မြန်မာနိုင်ငံသားများ သတိထားရှောင်ရှားသင့်သည့် Cryptocurrency များ

Type
6

 

ကေဇက်
 

 

Cryptocurrency ဆိုသည်မှာ


ယနေ့တွင်   အွန်လိုင်းနှင့်    မစိမ်းသူတိုင်း Cryptocurrency ဆိုသည့် အသုံးအနှုန်းကို ကြားဖူး ကြမည်ဖြစ်ကာ  အချို့ကမူ  အွန်လိုင်းငွေကြေးစနစ် တစ်မျိုးဟု သိကြလိမ့်မည်ဖြစ်သည်။  အချို့ကမူ ဗဟိုချုပ်ကိုင်မှုကင်း၍   နောက်ကြောင်းလိုက်ရန် မဖြစ်နိုင်သော Bitcoin နှင့် Ethereum တို့ကဲ့သို့ အွန်လိုင်းငွေကြေးစနစ်ဟု ပို၍နီးနီးစပ်စပ်  သိလိမ့် မည်ဖြစ်သည်။ ထိုအချက်များသည် မှန်သော်လည်း Cryptocurrency များအကြောင်းကို ထဲထဲဝင်ဝင် အသေးစိတ်သိပြီဟု ဆိုနိုင်ဦးမည်မဟုတ်ပေ။

 


Cryptocurrency ဆိုသည်မှာ အွန်လိုင်းတွင် ငွေပေးချေမှုအတွက် ပုံမှန်ငွေစက္ကူစနစ်၊ ဘဏ်ငွေ လွှဲစနစ်နှင့်  မိုဘိုင်းငွေချေစနစ်တို့၏ အားနည်းချက် တို့ကို ဖြည့်ဆည်းနိုင်ရန် ၂၀၀၉ ခုနှစ်က စတင် ပေါ်ပေါက်လာသောစနစ်ဖြစ်သည်။ Cryptocurr-ency ၏ အဓိကအားသာချက်မှာ  အသုံးပြုသူ၏နောက်ကြောင်းကိုလိုက်ရန်      မဖြစ်နိုင်သလောက် ခက်ခဲခြင်းဖြစ်၍ ပေါ်ကာစတွင် အွန်လိုင်းမှ မူးယစ် ဆေး၊ လက်နက်နှင့်  ညစ်ညမ်းဗီဒီယိုများ အပါအဝင် တရားမဝင်ကုန်ပစ္စည်းများကို        အရောင်းအဝယ် လုပ်သူများ၊ ဟက်ကာများ၊ ငွေညှစ်သူများ အသုံးပြု ခဲ့ကြသည်။ အခြားအားသာချက်တစ်ခုမှာ Crypto-currency   များဖြင့်    ငွေပေးချေခြင်းအတွက် ဝန်ဆောင်ခသည် ပုံမှန်ဘဏ်ဝန်ဆောင်ခများထက် များစွာသက်သာခြင်းဖြစ်သည်။

 


Cryptocurrency ၏သဘော


Cryptocurrency အများစုကို coin ဟု နာမည် ပေးထားကြသည့်အတိုင်း    အကြွေစေ့သဘောကို ဆောင်သည်။ ဂိမ်းဆိုင်များတွင်သုံးသော အကြွေစေ့ သဘောမျိုးဖြစ်သည်။  မိမိပိုက်ဆံကို  အကြွေစေ့ဖြင့် လဲ၍  ဆိုင်အတွင်းမှ  ဂိမ်းအမျိုးမျိုးကို ကစားနိုင် သည်။ နိုင်လျှင် အကြွေစေ့ကို ဆိုင်တွင် ငွေသားဖြင့် ပြန်လဲနိုင်သည်။ မလဲလိုလျှင် အကြွေစေ့ကိုယူသွား၍ နောက်တစ်ခါဖြစ်စေ၊     အခြားဆိုင်ခွဲများတွင် ဖြစ်စေ   ထိုအကြွေစေ့များဖြင့်   ကစားနိုင်သည်။ အကြွေစေ့ကို   လက်ခံသည့်နေရာ    များလေလေ အကြွေစေ့များမှာ ပို၍ အသုံးဝင်လေလေဖြစ်သည်။ 

 


Crypto currency များမှာမူ ကိုင်တွယ်၍ရသော အကြွေစေ့များမရှိတော့ဘဲ    အကြွေစေ့မည်မျှ ပိုင်ကြောင်း စာရင်းသာရှိသည်။    ပိုက်ဆံပေးလျှင် အကြွေစေ့ရသည့်အစား အကြွေစေ့မည်မျှကိုဝယ် ကြောင်း၊ ဂိမ်းတွင် မည်မျှနိုင်၍  သို့မဟုတ် ရှုံး၍ လက်ရှိအချိန်တွင်   စုစုပေါင်း    အကြွေစေ့မည်မျှ ပိုင်ကြောင်း စသည်တို့ကိုသာ စာရင်းတွင် ထည့်ပေး လိုက်သည်။   ထိုစာရင်းကိုပြ၍ပင်   အကြွေစေ့ကို လက်ခံသော နေရာများတွင် ဂိမ်းဝင်ကစားနိုင်သလို အခြား   ဂိမ်းကစားလိုသူများထံ   ရောင်းချနိုင်သည့် သဘောဖြစ်သည်။ 

 


