အလှရွှန်းစို မြကျွန်းညိုက ခဏကွန်းခိုရာ အမိတက္ကသိုလ်သို့

Type
6

 

 

စန်းနီလာဝင်း

 

ယခုနှစ်ဆိုလျှင်   အမိရန်ကုန်တက္ကသိုလ်ကြီးသည်   နှစ် ၁၀၀ ပြည့်ကို  တစ်နှစ်လွန်လာပြီဖြစ်၍    သက်တမ်း ၁၀၁ နှစ်ပြည့် သက်တော်ရှည် တက္ကသိုလ်ကြီး ဖြစ်နေပေပြီ။ “ပညာကို တန်ဆောင်၊  ဝီရိယကို ရွှေဂူချောင်၊ အမှန်ကိုသိမှ ကဝိအရာကို ခံရသည်” ဟူသော ဆိုရိုးစကားကဲ့သို့ အသိပညာရှင်၊ အတတ်ပညာရှင်များဘဝဖြင့် ရပ်တည်နိုင်အောင် ပညာရည်နို့သောက်စို့ခွင့်ရရှိကြသည့် အမိတက္ကသိုလ်ကြီး၏ ကျေးဇူးတရားတို့က ကြီးမားလှပါဘိ။
ထို့ကြောင့်    “နတ္ထိ သမံ ဝိဇ္ဇာ မိတ္တံ- ပညာနှင့်တူသော      မိတ်ဆွေဟူသည် မရှိနိုင်”      (There’s no friend like wisdom) ဟူသော အမိရန်ကုန်တက္ကသိုလ် ၏ ပညာဆောင်ပုဒ်သည် လောကီသစ္စာ တရားအဖြစ်    အမြဲမှန်ကန်နေမည်သာ ဖြစ်သည်။     လူ့အဖွဲ့အစည်းအတွက် “လူ့စွမ်းအားအရင်းအမြစ်များ    ဖွံ့ဖြိုး တိုးတက်ရေး”   (Human   Resources Development) အတွက် စဉ်ဆက်မပြတ် ဖြန့်ဝေပေးနေသည့်  နေရာဌာနများမှာ တက္ကသိုလ်၊   ကောလိပ်၊   သိပ္ပံ စသည့် အဆင့်မြင့်     ပညာသင်ကျောင်းများနှင့် အခြေခံ ပညာစာသင်ကျောင်းများအားလုံး ပင် ဖြစ်ကြသည်။
ပညာသင်ဘဝမှ   ပညာရှင်ဘဝသို့ ရောက်ရှိလာအောင် ပညာအမွေပေးလျက် ရှိသည့်     ပညာဘဏ္ဍာတိုက်ကြီးအဖြစ် ရပ်တည်လျက်ရှိခြင်းကြောင့် အမိရန်ကုန် တက္ကသိုလ်ကြီး၏ ကြင်နာနွေးထွေးသော ရင်ခွင်ဝယ် ခိုလှုံလာကြသည့် ပညာသင် မောင်မယ်တို့အဖို့ လူ့ဘဝ၏ ရတောင့်ရခဲ  လှသော ဒုလ္လဘ ဘဝဟု  ဆိုနိုင်ပါသည်။ အမိရန်ကုန်တက္ကသိုလ်ကြီး၏ သက်တမ်း ကို ၁၈၇၈ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သော “ရန်ကုန်ကောလိပ်” စတင်ပေါ်ပေါက်ခဲ့ ချိန်မှ ရေတွက်မည်ဆိုပါလျှင် နှစ်ပေါင်း ၁၄၃ နှစ် ရှိနေပြီဖြစ်ပါသည်။
