
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း သစ်ထုတ်ရေးဌာန က ဖွင့်လှစ်ထားရှိသည့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းဝင်းအတွင်း ဖွင့်လှစ် ပြသသွားမည့် နိုင်ငံတကာအဆင့်မီ ပလင်းကမ်းသာ ယာဆင်ပြတိုက်အတွင်း ဆင်များနှင့်ပတ်သက်၍ ဆင်တစ်ကောင်လုံးအရိုးစု၊ ဆင်ဝန်ထမ်းများနေအိမ်၊ ဆင်များတောတွင်း လှုပ်ရှားရုန်းကန်ရပုံများကို ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်ပြတိုက်တွင် လေ့လာနိုင်ကြောင်း သိရသည်။
ပလင်းကမ်းသာယာဆင်စခန်းတွင်
ပြသမည့် ဆင်ပြတိုက်
အဆိုပါ ပလင်းကမ်းသာယာဆင်စခန်းအား ၂၀၁၈ ခုနှစ် မတ် ၂၈ ရက်က စတင်ဖွင့်လှစ်ခဲ့ရာ လေးနှစ်ပြည့်မြောက်တော့မည်ဖြစ်ကြောင်းလည်းသိရသည်။ မြန်မာ့ဆင်များအား ကာကွယ်ထိန်းသိမ်း နိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆင်စခန်းများ ၂၂ ခုအထိ ဖွင့်လှစ်ထားရှိပြီး ဆင်စခန်းများအတွင်း ဆင်များ၏ သဘာဝ၊ နေထိုင် မှုအလေ့အထများကို ဆင်ချစ်သူများ ပိုမိုသိနားလည် လာပြီး ပြည်သူများအနေဖြင့် ဆင်များကို ပိုမိုချစ်ခင် တန်ဖိုးထားလာတတ်စေရန်၊ မြန်မာ့သစ်လုပ်ငန်း အနေဖြင့် ဆင်များကို စနစ်တကျထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်ကို ဆင်စခန်းများထားရှိ ဖွင့်လှစ်ထားခြင်းများအား လက်တွေ့လေ့လာကြည့်ရှု ခြင်းဖြင့် သိမြင်နိုင်ကာ ဆင်ဦးစီးနှင့် ဆင်တို့၏ ကောင်းမွန်သော ရင်းနှီးသည့်ဆက်သွယ်မှု၊ ဆက်နွှယ် မှုကို သိရှိနိုင်ပြီး မြန်မာ့သဘာဝသစ်တောများတွင် တောဆင်များကို ထိန်းသိမ်းကာကွယ်နိုင်စေရန်နှင့် ဆင်နှင့်ဆင်အစိတ်အပိုင်းများ တရားမဝင် ကူးသန်း ရောင်းဝယ်နေမှုများအား တားဆီးနှိမ်နင်းရေး လုပ်ငန်းများတွင် ပြည်သူလူထုသိမြင်နိုးကြားလာပြီး ပူးပေါင်းကူညီဆောင်ရွက်လာစေရန်၊ ဆင်များ သည် ဂေဟစနစ်အား ဟန်ချက်မျှစေသည့်ကဏ္ဍတွင် အရေးပါသည်ကို ဆင်ချစ်သူများနှင့် အများပြည်သူ လူထုသိရှိစေရန် ရည်ရွယ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်ဌေးက ရှင်းပြသည်။
ယခုဖွင့်လှစ်ပြသထားသည့် ပလင်းကမ်းသာယာ
ဆင်စခန်းဝင်းအတွင်းရှိ ဆင်ပြတိုက်တွင်
ဆင်များအကြောင်းလေ့လာနိုင်