သို့သော် ဂိမ်းဆိုင်များ၏  အကြွေစေ့စနစ်တွင် အကြွေစေ့ကိုထုတ်လုပ်သူ  သို့မဟုတ် စာရင်းပြုစုသူ သည် ဆိုင်ရှင်ဖြစ်နေသေးသည်။  Cryptocurrency များတွင်   ပထမဆုံးပေါ်လာသည့်   Bitcoin မှာ ထုတ်လုပ်နေသည့်ဆိုင်ရှင်လည်းမရှိဘဲ   စာရင်းကို လည်း   အသုံးပြုသူအားလုံးထံ    ဖြန့်ဝေပေးထား သောပုံစံဖြင့် စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။  

 


ပထမဆုံး Cryptocurrency


ပထမဆုံးပေါ်ပေါက်လာပြီး   ယနေ့   တန်ဖိုး အမြင့်ဆုံးဖြစ်နေသော   Cryptocurrency   မှာ Bitcoin ဖြစ်သည်။    ဆာတိုရှီနာကာမိုတိုဟု အမည်ဝှက်ပေးထားသည့် နည်းပညာကျွမ်းကျင်သူ တစ်ဦး သို့မဟုတ်  အဖွဲ့တစ်ဖွဲ့က ၂၀၀၉ ခုနှစ်က တီထွင်ခဲ့မှုကြောင့်    ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဘဏ်များက   ထိန်းချုပ်နိုင်ခြင်းမရှိသော   ငွေကြေး တစ်မျိုးဖြင့်   ငွေပေးချေမှုများ   ပြုလုပ်ခြင်းဖြင့် အွန်လိုင်းငွေချေမှုကို ပိုမိုလွယ်ကူစေပြီး ဗဟိုဘဏ် များ၏ထိန်းချုပ်မှုကို  ဆန့်ကျင်နိုင်ရန် Bitcoin ကို တီထွင်ဖန်တီးခဲ့သည်။ (မှတ်ချက်-၂၀၁၅   ခုနှစ် ဝန်းကျင်တွင်    သြစတြေးလျနိုင်ငံသား    Craig Steven Wright ဆိုသူက ဆာတိုရှီနာကာမိုတိုသည် ၎င်းဖြစ်ကြောင်း ဝန်ခံခဲ့သော်လည်း မယုံကြည်ကြသူ များရှိခဲ့သည်။ Craig Wright သည် တရားရင်ဆိုင်ရမှု များရှိခဲ့ပြီး ယခု ၂၀၂၁ ခုနှစ်ထဲတွင်မှ ၎င်းသည် ဆာတို ရှီနာကာမိုတိုဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။)

 


Bitcoin ကို ရယူလိုသူများသည် နည်းလမ်းသုံးခု ဖြင့် ရရှိနိုင်သည်။ ပထမနည်းမှာ Bitcoin အကြောင်း ကို လူအများစိတ်ဝင်စားလာအောင် ကူညီပံ့ပိုးပေးသူ များအား ဆုကြေးအဖြစ်  Airdrops  ဟုခေါ်သော Bitcoin အနည်းငယ်ကို  Bitcoin  ဖန်တီးသူများက ထုတ်ပေးသည်။ ဒုတိယနည်းမှာ ဝယ်ယူခြင်းဖြစ်ပြီး ဈေးကွက်မဖွင့်မီကဆိုလျှင်    အလွန်သက်သာ၍ အလကားနီးပါးဈေးဖြင့် ကြိုတင်ဝယ်ယူနိုင်ခဲ့သည်။ တတိယနည်းအဖြစ် ဈေးကွက်ဖွင့်ပြီးနောက်တွင် စာရင်းအကူးအပြောင်းများကို   တွက်ချက်ရသည့် Mining အလုပ်ဖြင့်လည်း Bitcoin များကို  ရရှိနိုင် သည်။

 


Bitcoin  ကို   ပိုင်ဆိုင်ထားသူများသည် အခြား သော Bitcoin ကို ယုံကြည်သူများထံမှ ကုန်ပစ္စည်း များ သို့မဟုတ် ဝန်ဆောင်မှုများကို Bitcoin ဖြင့် ပေးချေနိုင်မည်။ ထို့နောက် Bitcoin ကို ဈေးကွက်ဖွင့် သည့်အခါ အသုံးပြုသူများလာပါက Bitcoin များ သည် တန်ဖိုးတက်လာ၍  ကြိုတင်ဝယ်ယူထားသူများ သည် အကျိုးရှိမည်ဟု ဆာတိုရှီနှင့်  Bitcoin ကို ထောက်ခံသူများက ကြေညာသည်။ ထိုအယူအဆ ကို   ယုံကြည်သူများက   Bitcoin များကို အမှန် တကယ်ငွေပေး၍   ဝယ်ယူကြခြင်းဖြင့်  Bitcoin စတင်ပေါ်ပေါက်လာသည်။

 