၁၈၇၈ ခုနှစ်တွင် “ရန်ကုန်ကောလိပ်” (Rangoon College)   ဘဝမှ ၂၆ နှစ် ကြာလာသောအခါ ၁၉၀၄ ခုနှစ်၌ “အစိုးရ ကောလိပ်” (Government College) ဟု ပြောင်းလဲအမည်ပေးခဲ့သည်။ ထိုစဉ်က အိန္ဒိယနိုင်ငံရှိ “ကာလကတ္တားတက္ကသိုလ်” (University of Culcatta)၏   လက် အောက်ခံဖြစ်ခဲ့ပြီး ၁၉၂၀ ပြည့်အရောက် ၂၄ နှစ်ကြာမြင့်လာတော့မှသာ “ရန်ကုန်   ယူနီဗာစီတီကောလိပ်”      (Rangoon University College)နှင့် “ဂျပ်ဆင်ခေါ် ယုဒသန်ကောလိပ်” (Judson  College)တို့ကိုပူးပေါင်း၍   “ရန်ကုန်တက္ကသိုလ်” (Rangoon University) ဟု ခေါ်ဝေါ် သတ်မှတ်ခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ်ဥပဒေကို ၁၉၂၀ ပြည့်နှစ်   ဩဂုတ်လ ၂၈ ရက်နေ့တွင် ထိုစဉ်က ပညာမင်းကြီး “မက်ဟန်းတား” က တင်သွင်းခဲ့ပြီး ဥပဒေပြုကောင်စီက အတည်ပြုခဲ့သည်။ စက်တင်ဘာ  ၂၆ ရက် နေ့တွင် ဒုတိယဘုရင်ခံက သဘောတူခဲ့ပြီး အောက်တိုဘာ ၂၄ ရက်နေ့တွင် ဘုရင်ခံ ချုပ်က သဘောတူခဲ့ရာ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ   ၁    ရက်နေ့တွင်     “ရန်ကုန် တက္ကသိုလ်အက်ဥပဒေ”(The University of Rangoon Act,1920) စတင်အာဏာ တည်ခဲ့သည်။
အမျိုးသားပညာရေးလှုပ်ရှားမှုအောင်ပွဲ များမှသည် တစ်မျိုးသားလုံးလွတ်မြောက် ရေးဆီသို့
ထိုစဉ်က    အင်္ဂလိပ်နယ်ချဲ့အစိုးရ ကျင့်သုံးခဲ့သော ပညာရေးစနစ်မှာ ကိုလိုနီ အုပ်ချုပ်ရေးယန္တရားအတွက် မရှိမဖြစ် ဝန်ထမ်းများကိုသာ   လေ့ကျင့်မွေးထုတ် သွားရန် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ မျိုးချစ် ကျောင်းသားခေါင်းဆောင်များနှင့် မြန်မာမျိုးချစ်ခေါင်းဆောင်တို့သည် အမိ  မြန်မာပြည်တွင်   အဆင့်မြင့်တက္ကသိုလ် ရှိစေလိုသော်လည်း အင်္ဂလိပ်နယ်ချဲ့အစိုးရ တစ်ဖက်သတ်   ပြဋ္ဌာန်းခဲ့သော  ရန်ကုန် တက္ကသိုလ်အက်ဥပဒေအရ တည်ထောင် မည့် တက္ကသိုလ်မျိုးကို လုံးဝ မလိုလားခဲ့ ကြသောကြောင့်     ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပြီး     ရန်ကုန်တက္ကသိုလ် အတွက် လိုလားချက်များကို ပြတ်ပြတ် သားသား တောင်းဆိုခဲ့ကြသည်။ ရန်ကုန် တက္ကသိုလ်အက်ဥပဒေအရ   တက္ကသိုလ် ကောင်စီတွင် အဖွဲ့ဝင် ၄၆ ဦး ပါဝင်မည် ဖြစ်ပြီး   ထိုအထဲ၌   မြန်မာ  ၅  ဦးသာ   ပါဝင်ခွင့်ရှိသည်ကို ကြည့်ရုံနှင့်ပင်   တရား မျှတမှု ရှိ မရှိ သိသာလွန်းလှပါသည်။