ဆင်အကြောင်းသမိုင်း၊ အာရှဆင်များ၏ နေထိုင် ကျက်စားမှု၊ မြန်မာ့သစ်လုပ်ငန်းပိုင်ဆင်များ နေထိုင် ကျက်စားမှု၊ မြန်မာနိုင်ငံတွင် ဆင်များနေထိုင် ကျက်စားမှု၊ အာရှဆင်နှင့် အာဖရိကဆင်တို့၏ ခြားနားချက်၊ ဆင်များ၏ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်၊ ဆင်စွယ်အကြောင်း သိကောင်းစရာနှင့် မြန်မာနိုင်ငံ တွင် ဆင်စွယ်အမျိုးအစား ခွဲခြားထားမှုများ၊ မြန်မာ့ သမိုင်းတွင် ဆင်များ၏ အရေးပါမှု၊ မြန်မာနိုင်ငံမှ ဆင်ဖြူတော်များ၊ မြန်မာနိုင်ငံမှ တောဆင်များ ဆင်စွယ်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများအတွက် သတ်ဖြတ်ခံနေရသည့် အန္တရာယ်နှင့် ကြုံတွေ့နေရ သည့် နေရာပြကွက်များ၊ တောဆင်ရိုင်းများကို တရားမဝင်သတ်ဖြတ်၍ ဆင်နှင့် ပတ်သက်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများကမ္ဘာတွင် တရားမဝင် ဈေးကွက်ဖြစ်ပေါ်ရောင်းချနေကြပုံနှင့် ထိုသို့ပြုမူ သောပြစ်မှုများအတွက် ပြစ်ဒဏ်ချမှတ်မှုများ၊ နိုင်ငံ တော်အစိုးရအနေဖြင့် တောဆင်ရိုင်းများ ကာကွယ် ရေးနှင့် ဆင်နှင့် လူပဋိပက္ခများ ဖြေရှင်းရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းပြကွက်များ၊ ကမ္ဘာ့ ဆင်များနေ့အကြောင်းသိကောင်းစရာ၊ မြန်မာ့သစ် လုပ်ငန်း၏ အရေးပေါ်တောဆင်မောင်းအဖွဲ့ ဆောင် ရွက်နေမှုများ၊ မြန်မာ့သစ်လုပ်ငန်း၏ ဆင်များကို စနစ်တကျထိန်းသိမ်းပြုစုစောင့်ရှောက်ခြင်း ဆောင် ရွက်နေမှုများ၊ ဆင်များ၏ အလေ့အထ၊ သဘော သဘာဝ၊ အမူအကျင့်နှင့် ဇီဝကမ္မဆိုင်ရာ အချက် အလက်များ၊ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်များ၏ အသက်အရွယ်နှင့် အလုပ်လုပ်နိုင်စွမ်းအားကို မူတည်၍အတန်းအစားခွဲခြားထားခြင်း၊ ဆင်ဦးစီး များ ဆင်ကိုထိန်းချုပ်နိုင်သည့် အာရုံကြောနေရာများ၊ မှိန်းသင်ကြားခြင်းဆိုင်ရာ အချက်အလက်များ၊ မြန်မာ့သစ်လုပ်ငန်းမှ ဆင်အမြွှာပူး မွေးခဲ့သည့်မှတ်တမ်း၊ မြန်မာနိုင်ငံတွင် ဆင်ဦးစီးများ အသုံးပြုသည့် အမိန့် ပေးသံများ(စကားလုံး) လေ့လာနိုင်မည်ဖြစ်ကြောင်း လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုက ရှင်းပြ သည်။
ပလင်းကမ်းသာယာဆင်ပြတိုက်တွင် ဆင်များ ကို ထိန်းချုပ်ခိုင်းစေရာတွင် အသုံးပြုသည့် ပစ္စည်း ကိရိယာတန်ဆာပလာများ၊ တောတွင်းဆင်ဝန်ထမ်း များနေထိုင်သည့် ဆင်ဝိုင်းပုံစံငယ်အိမ်များ၊ နိုင်ငံတော် သစ်လုပ်ငန်းအဖွဲ့လက်ထက်က အသုံးပြုခဲ့သည့် ဆင်မှတ်ပုံတင်စာအုပ်၊ ဆင်တစ်ကောင်ချင်းစီ အတွက် အသေးစိတ်အချက်အလက်များ ရေးသွင်း