
နေပြည်တော် ဒီဇင်ဘာ ၁၇
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးကျော်မြင့်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တွင် မန္တလေးဗဟိုအကျဉ်းထောင် (၂၄) မိုင် ထုံးဘို (ကျား-၁) (ကျား-၂) နှင့် ထုံးဘို(မ) ကုန်ထုတ်စခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံ ကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာ ပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိခြင်း ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်း မှတ်တမ်းတင်ခြင်းနှင့် ယခင်က ကြည့်ရှုစစ်ဆေးသည့် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဗဟိုအကျဉ်းထောင်နှင့် ကုန်ထုတ်စခန်းများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အကျဉ်း သူ၊ အချုပ်သား အချုပ်သူများ၏ အိပ်ဆောင်များ၊ အချုပ်ထောင်၊ အကျဉ်းထောင်ဆေးရုံ၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုဒေါင်၊ ရေသန့် စက်၊ သောက်ရေနှင့် သုံးရေကန်များ၊ Quarantine ထားရှိသည့် အဆောင်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိတို့ကို လည်းကောင်း၊ လတ်တလော ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ် သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်