ထိုစဉ်က     အင်္ဂလိပ်ပညာမင်းကြီး မစ္စတာ မက်ဟန်းတားကိုယ်တိုင် စာသင် ကျောင်းများတွင် ဗြိတိသျှအစိုးရက ခွင့်ပြု ခဲ့သည့်  သတင်းစာများကလွဲ၍   အခြား မြန်မာသတင်းစာများ၊       ဂျာနယ်များ၊ မဂ္ဂဇင်းများကို     လုံးဝထားရှိခွင့်မပြုဘဲ ဖတ်ရှုခွင့်ပါ    တားမြစ်ပိတ်ပင်ခဲ့သည်။ ဆရာ၊ ဆရာမများကိုလည်း လုံးဝဖတ်ရှု ခွင့်မပြုဘဲ ဖျက်ဆီးပစ်ရမည်ဟု ၁၉၁၉ ခုနှစ် နိုဝင်ဘာ  ၅ ရက် ရက်စွဲဖြင့် အင်္ဂလိပ် ပညာမင်းကြီးက အမိန့်ထုတ်ပြန်ခဲ့သည်။ သို့ကလောက် ဖိနှိပ်ချုပ်ချယ်ခဲ့ကြသည်။
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ  ၅ ရက်နေ့ တွင်     ရန်ကုန်တက္ကသိုလ်မှ     မျိုးချစ် ကျောင်းသားခေါင်းဆောင်များက အင်္ဂလိပ် နယ်ချဲ့အစိုးရ၏ ကိုလိုနီပညာရေးစနစ်ကို ပယ်ဖျက်ပေးရန် အမျိုးသားရေးစိတ်ဓာတ် အပြည့်အဝဖြင့် ပထမအကြိမ် ရန်ကုန် တက္ကသိုလ်သပိတ်ကြီးကို ဆင်နွှဲခဲ့ကြရာ သူ့ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက်  မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု   မုခ်ဦး တံခါးကို စတင်ဖွင့်လှစ်နိုင်ခဲ့သည်။
ထို့ကြောင့်    အင်္ဂလိပ်နယ်ချဲ့အစိုးရ ကိုယ်စားလှယ်  ဒုတိယဘုရင်ခံ   ရန်ကုန် တက္ကသိုလ် အဓိပတိကြီး “ဆာရီဂျင်နယ် ကရက်ဒေါက်”   ကိုယ်တိုင်ပင်   အိန္ဒိယ ဘုရင်ခံချုပ်အား   “ရန်ကုန်တက္ကသိုလ် သပိတ်မှောက်သည့်အရေးကိစ္စကို ထိထိ ရောက်ရောက် မနှိမ်နင်းနိုင်လျှင် မြန်မာ နိုင်ငံသည်       အင်္ဂလိပ်လက်အောက်က လွတ်မြောက်သွားရန် အကြောင်းရှိသည်” ဟု   ကိုယ့်ဝမ်းနာကိုယ်သိထားဟန်ဖြင့်  ၁၉၂၁ ခုနှစ် ဇန်နဝါရီလတွင် အသေးစိတ် အစီရင်ခံတင်ပြခဲ့သည်ကို လေ့လာတွေ့ရှိ ရသည်။
၁၉၂၀ ပြည့်နှစ် ပထမအကြိမ် ရန်ကုန် တက္ကသိုလ်သပိတ်ကြီးမှ စတင်မျိုးစေ့ချ ပေးခဲ့သော အမျိုးသားပညာရေးလှုပ်ရှား မှုအောင်ပွဲကြီးမှ       တစ်မျိုးသားလုံး လွတ်မြောက်ရေး ကြိုးပမ်းမှုကို ဆက်လက် အမွေခံယူကာ ၁၉၃၆ ခုနှစ် ဒုတိယအကြိမ် ရန်ကုန်တက္ကသိုလ်သပိတ်၊ ၁၉၃၈ ခုနှစ် တတိယအကြိမ်     