Bitcoin ၏ တန်ဖိုး


မည်သည့်အစိုးရ၏  ထိန်းချုပ်မှုအောက်တွင် မှမရှိ၊ မည်သည့်ဗဟိုဘဏ်၏  ကျောထောက်နောက်ခံ မှမရှိသော်လည်း အသုံးပြုနေသူများ၏   ယုံကြည်မှု သက်သက်ဖြင့် Bitcoin များသည် တန်ဖိုးမြင့်တက် လာခဲ့သည်။ ၂၀၀၈-၂၀၀၉ အတွင်း စတင်ထုတ်လုပ် သည့် Bitcoin  ၁ ဒသမ ၃ သန်းအနက်  အချို့ကို အခမဲ့ပေး၍  ၂၀၁၀ အထိ Bitcoin တစ်ခုလျှင် အမေရိကန်ဒေါ်လာ   ၀ ဒသမ ၀၁ အောက်သာ တန်ဖိုးရှိခဲ့ရာမှ ယခု ၂၀၂၁ နှစ်စတွင် Bitcoin တစ်ခု လျှင် အမေရိကန်ဒေါ်လာ ၁၈၅၀၀ ကျော် တန်ဖိုးရှိခဲ့ သည်။ ၂၀၂၁ အတွင်း နိုဝင်ဘာ ၈ ရက် တွင် Bitcoin တစ်ခုလျှင်   အမေရိကန်ဒေါ်လာ ၅၈၀၀၀  ကျော် အထိ အမြင့်ဆုံးတက်ခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်တွင် ဒေါ်လာ ၄၁၅၀၀ ကျော် တန်ဖိုးရှိနေသည်။

 


၁၂ နှစ်အတွင်း  အဆပေါင်းများစွာ တန်ဖိုး မြင့်တက်လာရာတွင်   ဆက်တိုက်အတက်ချည်း မဟုတ်ဘဲ အတက်အကျများဖြစ်ရင်းမှ   ယခုအခြေ အနေအထိ ရောက်လာခြင်းဖြစ်သည်။ ထိုသို့ အဆ များစွာ တန်ဖိုးတက်လာသဖြင့် Bitcoin သည် ငွေပေးချေရာတွင်သုံးသော   ငွေကြေးတစ်ခုအဖြစ် သာ မဟုတ်တော့ဘဲ ဈေးကျချိန်တွင်   ဝယ်စု၍ ဈေးတက်ချိန်တွင် ထုတ်ရောင်းသည့်   ကုန်ပစ္စည်း တစ်ခုပမာလည်း ဖြစ်လာသည်။

 


ရွှေကဲ့သို့ပင်ဖြစ်သည်။ ရွှေကို မည်သည့်အစိုးရ ကမှ တန်ဖိုးသတ်မှတ်မထားသော်လည်း ရွှေသည် တန်ဖိုးရှိသည်ဟု လူအများက ယုံကြည်လက်ခံသဖြင့် တန်ဖိုးရှိနေသကဲ့သို့ Bitcoin သည်လည်း အသုံးပြု နေသူအများအပြားက တန်ဖိုးရှိသည်ဟု  ယုံကြည် လက်ခံသဖြင့် တန်ဖိုးရှိနေခြင်းဖြစ်သည်။ ထို့အပြင် Bitcoin များကို ရွှေကဲ့သို့  ရှားပါးပြီး အတုလုပ်မရ နိုင်အောင်၊   အရေအတွက်   အကန့်အသတ်မရှိ ထုတ်လုပ်ခြင်းမပြုနိုင်အောင် ဘလော့ချိန်း(Block Chain)ဟုခေါ်သော  နည်းပညာဖြင့်  ထိန်းချုပ်ထား သည်။ 

 


သို့သော် Bitcoin နှင့်ရွှေ၏ ကွာခြားချက်မှာ ရွှေကိုပိုင်ဆိုင်ထားလျှင်  လက်ဆုပ်လက်ကိုင်ပြ နိုင်သော်လည်း Bitcoin မှာ  အွန်လိုင်းပေါ်တွင်သာ ရှိသော   ကိန်းဂဏန်းများသာဖြစ်ကာ    လက်ဆုပ် လက်ကိုင်ပြစရာ ငွေသားဟူ၍မရှိခြင်းဖြစ်သည်။

 


Cryptocurrency ကို အသုံးပြုပုံ


Bitcoin ကိုဖြစ်စေ၊ အခြား Cryptocurrency များကိုဖြစ်စေ အသုံးပြုနိုင်ရန်အတွက်  အသုံးပြုသူ အကောင့်(User Accounts)များနှင့်  ပိုက်ဆံအိတ် (Wallet)ဟုခေါ်သော အက်ပလီကေးရှင်းများကို လိုအပ်သည်။ Wallet များမှာ ဘဏ်များ၏ အွန်လိုင်း အက်ပလီကေးရှင်းများကဲ့သို့ပင်ဖြစ်ပြီး ထိုအက်ပလီ ကေးရှင်းတွင် မိမိတို့၏ Cryptocurrency အကောင့် များကို ဖွင့်ရသည်။ လက်ရှိတွင် Cryptocurrency ကို လက်ခံသော နည်းပညာရှင်များ၊ Cryptocurr-ency  များကို  ထုတ်လုပ်ထားသော လုပ်ငန်းများက Wallet   အက်ပလီကေးရှင်းများကိုလည်း  အခမဲ့ ထုတ်ပေးထားပြီး  Wallet တစ်ခုတည်းဖြင့် အမျိုး အစားမတူသော Cryptocurrency အများအပြားကို အသုံးပြုနိုင်သည်။

 


ဘဏ်များ၏  အက်ပလီကေးရှင်းများနှင့် မတူ သည့်အချက်မှာ Wallet အကောင့်ဖွင့်ရန်အတွက် မိမိ၏အမည်ရင်း အပါအဝင် အချက်အလက်အမှန် များကိုပေးရန် မလိုအပ်ခြင်းဖြစ်သည်။ အကောင့် ဖွင့်ပြီးပါက အင်္ဂလိပ်အက္ခရာ အကြီးအသေးများနှင့် 0 မှ 9 အထိကြား ကိန်းဂဏန်းများ ရောနေသော အကောင့်နံပါတ်ကို  ရရှိမည်ဖြစ်ကာ  ယင်းအကောင့် နံပါတ်ဖြင့် ငွေလွှဲခြင်း၊ ငွေလက်ခံခြင်း၊ ငွေပေးချေ ခြင်းများ ပြုလုပ်နိုင်သည်။

