ကောင်းမှုဆောင်

Type

ဆရာမဲဇာ

====

လူတစ်ယောက်နှင့်တစ်ယောက်  လိုအပ်ချက်တွေ  တစ်ထပ်တည်းကျမနေသော်လည်း ကျန်းမာလိုသူ အတွက်  လိုအပ်ချက်များကမူ   တစ်ကမ္ဘာလုံးမှာ တူညီမှုအချို့ရှိနေကြပါသည်။       ဘာသာရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများအရ  ကွဲပြားမှုများရှိနေ ကြသော်လည်း     ကျန်းမာမှုအဆင့်မြှင့်တင်ရန် အတွက် စံသတ်မှတ်ချက်များ ရှိကြပါသည်။


သိပ္ပံနည်းကျ တိုင်းတာထားသည့် စံသတ်မှတ် ချက်များကို ရှာဖွေရေးသားဟောပြောရသည်မှာ လွယ်သလောက်    ကိုယ်တိုင်လည်း   လက်တွေ့ မလုပ်နိုင်၊ လိုက်လုပ်ရသူများမှာလည်း အထူးပင်  ခက်ခဲနေပါက   ကျန်းမာရေးအကြံပေးချက်များ မည်မျှကောင်းသည်ဖြစ်စေ လိုက်နာလုပ်ဆောင် မည့်သူ နည်းတတ်ပါသည်။ သို့ဖြစ်၍ အလွယ်ဆုံးဟု  ပညာရှင်တို့က ထင်ထားသောအရာများမှာ လူထု အတွက် အခက်ကြီးခက်နေလျှင်  ပြောသမျှအရာ မထင်ပေ။
အောင်မြင်မှု နည်းလှ


ကျွန်တော်တို့     ရာစုနှစ်တစ်ဝက်နီးပါးမျှ ကြိုးစားပညာပေးထားသော အလုပ်များမှာ ယနေ့ ထက်ထိ   အောင်မြင်မှု   နည်းလှပါသေးသည်။ ဥပမာအားဖြင့် “လက်ကို ဆပ်ပြာနှင့်  ရေသန့်သန့် ဖြင့် စင်ကြယ်စွာ ဆေးကြောပါ” ဟူသော အသိပညာ မှာ အပြောလွယ်သလောက်၊  လက်တွေ့လုပ်ရန် လည်းလွယ်သလောက် စိတ်ဝင်စားမှု၊ ဦးစားပေးမှု  မရှိခဲ့ကြသည်မှာ    ကိုဗစ်-၁၉   ကပ်ရောဂါကြီး ဆိုက်ရောက်လာသည့်အခါမှ   အကျယ်အကျယ် ဖြစ်လာခဲ့ပါသည်။ ရောဂါကူးစက်ခံရမည်ကြောက်၍ လက်ကို ခဏခဏဆေးဖို့ ကြိုးစားသူများ များလာ ကြသော်လည်း    သတိမရှိသည့်အချိန်များတွင် သော်လည်းကောင်း၊  လက်ကို  စနစ်တကျဆေးရန် အခွင့်အရေးမရသည့်အခါတွင်    လည်းကောင်း လက်တွေ့ကျင့်သုံးရန်   ပျက်ကွက်တတ်ပါသည်။  ထိုတစ်ခဏလေးကြောင့် ရောဂါဆိုးကြီးကူးစက် ခံရပြီး အသက်ဆုံးရသူများလည်း ရှိပါသည်။
ဆီလျှော့စားရန် အသိပညာပေးခဲ့၊  တိုက်တွန်း ခဲ့သည့်ကာလများတွင်    ဆီလျှော့စားဖို့နေနေ သာသာ တိုး၍တိုး၍ သုံးစွဲလာကြသည်မှာ  ပညာ မပေးခင်ကာလထက်   ငါးဆမျှပိုများခဲ့ကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ရသတဏှာနှင့် ဆက်စပ် နေသရွေ့ အဆီ၊ အငန်၊ အချိုများကို လျှော့စားရန်  ကြိုးစားမှုများသည်     မစွဲမမြဲအခက်အခဲရှိကြ ပါသည်။  အထပ်ထပ်အခါအခါ   သတိပေးနိုင်မှ တန်ကာကျပါသည်။