ထားသည့် စာအုပ်ပုံစံ(ည)၊ သစ်ထုတ်ရေးဌာန၏ ဌာနဆိုင်ရာ ညွှန်ကြားလွှာ၊ အမှုထမ်းများ လိုက်နာရန် အမိန့်လက်စွဲစာအုပ်များ၊ အမျိုးအစားမတူသည့် ဆင်စွယ်လေးစုံ၊ ဆင်သားရေ၊ ဆင်စွယ်ဖြတ်စ၊ ဆင်မြီးများ၊ အသက် ၅၆ နှစ်အရွယ်တွင် သေဆုံးခဲ့ သည့် ဆင်တစ်ကောင်လုံး၏ အရိုးစုပြခန်း၊ မြန်မာ့ သစ်လုပ်ငန်းမှဆင်ဦးစီးယူနီဖောင်းဝတ်စုံ၊ ဆင်ထိန်း သိမ်းစောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်လုပ်ကိုင် နေမှုများ၊ ဆင်ဦးစီးများ၏ တောတွင်းနေထိုင်မှု ဘဝစသည့် ဗီဒီယိုဖိုင်များပြသထားသည့် ဆင်နှင့် ပတ်သက်သည့် မှတ်တမ်းဗီဒီယိုပြသပေးထား ကြောင်း၊ ဆင်စွယ်များဖြစ်သည့် အခေါ်အဝေါ် သပိတ်ပိုက်ဆင်စွယ်စုံ၊ စွယ်တုတ်ဆင်စွယ်စုံ၊ စွယ်ဝိုက်ဆင်စွယ်စုံ၊ စွယ်စိုက်ဆင်စွယ်စုံများကိုလေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်
ဆင်စခန်းဝင်ကြေးအဖြစ် တစ်ထောင်ကျပ်၊ ဆင်စာတစ်ဗန်းတစ်ထောင်ကျပ်၊ ဆင်စီးခပြည်တွင်း ငါးထောင်ကျပ်နှင့် ပြည်ပဧည့်သည်များ တစ်သောင်း ကျပ်တို့အား ဆင်စခန်းဝင်ကြေးကောက်ခံကာ ဆင်ပြတိုက်အား အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်အောင် စီစဉ်ထားရှိပေးထားမည်ဖြစ်ကြောင်း သိရသည်။ ပလင်းကမ်းသာယာ ဆင်စခန်း ဧရာဝတီမြစ်ဘက် အထွက် လေညင်းခံတံတား တည်ဆောက်နေရာ လျှောက်လမ်းအရှည်ပေ ၁၁၀ ၊ တံတားပေါ်တွင် ဆဌဂံအဆောင် (၂၄ ပေ ၃၀ ပေ) တစ်ဆောင်ပါဝင်ကာ တံတားစုစုပေါင်းအရှည်ပေ ၁၃၀ ၊ တံတား လျှောက်လမ်းခန်းပွင့်အကျယ် ၈ ပေ၊ ဆဌဂံဆောင် အခန်းဖွင့်အကျယ် ၆ ပေ၊ တံတားတိုင်ပေါင်း ၈၃ လုံး(ကျွန်း)များဖြင့် တည်ဆောက်ပြီး ဆင်ပြတိုက်နှင့် အတူလေ့လာ လေညင်းခံနိုင်ရန် ဧရာဝတီမြစ်ကြောင်း အလှကြည့်ရှုနိုင်သည်။ ရှုခင်းကြည့်တံတားပေါ်မှ ရှုခင်းကြည့်နိုင်ပြီး ဆင်စခန်းသို့ လာရောက်လေ့လာလည်ပတ်သူများနားနေနိုင်ရန် မြစ်ကမ်းဘေး တစ်လျှောက် ခြေတံရှည် ထန်းရွက်မိုးနားနေတဲများ၊ သစ်ပင်ကြီးများနှင့် တွဲတည်ဆောက်ထားသည့် နားနေဆောင်များပေါ် တွင် အပန်းဖြေနိုင်သေးကာ ပလင်းကမ်းသာယာ ဆင်စခန်းတွင် စွယ်စုံဆင်ထီး သုံးကောင်နှင့် ဆင်မလေးကောင် စုစုပေါင်းခုနစ် ကောင်ရှိပြီး ဆင်စခန်းရှိ လေဘယ်အညွှန်း လမ်းညွှန်များအားလုံး မြန်မာ- အင်္ဂလိပ် နှစ်ဘာသာ ဖြင့် ရေးသားထားကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)
- Log in to post comments