ရန်ကုန်တက္ကသိုလ် သပိတ်တို့တွင် ၁၃၀၀ ပြည့်နှစ် အရေး တော်ပုံကြီးနှင့်အတူ   တောင်သူလယ် သမား၊  အလုပ်သမားများနှင့်   ပြည်သူ တစ်ရပ်လုံး ပါဝင်ဆင်နွှဲခဲ့ကြသည်။ ထိုမှ  တစ်ဆင့်   အမျိုးသားလွတ်မြောက်ရေး အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သော  ဗမာ့လွတ်လပ်ရေးတပ်မတော်    (BIA) ပေါ်ပေါက်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေး ကို     တိုင်းရင်းသားပြည်သူတစ်ရပ်လုံး တစ်ခဲနက် ပါဝင်ဆင်နွှဲသည်။ ထိုမှတစ်ဆင့် လွတ်လပ်ရေးအောင်ပွဲကြီးကို ဆင်နွှဲနိုင်ခဲ့ ခြင်းပင်ဖြစ်သည်မှာ    သမိုင်းသက်သေ တည်ခဲ့ပြီးဖြစ်ပါသည်။
တက္ကသီလာပညာရွာ 
ပညာ၏နက်နဲသော အသုံးဝင်တန်ဖိုး နှင့်  စပ်လျဉ်း၍ အနန္တကျေးဇူးတော်ရှင် မြတ်ဗုဒ္ဓ သခင်က “ပညာသမာ အာဘာ နတ္ထိ = ပညာနှင့်တူသော အလင်းရောင် ဟူသည်  လုံးဝမရှိနိုင်”   ဟူ၍လည်း ကောင်း၊  “ပညာ နရာနံ ရတနံ =  ပညာ သည် လူတို့၏ ရတနာစစ်  ရတနာမှန် ဖြစ်သည်” ဟူ၍လည်းကောင်း ဟောကြား ညွှန်ပြတော်မူခဲ့သည်။
ပညာဖွေရှာလေ့လာဆည်းပူးနေရင်း နှင့် စပ်လျဉ်း၍   ၂၁ ရာစု ကမ္ဘာကြီး၌ လူ့ဘဝ တစ်လျှောက်လုံး လေ့လာသင်ယူ ပွားများရန် (Life Long Learning) တိုက်တွန်းနေခြင်းသည် ယနေ့ ကမ္ဘာ သည် “ပညာခေတ်” (Age of knowledge) ကို မျက်မှောက်ပြုနေရခြင်းကြောင့်ပင် ဖြစ်ပါသည်။
ပညာရှာဖွေသင်ကြားရေးနှင့် စပ် လျဉ်း၍ မြန်မာစာပေပညာရှင်ကြီးများက-
“အဋ္ဌာရသ၊ သိပ္ပအပြား အတတ်များကို၊ မှတ်သားသတိ၊ ပညာရှိတို့ ၊ တတ်သိအပ်စု၊ ထိုသိပ္ပကို၊ နှံ့မျှလုံခြုံ၊ မတတ်တုံလည်း၊ တစ်စုံတစ်ခု၊ တတ်အောင်ပြု၍၊ လူမှုကုံ အောင်၊  စီးပွားဆောင်လော့”   ဟူ၍ လောကသာရပျို့တွင် လည်းကောင်း၊
“စွဲမှတ်ပညာ၊ ဝိဇ္ဇာသိပ္ပ၊ တတ်စွမ်း လာမူ၊ ဓနဥစ္စာ၊ ရတနာကို ရှာလည်း ရလွယ်၊ ပြည့်စုံကြွယ်ဝ” ဟူ၍ သားရွှေဥ ဆုံးမစာတွင် လည်းကောင်း၊
“ပညာချို့တဲ့၊ ကျေးဇူးမဲ့က ဆုတ်သည့် လသို့ မကြာခဏ၊ ရွေ့လျားရာ၏၊ ပညာ မြင်မြော်၊ သူတော်အစစ်၊  ဖြစ်လာခဲ့က၊ ဆန်းသစ်လသို့၊ ကြွယ်ဝကုံလုံ၊ ဤလူ့ဘုံ၌၊ လုံးစုံဦးညွှတ်၊   ခမြဲဝပ်လျက်”    ဟူ၍ သားရွှေဥ ဆုံးမစာတွင်လည်းကောင်း၊