အသိနှင့်အလုပ်ကွာဟချက်   (Know-do- Gap)ပမာဏကိုလိုက်၍ လူတစ်ဦးလျှင် မိသားစုနှင့်  လူ့အဖွဲ့အစည်းအလိုက်  အစစအရာရာ  ကွာခြား သွားတတ်ပါသည်။  အချို့မှာ  နည်းနည်းပဲသိပြီး သိသလောက် အလုပ်လုပ်တတ်ကြ၏။ ထိုအလုပ် ကိုလည်း ဇွဲကောင်းကောင်းနှင့် လုပ်တတ်သဖြင့်  ဘဝမှာ ရပ်တည်နိုင်ကြသည်။ သို့ရာတွင် လူအချို့ မှာ  များစွာသိအောင်ကြိုးစားရင်း  အလုပ်လုပ်ဖို့ အချိန်မရ၊ အချိန်မပေးသူများရှိသည်။ ထိုသူတို့မှာ  အသိနှင့်အလုပ်     ကွာဟချက်ကြီးမားလှသဖြင့် မိမိတို့၏ လုပ်ငန်းခွင်တွင်လည်းကောင်း၊ ကိုယ်ပိုင် ဘဝ အရေးများတွင်လည်းကောင်း  အောင်မြင်မှု နည်းတတ်ပါသည်။ ပြတ်သားစွာ ဆုံးဖြတ်နိုင်စွမ်း  နည်းသဖြင့် ခေါင်းဆောင်မှုလည်းပေးရန် ခက်ပါ သည်။


အထူးသဖြင့်  အသိကို  အလုပ်ဖြစ်လာရန် အတွက် လိုအပ်သောပံ့ပိုးမှုများ မိမိ၏ပတ်ဝန်းကျင် တွင် မရှိခဲ့လျှင်လည်း သိလျက်နှင့် လက်တွေ့မလုပ် နိုင်ကြပါ။  သို့ဖြစ်၍ ပံ့ပိုးပေးသော ပတ်ဝန်းကျင်များ  ဖန်တီးပေးရန်အတွက် လက်ဦးဆရာဖြစ်သော မိနှင့် ဖ၊  ကန့်ကူလက်လှည့်ဆရာမှသည်    အာစရိယ ဂိုဏ်းဝင်များအားလုံးက ကြိုးစားပေးကြသည့်တိုင်  ပတ်ဝန်းကျင်တွင်  လူ့အဖွဲ့အစည်းနှင့်  တာဝန်ရှိသူ များက  မစီစဉ်ပေးနိုင်သရွေ့ အပြောသမားတွေသာ  ပြည့်နေသော    လူ့အဖွဲ့အစည်းအဖြစ်   တရွေ့ရွေ့  ဆုတ်ယုတ်ပျက်သုဉ်းသွားနိုင်ပါသည်။