 


Blockchain နည်းပညာ  


Bitcoin အပါအဝင် Cryptocurrency များကို ပေါ်ထွက်လာစေသည့် နည်းပညာမှာ  ဘလော့ချိန်း (Blockchain)  နည်းပညာဖြစ်သည်။ Block နှင့် chain ဟူသော စကားလုံးနှစ်လုံးပါဝင်ပြီး ဘလော့ များကို ချိတ်ဆက်ထားခြင်းဟု တိုက်ရိုက်အဓိပ္ပာယ် ဖွင့်နိုင်သည်။ လူတစ်ဦးချင်း ပိုင်ဆိုင်သော Wallet များထဲမှ   မှတ်တမ်းမှတ်ရာများသည်   ဘလော့များ ဖြစ်ပြီး   ၎င်းတို့အကြား   ငွေပေးငွေယူမှုများသည် ချိန်းများဖြစ်သည်။ ထိုဘလော့ချိန်းများ၏ မှတ်တမ်း ကို တွက်ချက်သိမ်းဆည်းထားသော  ပင်မကွန်ပျူတာ (ဆာဗာ)မရှိဘဲ    အသုံးပြုသူများအားလုံး   ကြည့်ရှု နိုင်ရန် ဖြန့်ဝေပေးထားသည်။ လူတိုင်းဝင်ကြည့်နိုင်၊ စစ်ဆေးနိုင်သော လယ်ဂျာစာအုပ်ကဲ့သို့ ဖြစ်သည်။ 

 


ဘလော့ချိန်းနည်းပညာသည် ပင်မဆာဗာစနစ် ကို  မလိုအပ်သော်လည်း   အချက်အလက်ပိုင်းတွင် အလွန်လုံခြုံသည်။    အချက်အလက်အားလုံးကို အသုံးပြုသူအားလုံးထံ    ဖြန့်ဝေပေးထားသဖြင့် စာရင်းတစ်ခုကိုပြောင်း၍ Bitcoin ကို ခိုးယူလိုသူ သည် အသုံးပြုသူအားလုံးထံ  ဖြန့်ဝေရောက်ရှိနေပြီး သော  စာရင်းအားလုံးကို ပြောင်းလဲနိုင်မှသာ ခိုးယူ နိုင်မည်ဖြစ်သည်။

 


ထို့ကြောင့်ပင်မဆာဗာစနစ်  မလိုဘဲ  အသုံးပြု သူအားလုံးထံ   ဖြန့်ဝေပေးထားကာ   ပွင့်လင်း၍ လုံခြုံမှုလည်းရှိသည့်   ဘလော့ချိန်းနည်းပညာကို Cryptocurrency    တွင်သာမက    အခြားကဏ္ဍ နယ်ပယ်အသီးသီးတွင် အသုံးပြုရန်အတွက်လည်း ပညာရှင်များက ဆက်လက်လုပ်ဆောင်နေကြသည်။

 


Cryptocurrency များကို   စာရင်းတစ်ခုမှတစ်ခု သို့ လွှဲပြောင်းရာတွင် အလွန်လျှို့ဝှက်သော SHA-256 Hash ဟုခေါ်သည့်     ဝှက်စာစနစ်ကိုသုံးပြီး ငွေပေးသူနှင့် လက်ခံသူများက Private Key နှင့် Public Key ဟုခေါ်သည့် စနစ်များဖြင့် စိစစ်ရသည်။ ထိုသို့စိစစ်ထားသဖြင့် အကောင့်တစ်ခုမှ    အခြား တစ်ခုသို့ ငွေပမာဏတစ်ခုကို လွှဲပြောင်းပေးလိုက် သည့်အခါတိုင်း ငွေလွှဲကြောင်းကို တွက်ချက်ဖော်ပြ ရန်  အလွန်ရှုပ်ထွေးသော ဝှက်စာတွဲများ ပေါ်ထွက် လာသည်။  ထိုဝှက်စာတွဲကို   အသုံးပြုသူအားလုံး ရိုးရိုးရှင်းရှင်းမြင်နိုင်အောင်       ဖြန့်ဝေဖော်ပြရန် တွက်ချက်ရမည့် လုပ်အားနှင့် အချိန်လည်း   လိုအပ် လာသည်။

 


Mining လုပ်ခြင်းဆိုသည်မှာ


ထိုသို့ တွက်ချက်သည့်အလုပ်ကိုလုပ်ရန်   ပင်မ ကွန်ပျူတာစနစ်မရှိသဖြင့်     လုပ်ပေးသူများအား ဆုကြေးအဖြစ် Cryptocurrency  အနည်းငယ်ကို ပြန်ပေးသည်။   ဆုကြေးရလိုသူ   မည်သူမဆို တွက်ချက်သည့်အလုပ်ကို လုပ်နိုင်ပြီး  ဆုကြေးရသူ များသည် ၎င်းတို့၏ Wallet များဖြင့် ဆုကြေးကို လက်ခံရရှိမည်ဖြစ်သည်။   ထိုသို့   တွက်ချက်သည့် အလုပ်ကို သတ္တုတူးဖော်သည်ဟု   အဓိပ္ပာယ်ရသည့် Mining လုပ်ခြင်းဟု ခေါ်သည်။