“မီးရောင်လရောင်၊       နေအရောင် ဉာဏ်ရောင်လွှမ်း၍မိုး၊    ပညာသမာ အာဘာနတ္တိ၊ မြတ်မုနိ ဟောရှိကျမ်းထိုထို” ဟူ၍ သုတရတနာ ဆုံးမစာတွင်   လည်း ကောင်း၊ 
“ရန်သူတွေဆဲ၊ စစ်မြေပွဲဝယ်၊ ရဲရင့်သူ ကို အလွန်လို၏။ ငြိုငြင်ရေးရာ၊ တွေ့သော အခါ၌ ပညာကဝိ၊ အလိုရှိ၏”
“သိပ္ပလျှို့ဝှက်၊  ခဲခက်ရေးရာ တွေ့ သောခါမှ ပညာရှိ၏၊ သတ္တိအထူး ဂုဏ် ကျေးဇူးကို ချီးကျူး ပြောပစရာတည်း” ဟူ၍ လောကနီတိပျို့တွင်လည်းကောင်း၊ “သူမြတ်ပဏ္ဍိ၊   ပညာရှိနှင့်၊   မညှိမဆ၊ ပြုသမျှကား၊ မလှစီးပွား၊  ရေနစ်ဆားသို့၊ ပျက်ပြားတတ်စွာ၊ မချမ်းသာဘူး”  ဟူ၍ မဃဒေဝ လင်္ကာကျမ်းတွင်လည်းကောင်း ရေးစပ်လမ်းညွှန်ထားသည်မှာ ပညာသင် မောင်မယ်တို့အတွက်     အထူးလိုက်နာ မှတ်သားဖွယ် ဖြစ်ပါလိမ့်မည်။
အဓိပတိလမ်းနှင့် ကံ့ကော်တန်းမှ 
မှာတမ်းလွှာ
မေတ္တာလမ်းနှင့် သစ္စာပန်းတို့ လန်း ဆန်းရာ အဓိပတိလမ်းမကြီးမှ ကံ့ကော် တန်းတစ်လျှောက် ဝဲယာနေရာအသီးသီး နှင့်   အင်းလျားလမ်း၏   ဘေးတစ်ဖက် တစ်ချက်စီတွင် ကံ့ကော်အလှနှင့်ယှဉ်ပြိုင် ကာ စွယ်တော်၊ ခတ္တာ၊ ဇီဇဝါ၊ ပိတောက် ရွှေဝါတို့က   နေရာယူလျက်ရှိကြသည်။ စွယ်တော် ရွက်ရယ်က နှစ်လွှာပေါင်းကာမှ တစ်ရွက်ဖြစ်ရသည်မို့ တစ်နှစ်မှာ တစ်ခါ သာ ပွင့်ရရှာသည့် ပိတောက်ရွှေဝါတို့၏ ချစ်သစ္စာကို အနီးအနားက ရေတမာက  မရောမရာ နေရာလုမည်ဆိုပါက အချစ် သရုပ်ကို သစ်ပုတ်ပင်ကြီးက သက်တော် ရှည်ပြီမို့ အမျက်တော်ရှနေမည်လားမသိ။ 
ကံ့ကော်တောက ချောနှမသို့
“ရွှေကံ့ကော် ဇမ္ဗူလုံးမှာဖြင့် 
ယူကျုံးလို့ မွှေးရနံ့ဖြာ
ယဉ်မဆုံးနိုင်ဘု
ပင်လုံးကုန် ခိုင်ညှာတံမှာတော့ 
နံ့သာကျန် အဝါရောင်နှောပါလို့ 
ယဉ်တစ်မူ မြင်သူမော လောက်ပါဘိ
အော် အမိရယ်
ယခုဘဝမယ် 
အနုအလှ အယုအယရယ်နဲ့ 
သမုဒယပန်းကို  လှမ်းဆွတ်ချင်စမ်း”
ဟူ၍     ကဗျာဖွဲ့ကာ    စာနွဲ့ကာနှင့် ကဗျာသီကုံး    စာပန်းချီမွှမ်းကြသည့် ပညာသင်လုလင်ပျိုများလည်း    ရှိကြ ရော့မည်။
ရင်ထဲက ပိတောက် ကဗျာ
xxx တစ်နှစ်တွင် တစ်လပေပ
တစ်လတွင် တစ်ရက်ထဲ
ခက်ခဲတဲ့ ရက်မကြာ
ပွင့်ရှာကြ ပိတောက်ပန်း