ဆင်ခြင်ထိန်းချုပ်ရန်(ရှောင်ရန်)များကိုလည်း 
ချမှတ်ကျင့်သုံး
ကျန်းမာမှုမြှင့်တင်ရေးအတွက်    ပံ့ပိုးမည့် ပတ်ဝန်းကျင်များ     ဖြည့်ဆည်းပေးမည်ဟူသော နိုင်ငံရေးအရ ကတိကဝတ်ပြုမှုများနှင့်အတူ မူဝါဒ   ချမှတ်ရန်  လိုအပ်သကဲ့သို့  စည်းကမ်းလိုက်နာရန် ပျက်ကွက်ပြီး လူထုကျန်းမာရေးအတွက် အန္တရာယ် ဖြစ်စေသူများအား ဟန့်တားမည့်ဥပဒေများလည်း  လိုအပ်ပြန်ပါ၏။     တစ်နည်းအားဖြင့်   လိုက်နာ လုပ်ဆောင်ရန်  (ဆောင်ရန်)   တိုက်တွန်းအားပေး သကဲ့သို့  ဆင်ခြင်ထိန်းချုပ်ရန်(ရှောင်ရန်)  များကို လည်း ချမှတ်ကျင့်သုံးကြရပါသည်။
လူ့သမိုင်းစဉ်တစ်လျှောက်    လူ့အဖွဲ့အစည်း တိုင်းသည် အများကောင်းကျိုးအတွက် လုပ်ဆောင် ရန်နှင့် သတိပြုဆင်ခြင်ထိန်းချုပ်ရန် သတ်မှတ်ချက် များထားရှိပါသည်။     ဓလေ့ထုံးစံ၊     ယဉ်ကျေးမှု၊  ကိုးကွယ်ရာဘာသာကအစ    ပြည်သူ့နီတိအဆုံး  တစ်ကမ္ဘာလုံးမှာ    ရှိကြပါသည်။   အထင်ရှားဆုံး ဥပမာကား  “ရောမရောက်လျှင်  ရောမသားကဲ့သို့   ကျင့်ကြံရမည်” ဟူသော အနောက်တိုင်းက ထုံးစံပင် ဖြစ်ပါသည်။ ရောမကိုသွားချင်လျှင်၊ ရောမမှာနေချင် လျှင် ထိုသူသည် ရောမသားတို့၏ဓလေ့ထုံးစံ၊ စည်းမျဉ်း စည်းကမ်းများ ကြိုတင်လေ့လာဖို့ လိုလေသည်။
ဗုဒ္ဓဘာသာ    မြန်မာနိုင်ငံသားတို့မှာလည်း ဘာသာတရားက သတ်မှတ်ထားသော  “ဆောင်ရန်”၊  “ရှောင်ရန်” များရှိလေသည်။ သို့သော်  ကျွန်တော် တို့မှာ ရှောင်ရန်သတ်မှတ်ထားသော “ငါးပါးသီလ”  မျှကိုပင် အထူးကြိုးစား၍ ခါးဝတ်ပုဆိုးကဲ့သို့ မြဲအောင် ဆောင်ရွက်နေကြရလေသည်။    ကျန်းမာရေးတွင် လည်း ထိုနည်းတူပင် အခြေခံအားဖြင့်  ရှောင်ရန်၊   လျှော့ရန်၊ ဖြတ်ရန်ကိစ္စများစွာ ရှိပါသည်။
ကျန်းမာလိုသူတို့အတွက်  လျှော့ရန်  သုံးခုမျှ တင်ပြခဲ့ပြီးပါပြီ။ ဆီလျှော့စားဖို့၊ အငန်လျှော့စားဖို့နှင့်  အချိုမှုန့်ကဲ့သို့  သဘာဝမဟုတ်သောအရာများကို လျှော့စားဖို့ အကြုံပြုခဲ့ပါသည်။ 


