
လားရှိုး ဒီဇင်ဘာ ၁၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘေဟိုင်းမြို့တော်တွင် ဒီဇင်ဘာ ၁၇ ရက် မြန်မာစံတော်ချိန် နံနက် ၈ နာရီက မဲခေါင် - လန်ချန်းဒေသတွင်း အစိုးရပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို Online နှင့် Offline ပေါင်းစပ်ကာ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မဲခေါင်-လန်ချန်း ဒေသတစ်လျှောက်ရှိ မြန်မာနိုင်ငံသားများ၏ ဘဝ များ၊ လူမှုစီးပွားအသက်မွေးဝမ်းကျောင်းပြုသူများကို ကိုဗစ်-၁၉ ရောဂါကပ်ဆိုးသည် အတိုင်းအတာ တစ်ခုအထိ ပျက်စီးစေခဲ့သည့်အတွက် ပြည်သူလူထု ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုအား မဲခေါင်- လန်ချန်းဒေသ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ပိုမိုခိုင်မြဲစေရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် တိုက်ဖျက်ရေးတွင် အထောက်အကူတစ်ခုဖြစ်သည့် အဆက်မပြတ် ကာကွယ်ဆေးများ ထောက်ပံ့ပေးမှု နှင့် အခြားဆေးဘက်ဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ ထောက်ပံ့ပေးသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အကူအညီပေးကြသော အခြားမဲခေါင်ဒေသတွင်း နိုင်ငံများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ရှမ်းပြည်နယ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ထိစပ်နေသည့်အတွက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ၁၀၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနှံနိုင်စေရန် အရေးကြီးပါကြောင်း၊ လူမှုစီးပွားပြန်လည်ကောင်း မွန်လာစေရေးအတွက် နိုင်ငံအားလုံးနှင့် ဒေသတွင်း အစိုးရများက ဦးစားပေးလုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ ဆက်သွယ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးများ ပြန်လည်ကောင်းမွန်လာစေရန် ပူးပေါင်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါ အပါ အဝင် အခြားအတားအဆီးများကို မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးမှရရှိသည့် အင်အားများဖြင့် ကျော်လွှားအောင်မြင်နိုင်မည်ဟု ယုံကြည်ပါကြောင်း နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်သော မဲခေါင်-လန်ချန်းဒေသ၏ အနာဂတ်အတွက် မြန်မာ နိုင်ငံမှ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ မဲခေါင်-လန်ချန်း ဒေသတွင်းအစိုးရ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးကို တရုတ် ပြည်သူ့သမ္မတနိုင်ငံဘက်မှ CPAFFC ဥက္ကဋ္ဌ H.E.Mr. Lin Songtian ၊ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကွမ်ရှီး၊ စီချွမ်း၊ ကွီဇူး၊ ရန်နမ်၊ ရှန်ရှီဒေသအစိုးရမှ ခေါင်းဆောင်များ၊ ကမ္ဘော ဒီးယား၊ လာအို ၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ မှ ဒေသအစိုးရတာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါ အစည်းအဝေးမှာ ပြည်သူ့ကျန်းမာရေးကို ကာကွယ်ရန် ကပ်ရောဂါဆိုးကို ဆန့်ကျင်တိုက်ဖျက် ရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မြဲရန်၊ ပိုမို ကောင်းမွန်သော အနာဂတ်အတွက် အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်း စေရန်ရည်ရွယ်ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)