေါင်းဆောင် ကောင်းများ ဖြစ်လာစေရေးအတွက် တပ်ဖွဲ့ဝင်များကို ဦးဆောင်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်တစ်ဦးတစ်ယောက်ချင်း သိသင့် သိထိုက်သည့် အသိပညာ အတတ်ပညာများကို လေ့လာမှုအားကောင်းမှသာလျှင် မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မည်ဖြစ်သည့်အတွက် မိမိတို့တစ်ဦးချင်း လေ့လာအားထုတ်ကြိုးပမ်းကြ ရန်လည်း မှာကြားလိုကြောင်း၊ ထိုသို့ ကြိုးပမ်း အားထုတ်ရာတွင် သူတစ်ပါးအပေါ် မထိခိုက်စေဘဲ ရိုးရိုးသားသားဆောင်ရွက်ရန်လိုကြောင်း၊ အလုပ် လုပ်ရာတွင် ရည်မှန်းချက်ပြီးမြောက်စေရန်၊ အလုပ် တာဝန် ပြီးမြောက်စေရန် ကြိုးစားဆောင်ရွက်ခြင်းမျိုးဖြင့်သာ မိမိအလုပ်တာဝန်ကျေပွန်မှုကို ဂုဏ်ယူ ကြရန် မှာကြားလိုကြောင်း။
စည်းလုံးညီညွတ်မှုရှိရန် မရှိမဖြစ်လိုအပ်
ယနေ့အချိန်တွင် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ကြိုးပမ်း ဆောင်ရွက် နေသည်ကို တွေ့ရမည်ဖြစ်ပြီး အဖွဲ့အစည်းတစ်ခု တိုးတက်အောင်မြင်ရေးအတွက် စည်းလုံးညီညွတ်မှု ရှိရန် မရှိမဖြစ်လိုအပ်ကြောင်း၊ မိမိတို့ တပ်မတော်သား မိသားစုများက မိမိတို့၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် အခြေခံပြီး တပ်တွင်းစည်းလုံးညီညွတ်ရေးကို ကျစ်လျစ်ခိုင်မာစွာ တည်ဆောက်ထားကြရမည် ဖြစ်ကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်ရာတွင် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာချောင်ချိရေး၊ စိတ်ဓာတ်ဟူသည့် တပ်တည် ဆောက်ရေးလုပ်ငန်းကြီး ၄ ရပ်နှင့်အညီ တည် ဆောက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားတိုင်း ကလည်း ရဲဘော်အချင်းချင်းအပေါ် ထားရှိရမည့် မေတ္တာတရား၊ သံယောဇဉ်တရားနှင့် သစ္စာစောင့်သိ မှုတရားဟူသည့် ရဲဘော်စိတ်ကို ထာဝစဉ်မွေးမြူထားရမည်ဖြစ်ကြောင်း၊ သို့မှသာ ကျစ်လျစ်ခိုင်မာ သည့် တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည် ဆောက်နိုင်မည်ဖြစ်ကြောင်း။
စံနမူနာပြဖြစ်အောင် နေထိုင်ကျင့်ကြံ
မိမိတို့ တပ်မတော်သားအားလုံးအတွက် တပ်မတော်သားကောင်းတစ်ယောက် ဖြစ်စေရေး လိုက်နာကျင့်သုံးရန် ပြဋ္ဌာန်းတိုက်တွန်းထားသည့် အပါး ၆၀ သော စစ်သည်တော်ကျင့်ဝတ်များကို မြဲမြံစွာစောင့်ထိန်းကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့မှသာလျှင် တိုင်းပြည်ကအားထားရပြီး ပြည်သူက အားကိုးရသည့် စည်းကမ်းစနစ်တကျရှိသည့် တပ်မတော်သားကောင်းများ ဖြစ်လာမည်ဖြစ် ကြောင်း၊ စည်းကမ်းကောင်းမွန်သည့်သူများသည် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်တတ်သောစိတ် ရှိသည့်အတွက် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင် မည့်သူများအနေဖြင့် မိမိကိုယ်တိုင် အသေးအဖွဲ စည်းကမ်းကအစ စံနမူနာပြဖြစ်အောင် နေထိုင် ကျင့်ကြံပြီး လက်အောက်ငယ်သားများပါ လိုက်နာ မှုရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန် အလေး ထား မှာကြားလိုကြောင်း။
နိုင်ငံတော်ကာကွယ်ရေးတာဝန်ပင်ဖြစ်