ရှောင်ရန်လိုအပ်ရုံမက မရှောင်နိုင်၍ သုံးစွဲမိ ပါက ဖြတ်ရန်လိုအပ်သော အချက်သုံးချက်ကိုလည်း  ကျန်းမာစေဖို့ လက်တွေ့လုပ်ရန် လိုပါသည်။
    •    ဆေးရွက်ကြီးအခြေခံ ဆေးလိပ်၊  စီးကရက်၊  ကွမ်းယာဖြတ်ပါ၊
    •    အရက်ဖြတ်ပါ၊
    •    မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော အရာများကို ဖြတ်ပါ
ဟူသော ဖြတ်သုံးဖြတ် ကို      အကျိုးအကြောင်းနှင့်တကွ     တင်ပြပြီး ဖြစ်ပါသည်။
သို့ရာတွင်    ကျန်းမာသူတစ်ယောက်အဖြစ် ဘဝတစ်ခုကို   ရပ်တည်ရန်အတွက်   ရှောင်သင့်တာ ရှောင်ရုံနှင့်မပြီးချေ။ “ဆောင်ရန်” ကိစ္စများစွာ ရှိနေ သည်ကို  အချိန်နှင့်အမျှ   စနစ်တကျလုပ်ဆောင် သွားရန် လိုသေးသည်။ ဘာသာရေးကိစ္စ  သီးသန့် တစ်ခုတည်းတွင်ပင်   ရှောင်ရန်အဖြစ်    ငါးပါးသီလ၊ ရှစ်ပါးသီလ၊  ကိုးပါးသီလတို့ကို  တိကျစွာလိုက်နာရုံ နှင့်မပြီးဘဲ “ဆောင်ရန်” ကိစ္စများလည်း  တစ်ပြိုင် တည်း လုပ်ရမည့်အလုပ်ပင် ဖြစ်ပါသည်။ ထိုအချက် ကို ကျွန်တော်တို့ သတိမထားမိလျှင်၊ မသင်ကြား မိလျှင်၊ လုပ်ဆောင်မှုမရှိခဲ့လျှင်  လူဖြစ်ရှုံးမည်ဖြစ်ပါ သည်။


ဆောင်ရန်အလုပ်


မင်္ဂလသုတ်တွင် သုံးဆယ့်ရှစ်ဖြာသော မင်္ဂလာ ရှိသည့်အလုပ်များကို လောကထဲတွင် လုပ်ဆောင်ရန် ညွှန်ပြ၏။  လူမိုက်ကို  ရှောင်ခြင်းအလုပ်ကိုလည်း  ကျန်သော သုံးဆယ့်ခုနစ်ပါးနှင့်အတူ  လုပ်ဆောင် ရမည်ဖြစ်ပါသည်။ မေတ္တသုတ်သည်လည်း လိုရင်း၊  တိုရှင်း တိကျစွာညွှန်ပြနေသော “ဆောင်ရန်” အလုပ် များသာ ဖြစ်ပါ၏။ လူတို့တွင်  အလွတ်ရွတ်နေရုံဖြင့် ကျေနပ်ပြီး တာဝန်ကျေပြီဟု မယူဆသင့်ဘဲ   မေတ္တ  သုတ်လာကျင့်စဉ်များကို  အလေးထားကျင့်ကြရန် လိုအပ်ပါသည်။    မေတ္တာကို       ပို့လိုယူလိုလျှင်   မေတ္တာကျင့်စဉ်များကို  ထုံမွမ်းနေရန်  ကျင့်ကြံဖို့ လိုတော့၏။


