
နေပြည်တော် ဒီဇင်ဘာ ၁၉
၂၀၂၁ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်း အတွဲများပြပွဲ (Mini Gems Emporium) တတိယနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကိုဗစ် - ၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း/ပြည်ပ ရတနာကုန်သည်များက မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသထားသည့် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများကို လည်းကောင်း၊ ခန်းမအပြင်ဘက်ရှိ သတ်မှတ် နယ်မြေအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို လည်းကောင်း စိတ်ကြိုက်လေ့လာ ကြည့်ရှုကြ သည်။
ပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲ အမှတ် (၁ မှ ၂၂၀) အထိ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၂၀ ရောင်းချနိုင် ခဲ့ပြီး ယနေ့ပြပွဲတွင် ပုလဲအတွဲ အမှတ် (၂၂၁ မှ ၃၃၀) အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးခဲ့ရာ ပြည်တွင်း/ ပြည်ပ ရတနာကုန်သည်များက စိတ် ကြိုက်လေ့လာ ကြည့်ရှုစစ်ဆေး ကြပြီး ဈေးနှုန်းတင်သွင်းလွှာ များကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ထို့နောက် ပုလဲအတွဲ အမှတ် (၂၂၁ မှ ၃၃၀)အထိ တင်သွင်းထား သည့် ဈေးနှုန်းတင်သွင်းလွှာများ ကို တာဝန်ရှိသူများက စနစ်တကျ ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲ ပေါင်း ၁၁၀ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာသည်။
ဆက်လက်၍ ကျောက်စိမ်း အတွဲ အမှတ် (၁) မှ (၂၅၀)အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးခဲ့ရာ ရတနာကုန်သည်များ က ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို ကြည့်ရှု စစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်း လွှာများကို တင်ဒါပုံးများအတွင်း သို့ ထည့်သွင်းကြသည်။
ထို့နောက် ကျောက်စိမ်းအတွဲ အမှတ် (၁)မှ (၂၅၀) အထိ တင်သွင်းထားသည့် ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိ သူများက မွန်းလွဲ ၃ နာရီတွင် ပိတ်သိမ်းပြီး ဖွင့်ဖောက်စစ်ဆေး ကာ ဒီဇင်ဘာ ၂၀ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်း အတွဲများအား ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟို ကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယ ဝန်ကြီး ဦးမင်းမင်းဦးနှင့် ပြပွဲ ဗဟိုကော်မတီဝင်များသည် မဏိ ရတနာ ကျောက်စိမ်းခန်းမ မြေညီထပ်၌ ပုလဲအတွဲများ နှင့် ကျောက်စိမ်းအတွဲများအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။
ပြပွဲတွင် ကျောက်စိမ်းအတွဲ ပေါင်း ၇၈၀ ကို ခင်းကျင်းပြသပေး လျက်ရှိရာ ဒီဇင်ဘာ၂၀ရက်တွင် ကျောက်စိမ်းအတွဲအမှတ် (၂၅၁) မှ (၅၀၀)အထိကို လည်းကောင်း၊ ဒီဇင်ဘာ ၂၁ ရက်တွင်ကျောက်စိမ်း အတွဲအမှတ် (၅၀၁) မှ(၇၈၀)အထိ ကိုလည်းကောင်း အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ပြည်တွင်း/ ပြည်ပ ရတနာကုန်သည်များကို ဆက် လက် ရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရသည်။
ရဲနိုင်ဝင်း
ဓာတ်ပုံ -ကိုကိုကျော်