 


Bitcoin ကို အစပိုင်းတွင် အသုံးပြုသူနည်းခဲ့ချိန် က Mining ဆော့ဖ်ဝဲကို သာမန်ကွန်ပျူတာတစ်လုံး တွင်တင်၍ Mining လုပ်နိုင်သော်လည်း နောက်ပိုင်း တွင် Wallet အကောင့်များနှင့် ငွေပမာဏတို့ အလွန် များပြားလာသောအခါ သာမန်ကွန်ပျူတာများဖြင့် မတွက်နိုင်တော့ဘဲ      စူပါကွန်ပျူတာ    အလုံးရေ အများအပြားဖြင့်သာ      တွက်ချက်ယူရသည်။ ကွန်ပျူတာကို အချိန်ပြည့် အင်တာနက်ဖွင့်ထားရပြီး စွမ်းအားပြည့် တွက်ချက်နေရသဖြင့် မီတာခလည်း အလွန်ကုန်သည်။   ထိုသို့    အသစ်ရရန်ခက်ခဲပြီး အသုံးပြုလိုသူက  များပြားလာသည့်အခါ Bitcoin ၏တန်ဖိုးသည် ပိုတက်လာသည်။

 


၂၀၀၈-၂၀၀၉ ခုနှစ်က  Bitcoin အရေအတွက် ၁ ဒသမ ၃  သန်းကို စတင်ထုတ်လုပ်ပြီးနောက် Bitcoin ကို   ထပ်ထုတ်ခြင်းမရှိတော့ဘဲ    Mining လုပ်သူများကိုပေးသည့် ဆုကြေးအဖြစ်  Bitcoin အသစ်များကို Bitcoin ပရိုဂရမ်က ထပ်မံထုတ်ပေး ရာ ၂၀၂၁ နိုဝင်ဘာလအထိ လည်ပတ်သုံးစွဲနေသည့် Bitcoin အရေအတွက်မှာ ၁၈ ဒသမ ၈ သန်းကျော် ရှိနေသည်။ Bitcoin ကို အများဆုံး ၂၁ သန်းအထိသာ ထုတ်လုပ်နိုင်ရန် ပရိုဂရမ်စီစဉ်ထားခဲ့ရာ နောက်ပိုင်း တွင် Mining လုပ်ခြင်းမှရသည့်  ဆုကြေးမှာလည်း ပို၍နည်းလာသည်။ ဆုကြေးပေးသည့်စနစ်တွင် သတ်မှတ်ပမာဏတစ်ခုသို့    တစ်ကြိမ်ရောက်တိုင်း ဆုကြေးပမာဏကို တစ်ဝက်လျှော့ချသည်။

 


ထုတ်ဝေသူရှိသော Cryptocurrency များ

 

ပထမဆုံး Cryptocurrency ဖြစ်သည့် Bitcoin သည် အာမခံချက်မရှိသည့်တိုင် အသုံးပြုသူများ၏ ယုံကြည်လက်ခံမှုဖြင့်    အလွန်အောင်မြင်လာပြီး နောက်   နည်းပညာ    ကုမ္ပဏီအချို့ကလည်း Cryptocurrency များကို ထုတ်လုပ်ရန် စိတ်ကူး လာသည်။   ဂိမ်းဆိုင်များက    အကြွေစေ့များကို ထုတ်ဝေသကဲ့သို့ဖြစ်သည်။ ငွေရင်းမည်မျှမတည်၍  Cryptocurrency မည်မျှကို ထုတ်လုပ်ရောင်းချမည်၊ Cryptocurrency တစ်ခုလျှင်     တန်ကြေးမည်မျှ ရှိသည်(ဥပမာ တစ်ဒေါ်လာ)၊  ဝယ်ယူသူများသည် ထို Cryptocurrency   များကို   လက်ခံသော နေရာတိုင်းတွင်   အမည်မဖော်ဘဲ   လျှို့ဝှက်စွာ ငွေပေးချေနိုင်သကဲ့သို့ အခြားနေရာများက  လက် မခံလျှင်လည်း     မိမိတို့ကုမ္ပဏီက   အချိန်မရွေး (တစ်ဒေါ်လာဖြင့်) ပြန်လည်ဝယ်ယူပေးမည် စသည့် အာမခံချက်ဖြင့်  Cryptocurrency အသစ်များကို ထုတ်လုပ်ရောင်းချလာသည်။  

 


ထိုစနစ်မှာ Bitcoin ကဲ့သို့သော Cryptocurr-ency များထက် အာမခံချက်ရှိသလို တန်ကြေးမှာ လည်း   အတက်အကျမရှိဘဲ   သတ်မှတ်နှုန်းထား အတိုင်း  တည်ငြိမ်စွာ  ရှိနေမည်ဖြစ်သည်။ ထိုသို့ နှုန်းထားတစ်ခု ပုံသေသတ်မှတ်ထားသော Crypto-currency များကို Stablecoin ဟု ခေါ်သည်။ 

 


