
ပွင့်ဖြူ ဒီဇင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများသည် ဒီဇင်ဘာ ၁၆ ရက်က ပွင့်ဖြူမြို့နယ် မဒဲအုပ်စုကျေးရွာသို့ ကွင်းဆင်း သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်လိုသော ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား ပန်းခင်းစီမံ ချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံသားစိစစ်ရေးကတ် လာရောက် ပြုလုပ်သည့် ပြည်သူများအား မြို့နယ် ဦးစီးမှူးက မြို့နယ်အတွင်း ပန်းခင်းစီမံ ချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို အခမဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ဆောင် ရွက်ပေးနေမှုများနှင့် နိုင်ငံသားစိစစ်ရေးကတ် များ ရရှိပြီးပါက မပျောက်ပျက်အောင် ကိုင်တွယ်ထိန်းသိမ်းရမည့်နည်းလမ်းများကို အသိပညာပေး ပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်း များက မဒဲအုပ်စုကျေးရွာရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြား လာရောက်ပြုလုပ်သည့် ဒေသခံ ပြည်သူများနှင့် ကျောင်းသား ကျောင်းသူ ၁၂၅ ဦးခန့်အား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိစေရန် အထောက် အထားများ စိစစ်ကာ ပန်းခင်းစီမံချက်ဖြင့် နေ့ချင်းပြီး အခမဲ့ပြုလုပ်ပေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး၌ ပန်းခင်းစီမံ ချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ပြုလုပ် ပေးခြင်းကို ဒေသခံပြည်သူများ အဆင်ပြေစေ ရန် ရုံးပိတ်ရက်မရှိ နေ့စဉ်ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိသလို ကျန်ရှိသည့် ဒေသခံပြည်သူ များအတွက်လည်း စဉ်ဆက်မပြတ် ကွင်းဆင်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှူးထံမှ သိရသည်။
ခင်ဝါဝါလှိုင်
(ပြန်/ဆက်)