
စစ်တွေ ဒီဇင်ဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဦးမောင်းဟာတို့သည် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်တို့နှင့်အတူ ယနေ့နံနက် ပိုင်းတွင် စစ်တွေမြို့မှ မြောက်ဦးမြို့သို့ သွားရောက် လေ့လာ၍ ရှေးဟောင်းအမွေအနှစ် ယဉ်ကျေးမှု လက်ရာများ မပျောက်ပျက်အောင် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် ဆွေးနွေးမှာကြားသည်။
ဆွေးနွေးမှာကြား
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့်အဖွဲ့သည် ကိုးသောင်းဘုရား၊ သျှစ်သောင်းဘုရားများရှိ ရှေးဟောင်းဗိသုကာလက်ရာ များ၊ ယဉ်ကျေးမှုအမွေအနှစ်လက်ရာများကို ကြည့်ရှု လေ့လာပြီး နှစ်ပေါင်းထောင်ချီ ဖြစ်တည်လာခဲ့သည့် ရခိုင်တိုင်းရင်းသားများ၏ ဘာသာ၊ စာပေ၊ ယဉ်ကျေး မှုအမွေအနှစ်များကို လေးစားတန်ဖိုးထားရေးနှင့် စနစ်တကျထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ဆွေးနွေး မှာကြားသည်။
ထို့နောက် ရှေးဟောင်းသုတေသနပြတိုက်သို့ ရောက်ရှိပြီး ခင်းကျင်းပြသထားသည့် ရှေးဟောင်း ပစ္စည်းများကို ကြည့်ရှုကာ ပြတိုက်အား နိုင်ငံခြား သားများ စိတ်ဝင်စားဖွယ်ဖြစ်အောင် စနစ်တကျ ပြင်ဆင်ပြသပေးရန်လိုအပ်ကြောင်း၊ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးရန် လိုအပ် ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များသည် ပေါ်တော်မူ ရန်ပြေမာန်ပြေ ဘုရားသို့ သွားရောက်ဖူးမြော်၍ ဘုရားကြီးအတွက် လိုအပ်သော တန်ဆောင်းများ တည်ဆောက်ရေးနှင့် ပြည်သူများ စနစ်တကျ ဖူးမြော်နိုင်ရေးအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးရန် ဆွေးနွေး မှာကြားသည်။
ထို့နောက် စန္ဒသူရိယစက္ကမင်း ပူဇော်ခဲ့သော စန္ဒမုနိ(ပေါ်တော်မူ) ဆုတောင်းပြည့် မဟာကျန်ဘုရား ကြီးအား ဖူးမြော်ကြည်ညိုကာ ထိန်းသိမ်းစောင့် ရှောက်ထားသည့် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများကို ကြည့်ရှုလေ့လာသည်။
တွေ့ဆုံ
ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့သည် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက်၊ သက် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ သည်။
ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က မိမိတို့ဒေသတွင် တွေ့ကြုံရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပြောကြားပေးစေလိုကြောင်း၊ ဒေသ လိုအပ်ချက်များရှိပါက မိမိထံ စာရေးသားပေးပို့ ဆက်သွယ်နိုင်ပါကြောင်း၊ တိုင်းရင်းသားများ၏ စာပေမပျောက်ပျက်အောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးမောင်းဟာက တိုင်းရင်းသားများ အနေဖြင့် မည်သည့်ဒေသတွင် နေထိုင်သည်ဖြစ်စေ မိမိတို့ဘာသာစကားကို မပျောက်ပျက်အောင် သင်ကြားရမည်ဖြစ်ကြောင်း၊ စာပေပျောက်လျှင် လူမျိုးပျောက်သွားနိုင်သည်ကို သတိပြုကြစေလို ကြောင်းနှင့် ထုတ်ပြန်ထားသည့် ဥပဒေများကို လေးစားလိုက်နာကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယ ဝန်ကြီး ဦးဇော်အေးမောင်နှင့် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ဝင်များက ဒေသလိုအပ်ချက်များ အပေါ် ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်