မြန်မာနိုင်ငံနှင့် Cryptocurrency များ 


ဆောင်းပါးအစတွင် ရေးခဲ့သလို မြန်မာနိုင်ငံတွင် Cryptocurrency ဆိုသည်ကို ကြားဖူးသူများသော် လည်း   အသေးစိတ်သိသူ   နည်းပါးသေးသည်။ ထိုအချက်ကြောင့်ပင် မြန်မာနိုင်ငံ၌ Cryptocurr-ency အသစ်များ မိတ်ဆက်သည်ဟုဆိုကာ ပြည်ပမှ ကုမ္ပဏီအချို့က အကြီးအကျယ်  ငွေကြေးလိမ်လည် မှုများ ၂၀၁၅ မှ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ဖူးသည်။ လူအများစု၏   မသိနားမလည်မှုကို    အခွင့်အရေး ယူကာ  Cryptocurrency   အသစ်များကြောင့် မည်သို့ အကျိုးကျေးဇူးရမည်ဖြစ်ကြောင်း မက်လုံး ပေးသည်။ ဈေးကွက်မဖွင့်၍ လုံးဝတန်ကြေးမရှိသေး သည့် Cryptocurrency အသစ်ကို   Bitcoin နှင့် တူသယောင်ပြော၍ လိမ်သည်။ 

 


ပြည်ပမှကုမ္ပဏီများဝင်လာပြီး  SCoin,  First Coin, JCoin စသည်ဖြင့် Cryptocurrency  အသစ် များကို ထုတ်လုပ်၍   မြန်မာနိုင်ငံတွင် မိတ်ဆက် တော့မည်ဟုဆိုကာ   လက်ဆုပ်လက်ကိုင်ပြစရာ မရှိသော Cryptocurrency များကို ပြည်သူများ၏ လက်ထဲမှ တန်ဖိုးရှိသော ကျပ်ငွေဖြင့်    ဝယ်ယူစေ သည်။   ထို့နောက်တွင်   ဈေးကွက်ပင်မဖွင့်ဘဲ လိမ်သွားကြတော့သည်။ လိမ်ရာတွင် ဝယ်ယူမည့် သူများ  ယုံကြည်စေရန် ရန်ကုန်နှင့် မန္တလေးမြို့ကြီး များရှိ   အထင်ကရ   ဟိုတယ်ကြီးများ၌ မိတ်ဆက် ရှင်းလင်းပွဲများလုပ်ပြ၍ လိမ်ကြသည်။ ၎င်းတို့၏ Cryptocurrency များကို လူအများဝယ်ယူစေရန် လူငယ်များအား မားကတ်တင်းလုပ်စေပြီး လုပ်အား ခအဖြစ် Cryptocurrency ဖြင့်သာ ပေးချေသည်။ ထို့ကြောင့် ငွေရှိသူများ ငွေအလိမ်ခံရသလို ငွေမရှိ သော လူငယ်များမှာလည်း လုပ်အားနှင့် ရိုးဂုဏ်ကို ပါ အလိမ်ခံခဲ့ကြရသည်။ 

 


ထိုသို့သော လိမ်လည်မှုများကြောင့် ၂၀၂၀ ပြည့် နှစ် မေလထဲတွင် အစိုးရက  မြန်မာနိုင်ငံအနေဖြင့် မည်သည့် Cryptocurrency ကိုမှ    အသိအမှတ် မပြုကြောင်း    ကြေညာခဲ့ရသည်။   ထိုအချက်မှာ Cryptocurrency စနစ်သည် ကောင်းသည်ဖြစ်စေ/ဆိုးသည်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့်မူ လက်ခံရန် မသင့်တော်သေးကြောင်း ဖော်ပြသည့် ကြေညာချက် လည်း ဖြစ်ခဲ့သည်။

 


Cryptocurrency များနှင့် ယနေ့ကမ္ဘာ့အခြေအနေ 


လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌  ဗဟိုဘဏ် ထိန်းချုပ်မှုကင်းသော နာမည်ကြီး Cryptocurrency နှစ်ခုဖြစ်သည့် Bitcoin နှင့် Ether ဟုခေါ်သည့် Ethereum တို့သာမက ထုတ်လုပ်ထိန်းချုပ်သည့် ကုမ္ပဏီများရှိသော Cryptocurrency များကိုလည်း အတော်အသင့်  အသုံးပြုမှု   များလာပြီဖြစ်သည်။ သို့သော် နိုင်ငံအလိုက် အစိုးရများ၏ လက်ခံမှုအနေ ဖြင့်မူ အယ်လ်ဆာဗေဒိုနိုင်ငံ တစ်နိုင်ငံတည်းကသာ Bitcoin ကို တရားဝင်လက်ခံ၍  Bitcoin Mining အလုပ်ကိုလည်းလုပ်မည်ဟု   ကြေညာထားသည်။

 


ယင်းမှအပ   မည်သည့်နိုင်ငံ၏     အစိုးရကမှ Cryptocurrency များကို တရားဝင်လက်ခံထားခြင်း မရှိသေးပေ။ Cryptocurrency စနစ်၏ ရှုပ်ထွေးခြင်း၊ နိုင်ငံတော်ငွေကြေးစနစ်နှင့်   စင်ပြိုင်သဘောဆောင် ခြင်း၊ Cryptocurrency ကို  နာမည်ခံ၍ လိမ်လည်မှု များပြားခြင်းတို့ကြောင့်     နိုင်ငံအများစုတွင် Cryptocurrency များ သုံးစွဲမှုကို အစိုးရများက ကြပ်မတ်အရေးယူနေသည်။ အမေရိကန်အပါအဝင် နိုင်ငံအချို့တွင်မူ Cryptocurrency အစစ်အမှန် များကို    သုံးလိုသူများအား   သုံးခွင့်ပေးထားပြီး လိမ်လည်မှုများနှင့် ဥပဒေချိုးဖောက်မှုများကိုသာ အရေးယူသည်။ သို့သော် အစိုးရများကိုယ်တိုင်ကမူ Cryptocurrency များကို တရားဝင်လက်ခံသုံးစွဲခြင်း လုံးဝမရှိပေ။ 