လွယ်မယောင်နှင့်ခက်ခဲသော    အလုပ်မှာ မဂ္ဂင်ရှစ်ပါးပင် ဖြစ်ပါသည်။ ဓမ္မစက္ကပဝတ္တနသုတ် လာ  သမာဒိဋ္ဌိမှစ၍ သမာသမာဓိအထိ ကျင့်စဉ်များ သည်    သံသရာမှလွတ်မြောက်ရာ   “လမ်း” ကို ညွှန်ပြ၏။   တကယ်လုပ်လျှင်  တကယ်ဖြစ်၍  တကယ်နားလည်သော   အရှင်ကောဏ္ဍညသည်  တရားအဆုံးတွင်   ပထမဆုံးရဟန္တာဖြစ်ခဲ့ပါ၏။   ကျွန်တော်တို့ကား နားလည်သလိုလို၊ ပညာတတ် သလိုလိုနှင့်   ဆရာကောင်း  သမားကောင်းတွေ ညွှန်ပြနေသည့်ကြားမှ  ပေါက်မြောက်အောင် ဆောင်ရွက်နိုင်စွမ်း      မရှိသေးချေ။    “ငါကား ပညာတတ်ဖြစ်တော့သတည်း” ဟူသော “မာန” ထုထည်ကြီးလှပါ၏။
သည်ကြားထဲက   ပုထုဇဉ်အချင်းချင်းဟု ရေးနေရသည်မှာ   အားနာစရာ၊   ရှက်စရာပင် ဖြစ်ပါသည်။     “သို့သော်လည်း   မပြောမပြီး မတီးမမြည်”    ဆိုစကားအတိုင်း   ဆိုရေးရှိ၍  ဆိုနေရပါသည်။    လူသားတစ်ယောက်အတွက် လုပ်ဆောင်ရန်တာဝန်၊ မိသားစုတာဝန်၊  ရပ်ရွာ တာဝန်၊ မြို့ကြီးသားတာဝန်၊  နိုင်ငံ့တာဝန်ကစ၍  ကမ္ဘာသားတစ်ယောက်၏ တာဝန်အထိ  ထမ်းခွင့် ရှိသော လူသားတစ်ယောက်၏အဖြစ်ကို နှစ်သက် စေလိုပါ၏။
လုပ်ဆောင်ဖွယ်သုံးရပ်
အနည်းဆုံး ကျန်းမာသောလူသားတစ်ယောက် ဖြစ်ကာ တာဝန်ကျေဖို့အတွက် လုပ်ဆောင်ဖွယ်  သုံးရပ်ကို အကြံပြုလိုပါသည်။
ဆောင်သုံးဆောင်
    •    မျှတသော အာဟာရကို သုံးဆောင်ပါ။
    •    နေ့စဉ် ကိုယ်လက်လှုပ်ရှား  အားကစားမှု လုပ်ဆောင်ပါ။
    •    သတိကိုဖြစ်စေသော    စိတ်၏ကျင့်စဉ် များကို ဆောင်ရွက်ပါ။
သုံးခုတည်း လုပ်ဆောင်ရန်ဖြစ်၍ မများလှဟု ထင်စရာရှိသော်လည်း    တစ်သက်လုံး  မပြီးဆုံး နိုင်သော “ဆောင်ရန်” များဖြစ်ပါသည်။ အနည်းဆုံး  မိမိတစ်ကိုယ်ရေအတွက်  “ကောင်းမှု”  များပင်  ဖြစ်ပါသည်။
ရဟန်းတော်များတွင် ဆောင်ရန် သိက္ခာပုဒ်  ၂၂၇ ပါးပင်ရှိပါသည်။ သံသရာမှ လွတ်မြောက်ရာ လမ်းကို တစ်ပါးတည်း လျှောက်လှမ်းရင်း သံဃာ ဟူသော အဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းများကို  လိုက်နာရင်း သာမန်လူသားမျှဖြစ်သော ကျွန်တော် တို့အတွက်    လမ်းမှန်ကို   ပြနေကြသည်မှာ အလွန်ပင်ခက်ခဲပင်ပန်းလှပါသည်။


ကျွန်တော်တို့ကား စာတွေဖတ်ကြ၊ စာတွေ တတ်ကြ၏။ သို့ရာတွင်  လက်တွေ့ အပင်ပန်းမခံ ကြ။     ဝမ်းစာရေးတစ်ခုတည်းအတွက်ကိုပင်  သမုဒ္ဒရာဝမ်းတစ်ထွာအဖြစ်    ချဲ့ကားညည်းတွား နေကြ၏။ တစ်ထွာမျှသောဝမ်းကို သမုဒ္ဒရာလောက် ချဲ့လိုကလည်း  မိမိတို့သဘောပင်  ဖြစ်ပါသည်။ သို့သော် ကိုယ့်အတွက်  ကျန်းမာရေးအကျိုးရှိစေ မည့် ကောင်းမှုများကို ဆောင်စေချင်၏။
“မကောင်းမှုရှောင်၊     ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထား” ဆိုသော   အဆိုအမိန့်ကို လက်တွေ့ လုပ်ဆောင်ကြစေချင်ပါ၏။    ။