မြကေခိုင် ကေသာဦးမှာ
သူခူးကာ ပန်ပေးမည်ထင်
အလှတွင် အယဉ်ဆင့်လို့
အသွင်တင်မည့် ဂုဏ်အင်
ရင်ထဲတွင် တိတ်တခိုးရယ်မို့
စိုးထိတ်မိတယ်လေး xxx
ဟူ၍ မရေရာသော ဝေဒနာများထဲမှ လှမှူးသခင်၊ ကံ့ကော်တောက  ချောနှမ များ၏   အသည်းနှလုံး   ပုလဲကုံးသဖွယ် မှုန်းသီစာဖွဲ့ ကဗျာအလှ စာအလှများကို ဖတ်ရှုခွင့်ရသူများလည်း ရှိကြရော့မည်။
သို့ကလို ကံ့ကော်တန်းဝယ် သမုဒယ လမ်းသို့ တူပြိုင်လျှောက်လှမ်းမိကြသည့် ပညာသင် မောင်မယ်တို့သည် တစ်နှစ်မှာ တစ်ခါသာ ချစ်ရှာနိုင်သည့် ပန်းပိတောက် ၏ သစ္စာတရားကို   အားကျရမည်သာ။ သို့မဟုတ်ပါက အချစ်သည် မပီပြင်ပါလျှင် သစ်ပုတ်ပင်ကြီး၏ ကျိန်စာသင့်လေမည် လား၊ အင်းလျားကန်သာထဲတွင် ရှပ်တိုက် ပြေးလွှားဆော့ကစားနေကြသော  ရေ လှိုင်းငယ်ကလေးများက မျက်ရည်စနှင့် သက်သေပြနေကြမည်လား။
ကိုလိုနီခေတ်တွင် အမျိုးသားပညာရေးလှုပ်ရှားမှုများမှ    တစ်မျိုးသားလုံး လွတ်မြောက်ရေး ပန်းတိုင်ကို လက်လှမ်း ကိုင်နိုင်ရန် မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ် စိတ်၊ ပြည်ထောင်စုစိတ်ဓာတ် ရှိကြသည်။ အမိရန်ကုန်တက္ကသိုလ်ကြီးနှင့် ကျောင်း သားခေါင်းဆောင်တို့သည် အမျိုးသား နိုင်ငံရေးကို   တာဝန်သိသိ   သစ္စာရှိရှိ ထမ်းဆောင်ကြကာ   သမိုင်းမော်ကွန်း ရေးထိုးနိုင်ခဲ့ကြသည်။
မျက်မှောက်ခေတ် စည်းကမ်းပြည့်ဝ သော    ဒီမိုကရေစီစနစ်တွင်  ပညာရေး နယ်ပယ်အသီးသီးမှ  ပညာသင်မောင်မယ် အားလုံးတို့သည် (၁)   စာရိတ္တဗလ၊ (၂) ဉာဏဗလ၊ (၃) ကာယဗလ၊ (၄) မိတ္တဗလ၊ (၅) ဘောဂဗလ ဟူသော ဗလငါးတန်နှင့် ပြည့်စုံအောင်  အတတ်နိုင်ဆုံး  ရိုးသား နိုးကြားစွာ ကြိုးစားကာ  ငြိမ်းချမ်းစွာ ပညာသင်ကြားကြပြီး ပညာသင်များဘဝ မှ ပညာရှင်များဘဝသို့ လည်းကောင်း၊ တိုင်းကျိုးပြည်ပြု    ခေါင်းဆောင်များ (Statesman)၊   တော်ဝင်ပညာရှင်များ (Academician)အဖြစ်သို့  လည်းကောင်း မိမိတို့ပညာဖြင့်  မိမိတို့ဘဝကို ရပ်တည် နိုင်ရေးဟူသော      ရည်ရွယ်ချက်များ အောင်မြင်အောင် ကြိုးပမ်းဖော်ဆောင် နိုင်ကြပါစေဟု      စေတနာဆန္ဒပြုအပ် သတည်း။