 


ကမ္ဘာကျော် နည်းပညာလုပ်ငန်းရှင်များတွင်မူ Cryptocurrency များနှင့်ပတ်သက်၍ အယူအဆ များကွဲလျက်ရှိသည်။ လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး ဖြစ်သည့် Elon Musk သည် Bitcoin ကို အခိုင်အမာ ထောက်ခံထားသလို  သူ၏ Tesla  ကားများကိုပါ Bitcoin ဖြင့် ရောင်းချသည်။  သူ၏ပြောစကားများ ကြောင့်လည်း Bitcoin  များသည်  မကြာခဏ ဈေးတက်လေ့ရှိသည်။ 
မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်နှင့် သန်းကြွယ်သူဌေးကြီးဝါရင်ဘတ်ဖတ်တို့၏ Crypto- currency အပေါ်    မှတ်ချက်များကမူ  တစ်မျိုး ဖြစ်သည်။ ဘီလ်ဂိတ်က “Bitcoin ဆိုတာ  ဘာမှ ထုတ်ပေးနိုင်မှာမဟုတ်ပါဘူး။ ဒါက အတော်ကိုရူးတဲ့ ရင်းနှီးမြှုပ်နှံမှု သီအိုရီတစ်ခုပါ”ဟု ၂၀၁၈ ခုနှစ်က မှတ်ချက်ပေးဖူးသလို  ဝါရင်ဘတ်ဖတ်ကလည်း ထိုနှစ်မှာပင် “Bitcoin ဟာ နောက်ဆုံးမှာ ဆိုးရွားတဲ့ နိဂုံးနဲ့    အဆုံးသတ်ရမယ်လို့   ပြောရဲပါတယ်။ Cryptocurrency  တွေကိုလည်း   ဘယ်တော့မှ ဝယ်ယူသွားမှာမဟုတ်ပါဘူး”ဟု    မှတ်ချက်ပေးထား သည်။

 


USDT နှင့်ပတ်သက်၍ သတိပြုစရာ


ချမ်းသာ၍ IT နည်းပညာတွင် ထိပ်ဆုံးရောက်နေ သော   နိုင်ငံများမှ   အစိုးရများနှင့်   ကမ္ဘာကျော် နည်းပညာရှင်  သူဌေးကြီး   အများအပြားကပင် Cryptocurrency ကို လက်မခံနိုင်ကြောင်း ကြေညာ ထားသလို မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံအတွင်း Cryptocurrency များကို သုံးစွဲခြင်းနှင့် ရောင်း/ဝယ်၊ လဲလှယ်ဝန်ဆောင်မှုပေးခြင်းများကို လက်မခံ ကြောင်း  အမိန့်ကြော်ငြာစာကို ဗဟိုဘဏ်က ပြီးခဲ့ သည့် ၂၀၂၀ ပြည့်နှစ် မေလ ၁၅ ရက်က ထုတ်ပြန် ထားသည်။

 


ယခု ၂၀၂၁ ဒီဇင်ဘာ ၁၁  ရက်တွင်မူ ပြည်ပရှိ NUG   အကြမ်းဖက်အဖွဲ့က  USDT ဟုခေါ်သည့် Cryptocurrency တစ်မျိုးကို မြန်မာနိုင်ငံတွင် ပြည်တွင်းသုံးစွဲမှုအတွက် တရားဝင် အသိအမှတ်ပြု ကြောင်းနှင့်  ယခင်အမိန့်ကြော်ငြာစာကို   လွှမ်းမိုး ပယ်ဖျက်လိုက်သည်ဟု ကြေညာလာသည်။  USDT သည် ဟောင်ကောင်အခြေစိုက် ကုမ္ပဏီတစ်ခုက ထုတ်လုပ်ဖြန့်ဝေထားသည့်   Cryptocurrency ဖြစ်ပြီး 1USDT လျှင် တစ်ဒေါ်လာ တန်ဖိုးရှိသည်ဟု သတ်မှတ်ထားသော Stablecoin  အမျိုးအစားဖြစ် သည်။

 


အဆိုပါကြေညာချက်နှင့် ပတ်သက်၍  ယုံကြည် ပြီး USDT ကို ဝယ်ယူ ရင်းနှီးမြှုပ်နှံမိပါက    မြန်မာ နိုင်ငံသားများအနေဖြင့် ဆိုးကျိုးများ  ကြုံတွေ့ရနိုင် ကြောင်း အချက်သုံးချက်ဖြင့် ထောက်ပြလိုပါသည်။ ပထမဆုံးအချက်မှာ Cryptocurrency ဆိုသည်ကို အသေအချာ  နားမလည်၊ မကျွမ်းဝင်သေးသော မြန်မာနိုင်ငံသားများအပေါ် USDT မဟုတ်ဘဲ USDT ဟု အမည်ခံ၍ နည်းအမျိုးမျိုးဖြင့် လိမ်လည်မှုများ ရှိလာနိုင်ခြင်းဖြစ်သည်။ ဒုတိယအချက်မှာ မိုဘိုင်း ဘဏ်ငွေလွှဲစနစ်ကဲ့သို့    မရိုးရှင်းဘဲ   အမျိုးအစား မတူသော နက်ဝပ်အများအပြားကြားတွင် Wallet အချင်းချင်း    ငွေလွှဲစဉ်   မကျွမ်းကျင်မှုကြောင့် မှားယွင်းလွှဲမိသဖြင့်  ငွေကြေးဆုံးရှုံးနိုင်ခြင်း   ဖြစ် သည်။ 