တပ်မတော်၏ အဓိကလုပ်ငန်းကြီး ၃ ခုဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေး တာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်ဟူ၍ ချမှတ်ပြဋ္ဌာန်း ပေးထားပြီးဖြစ်ကြောင်း၊ ထိုအထဲမှ အခြေခံအကျဆုံးတာဝန်သည် နိုင်ငံတော်ကာကွယ် ရေးတာဝန်ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး ဟူသည့်နေရာတွင် သာမန်အားဖြင့် နိုင်ငံတော်ကို ထိပါးလာမည့် ပြည်တွင်း/ပြည်ပ အန္တရာယ်များကို ကာကွယ်ချေမှုန်း တိုက်ခိုက်သွားရန်ဖြစ်သော်လည်း ယနေ့ခေတ်အချိန်ကာလတွင်မူ စစ်ရေးနည်းလမ်း သာမက နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု၊ စီးပွား ရေးအရ ပိတ်ဆို့မှု၊ သတင်းမှားများဖြန့်ချိမှု၊ ယဉ်ကျေး မှုအရ ထိုးဖောက်ဝင်ရောက်မှု စသည့်အန္တရာယ် များကိုပါ ကာကွယ်နိုင်ရေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင် ရာတွင် မိမိတို့တစ်ဦးချင်း တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ရန်နှင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် ဆောင်ပုဒ်အတိုင်း သင်တန်း ကျောင်းများမှ လေ့ကျင့်သင်ကြားပေးလိုက်သည့် စစ်ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် မှန်မှန် ကန်ကန် ထိထိရောက်ရောက် အသုံးချနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ခေတ်နှင့်အညီ တိုးတက် ပြောင်းလဲလျက်ရှိသည့် စစ်အသုံးအဆောင်နှင့် စစ်အတတ်ပညာများကို အသုံးချနိုင်ရေးအတွက် လေ့လာခြင်း၊ ကျန်းမာကြံ့ခိုင်ကျွမ်းကျင်နေရန် လေ့ကျင့်ခြင်းနှင့် စစ်အခြေခံသဘောတရားနှင့် စစ်မြေပြင်စည်းကမ်းများကို လက်တွေ့နယ်ပယ်တွင် လိုက်နာကျင့်သုံးကြရန် တိုက်တွန်းမှာကြား လိုကြောင်း။
ကဏ္ဍပေါင်းစုံမှ အစွမ်းကုန်ကူညီကာကွယ်
မိမိတို့တပ်မတော်၏ နောက်ထပ် အဓိက လုပ်ငန်းတာဝန်ကြီးတစ်ခုမှာ ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်ပင်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်တွင် အရေးကြုံလာတိုင်း ရှေ့တန်းက အမြဲတမ်းမားမားမတ်မတ် ရပ်တည်ခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့သည့်အချိန် တွင်လည်း အထက်အမိန့်တောင်းခံစရာမလိုဘဲ တပ်မတော်သားများက အရင်ဆုံးရောက်ရှိကူညီခဲ့ ကြကြောင်း၊ ယင်းသည် မိမိတို့တပ်မတော်၏ အလွန် မွန်မြတ်သည့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်ကို ထမ်းဆောင်နေခြင်းပင်ဖြစ်ကြောင်း၊ ယနေ့အချိန် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးနှင့် ပြည်သူများ ရင်ဆိုင် တွေ့ချိန်၌လည်း တပ်မတော်သည် ပြည်သူလူထု အတွက် ကဏ္ဍပေါင်းစုံမှ အစွမ်းကုန်ကူညီ ကာကွယ် စောင့်ရှောက်နေသည်ကို အထင်အရှားတွေ့ရမည် ဖြစ်ကြောင်း။
နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်
တစ်နိုင်ငံလုံး ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွား မှုများအပေါ် ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်ကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးများရရှိရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ပေးလျက်ရှိပြီး ရရှိလာသည့် ကာကွယ် ဆေးများကို နယ်မြေများအလိုက် ဦးစားပေးအဆင့် အတိုင်း အချိန်မီထိုးနှံနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း။
တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူအတွက် “အား” ဖြစ်ပြီး နိုင်ငံအတွက် အရေးကြုံပါက အမြဲတမ်းအဆင်သင့်ရှိနေသည့် အခိုင်အမာဆုံး Institution တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံသားကောင်းဖြစ်သူများအနေဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာ လက်ဆင့်ကမ်း သယ်ပိုးထမ်းဆောင်သွားကြရန် မှာကြားလိုကြောင်း။
တပ်မတော်သည် အတိတ်ကာလက နိုင်ငံနှင့် လူမျိုးအပေါ် တာဝန်ကျေပွန်မှု၊ သစ္စာစောင့်သိမှု၊ ပေးဆပ်မှုအမျိုးမျိုးကို ကြိုးစားလုပ်ဆောင်ခဲ့ပြီး ဖြစ်သကဲ့သို့ ယခု ပစ္စုပ္ပန်ကာလတွင်လည်း နိုင်ငံနှင့် လူမျိုးအတွက် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက် သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေးကို တည့်မတ် ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော် ၏ ကြိုးပမ်း ဆောင်ရွက်မှုမှန်သမျှသည် အမိနိုင်ငံနှင့် တိုင်းရင်းသားပြည်သူလူထုကောင်းကျိုး ဖြစ်ထွန်းပြီး ကမ္ဘာ့အလယ်တွင် ဆက်လက်ရပ်တည်သွားနိုင်ရန် ကိုယ်ကျိုးမငဲ့ မွန်မြတ်သည့် စိတ်ရင်းစေတနာနှင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်က အားကိုးအားထားပြုရသည့် အမျိုးသမီးအရာရှိကောင်းများဖြစ်အောင် မိမိကိုယ်မိမိ ဆက်လက်ပြုစုပျိုးထောင် လေ့ကျင့်သွားကြရမည် ဟု တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြော ကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသည်။
ဂုဏ်ပြုအမှာစကား ပြောကြား
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်(ကြည်း) ဗိုလ် သင်တန်းကျောင်း(မှော်ဘီ) ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်း မေသက်နွယ်၊ သေနတ်ပစ်အကောင်းဆုံးဆုရ ဗိုလ်လောင်း အိမ့်မှူး သက်ချယ်၊ စစ်ရေးပြအကောင်းဆုံးဆုရ ဗိုလ်လောင်း ပိုးဧကရီဆွေနှင့် ကြံ့ခိုင်ရေးအကောင်းဆုံးဆုရ ဗိုလ်လောင်း ဆုပြည့်စုံလင်းတို့အား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ဆည်းပူးလေ့လာခဲ့ကြ
ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြသဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် သင်တန်းကာလတစ်လျှောက် ကြံ့ခိုင် မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် စဉ်ဆက်မပြတ် ကြိုးစား အားထုတ်ဆောင်ရွက်တတ်သည့် အခြေခံကောင်း များကိုလည်း ဘဝတစ်လျှောက်လုံး ဆက်လက် ထိန်းသိမ်းသွားကြရန်လိုကြောင်း၊ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းများအနေဖြင့် ဗိုလ်လောင်းသင်တန်း မတက်ရောက်မီ တက္ကသိုလ်ပညာ၊ ဘွဲ့လွန်ပညာ တို့ကို အသီးသီးဆည်းပူးလေ့လာခဲ့ကြပြီး ဖြစ်သဖြင့် အတွေးအခေါ်ပိုင်းနှင့် လူနေမှုပုံစံများကို လေ့လာခဲ့ ကြရပြီးဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင် ရန်နှင့် တက္ကသိုလ်ပညာ၊ ဘွဲ့လွန်ပညာများကို အောင်မြင်ရန် ကြိုးစားခဲ့ကြရပြီး ယခု ဗိုလ်လောင်း သင်တန်း တက်ရောက်ခဲ့ရာတွင်လည်း ကြိုးစား အားထုတ်မှုရလဒ်ကြောင့် ထူးချွန်စွာဖြင့် အမျိုးသမီး အရာရှိများအဖြစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ကြိုးစားအားထုတ်မှုရှိပါက အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူးနိုင်မည်ပင်ဖြစ်သဖြင့် ဘဝတစ်လျှောက်လုံးကြိုးစားအားထုတ်ဆောင်ရွက်တတ်သည့် အခြေခံ အလေ့အကျင့်ကောင်းများဖြင့် ဆက်လက်ထိန်းသိမ်း အသုံးချသွားကြစေလိုကြောင်း၊ အမျိုးသမီးစစ်မှု ထမ်းများကို နိုင်ငံတော်နှင့် တပ်မတော်အတွက် လိုအပ်သဖြင့် လေ့ကျင့်မွေးထုတ်ပေးနေခြင်းဖြစ် သဖြင့် တန်ဖိုးရှိပြီး အားကိုးအားထားရသည့် ခေါင်းဆောင်များဖြစ်လာစေရေး ကြိုးစားအားထုတ် မှုရှိရမည်၊ မိမိကိုယ်ကို ထိန်းသိမ်းဆင်ခြင် နေထိုင် ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း မရှိပါက လမ်းမှားရောက်နိုင်မည်ဖြစ်ပြီး မိမိကိုယ်ကို အလိုလိုက်ပါကပျက်စီးမှုကို ဖြစ်စေတတ်သဖြင့် သမာသမတ်ကျမှု၊ ကြိုးစားမှု၊ ထိန်းသိမ်းနေထိုင်မှု တို့ဖြင့် ဘဝတက်လမ်းကို တည်ဆောက်သွားကြရန် လိုကြောင်း၊ မိမိအဆင့်နှင့် မလျော်ညီသည့် နေထိုင် ပြောဆိုမှု၊ ဝတ်စားဆင်ယင်မှုများကို ရှောင်ကြဉ်ရ မည်ဖြစ်ပြီး ပေးအပ်လာသည့် တာဝန်များကို ရိုးသား ကြိုးစားစွာ၊ စည်းကမ်းကောင်းမွန်စွာ၊ တပ်မတော် သားပီသစွာဖြင့် ကျေပွန်အောင် ထမ်းဆောင်ခြင်း အားဖြင့် တပ်မတော်၏ဂုဏ်ကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံရှိအမျိုးသမီးဦးရေ ၅၂ ရာခိုင်နှုန်း အနက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်မည်ဟူသည့် အခြေခံစိတ်ဓာတ်များဖြင့် တပ်မတော်သို့ ဝင်ရောက်အမှုထမ်းခဲ့သည်မှာလည်း ဂုဏ်ယူဖွယ်ရာပင်ဖြစ်ကြောင်း။
တည့်မတ်ထိန်းကြောင်းသွားရမည်
ထို့ပြင် ငယ်စဉ်ကလေးဘဝမှ ယခုအချိန်အထိ ကျွေးမွေးစောင့်ရှောက်ထိန်းသိမ်းပေးခဲ့သည့် မိဘ များ၏ကျေးဇူးကို မမေ့ရန်နှင့် အကောင်းဆုံး ကျေးဇူး ဆပ်ခြင်းသည် မိဘများ၏စကားကို နားထောင်ခြင်း ပင်ဖြစ်ပြီး မိမိကိုယ်ကို ချင့်ချိန်နိုင်စွမ်းဖြင့် မိမိဘဝ လမ်းကို တည့်မတ်ထိန်းကျောင်းသွားရမည်ဖြစ် ကြောင်း၊ ထို့ပြင် မိမိကိုယ်ကို လူချွန်လူကောင်း ဖြစ်အောင်နေထိုင်ခြင်း၊ မိဘများ၏ လိုအပ်သည် များကို ထောက်ပံ့ပေးအပ်ခြင်း စသည့်စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာများဖြင့် တတ်စွမ်းသရွေ့ ကျေးဇူးဆပ်ရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်မှ ရရှိ လာသည့် လူမှုဆက်ဆံရေးအတွေ့အကြုံများ၊ ဗိုလ် သင်တန်းကျောင်းမှ သင်ကြားလေ့ကျင့်ပေးလိုက် သည့်အခြေခံကောင်းများကို ဆက်လက်ထိန်းသိမ်း ၍ မိမိဘဝတိုးတက်အောင်၊ မိမိရည်မှန်းချက်များ မပျောက်ပျက်ရအောင် ဘဝတစ်လျှောက်လုံး ဆက်လက်ကြိုးစား အားထုတ်သွားရမည်ဖြစ်ကြောင်း ဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်