 


တတိယအချက်မှာ ပို၍အရေးကြီးသည်။ USDT ကို ထုတ်လုပ်သော  ဟောင်ကောင်ကုမ္ပဏီသည် နိုင်ငံတကာမှ အသုံးပြုသူများအကြားတွင် ယုံကြည် မှုကို    မရရှိနေခြင်းဖြစ်သည်။   Cryptocurrency များကို ထုတ်လုပ်ရောင်းချရာတွင် ကုမ္ပဏီဘက်က ရောင်းချသည့်ဈေးအတိုင်း   အချိန်မရွေး  ပြန်လည် ဝယ်ယူမည်ဆိုသည့် အာမခံချက်သည် အသက်ဖြစ် ပြီး     ထိုအာမခံချက်အပေါ်    အသုံးပြုသူများက ယုံကြည်မှုရှိမှသာ ရေရှည်တည်တံ့နိုင်မည်ဖြစ်သည်။ ထိုသို့ အာမခံချက်ပေးနိုင်ရန် ကုမ္ပဏီများအနေဖြင့် ထုတ်လုပ်သည့်ငွေအတိုင်း   ပြင်ပတွင်    အရန်ငွေ ထားရှိရမည်ဖြစ်သည်။ 

 


ယင်းကုမ္ပဏီမှာမူ ၂၀၁၈ ခုနှစ်မှစ၍ အရန်ငွေ မလုံလောက်သည့်သတင်းများ    ထွက်ပေါ်ခဲ့ပြီး လက်ရှိအချိန်တွင် နိုင်ငံအချို့၌ တရားရင်ဆိုင်နေရ သည့်အခြေအနေရှိနေသည်။ USDT ကို အသုံးပြု နေသူများကြားတွင်လည်း  ယုံကြည်မှုလျော့နည်းလာသည့်အခြေအနေ ဖြစ်နေသည်။ ကုမ္ပဏီအနေ ဖြင့်  အာမခံချက်အတိုင်း အချိန်မရွေးပြန်ဝယ်မည် လား၊ ကုမ္ပဏီပျက်ပြီး တန်ဖိုးမရှိတော့သော USDT များ    ဖြစ်သွားမည်လားဆိုသည်မှာ    မရေမရာ။ ပျက်မည်ဟု   အတိအကျ   မပြောနိုင်သော်လည်း ပျက်သွားခဲ့သော်ဆိုသည့်အချက်က   အလွန်သတိ ထားစရာဖြစ်သည်။ 

 


ဥပဒေနှင့်လည်း မလွတ်ကင်း


ထို့ပြင် ဗဟိုဘဏ်၏ ၂၀၂၀    မေလ အမိန့် ကြော်ငြာစာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် မည်သည့် Cryptocurrency  ကိုမှ တရားဝင်ငွေကြေး အဖြစ်  သတ်မှတ်ထားခြင်း   မရှိသောကြောင့် Cryptocurrency များကို   သုံးစွဲ/  ရောင်းဝယ်/လဲလှယ် ဝန်ဆောင်မှုပေးသူများအား တရားစွဲဆိုမည် ဖြစ်ကြောင်းနှင့် ပြစ်မှုထင်ရှားပါက  နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ နှင့်  ငွေရေးကြေးရေးအဖွဲ့ အစည်းများဥပဒေ ပုဒ်မ ၁၇၁ တို့အရ ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရ မည်ဖြစ်ကြောင်း ဖော်ပြထားပြီးဖြစ်သည်။

 


အဆိုပါ   ဗဟိုဘဏ်အမိန့်ကြော်ငြာစာကို အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် ကြေညာထား ခံရပြီး ပြည်ပတွင်ရောက်ရှိနေသည့် NUG အဖွဲ့က လွှမ်းမိုးပယ်ဖျက်သည်ဟုဆိုရုံဖြင့်   ပျက်သွားမည် မဟုတ်ပါ။ တည်ဆဲအမိန့်ကြော်ငြာစာတစ်ခုအဖြစ် ဆက်လက်ရှိနေမည်သာဖြစ်ပြီး   တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်သူများသည် ဥပဒေအရလည်း အရေးယူခံရမည်သာ ဖြစ်ပါသည်။  

 


သို့ဖြစ်ရာ မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ ကျွမ်းကျင်ရာကိစ္စမဟုတ်သည့် အန္တရာယ်များသော၊ ဆုံးရှုံးနိုင်ခြေများသော Cryptocurrency များကို မိမိတို့လက်ဝယ်ရှိ တန်ဖိုးရှိသောငွေနှင့်  လဲလှယ် မိခြင်းမျိုးကြောင့် နစ်နာဆုံးရှုံးမှုများ မကြုံတွေ့ရစေ ရန် သတိပေး ဖော်ပြလိုက်ရပါသည်။     ။
 

ကိုးကား 
(၁) ဝီကီပီးဒီးယား
(၂) https://coinmarketcap.com
(၃) https://www.investopedia.com