
နေပြည်တော် ဒီဇင်ဘာ ၁၅
ကွတ်ခိုင်ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင့်ဝင့်မြိုင် ၅၀ နှစ် (ဘ) ဦးမောင်မောင်အား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ တစ်ဖွဲ့က သေနတ်ဖြင့် အကြောင်းမဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် ဒီဇင်ဘာ ၁၄ ရက် ညဦးပိုင်း၌ ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီး ငါးဦးနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင် ဦးစီး ငါးဦးတို့သည် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာ၌ ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီမှစတင်၍ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ညနေ ၆ နာရီခန့်တွင် မော်တော်ယာဉ် နှစ်စီးဖြင့် ပြန်လည်ထွက်ခွာလာရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးစီးအဖွဲ့သည် တာမိုးညဲ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ကာကွယ်ဆေးထိုးနှံမှုမှတ်တမ်း ခေတ္တ ဝင်ရောက်ယူနေစဉ် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင်နှင့် ငါးဦးပါ အဖွဲ့သည် ကွတ်ခိုင်မြို့သို့ ဆက်လက် ထွက်ခွာခဲ့သည်။
အနီးကပ် ရက်ရက်စက်စက်ပစ်ခတ်
ထိုသို့ ထွက်ခွာလာခဲ့စဉ် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် မော်ဟန်နှင့် နောင်ချို ကျေးရွာဟောင်းအကြား ရောက်ရှိစဉ် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့ (စိစစ်ဆဲ)က မော်တော်ယာဉ်အား ရပ်တန့် ခိုင်း၍ ယာဉ်ပေါ်ပါလာသူများအား ဆင်း ခိုင်းခဲ့ပြီး ဒေါက်တာဒေါ်ဝင့်ဝင့်မြိုင် တစ်ဦး တည်းကိုသာ လက်နက်ငယ်ဖြင့် အနီးကပ် ရက်ရက်စက်စက်ပစ်ခတ်ခဲ့သဖြင့် နေရာ ၌ပင် ထိမှန်ဒဏ်ရာများဖြင့် လဲကျခဲ့ သည်။ အဆိုပါ လက်နက်ကိုင်အဖွဲ့က ကျန်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် မော်တော်ယာဉ်အား မီးပိတ်၍ တာမိုးညဲ ဘက်သို့ ပြန်လည်မောင်းနှင်ရန် ပြော ကြားခဲ့၍ ပြန်လည်မောင်းနှင်ခဲ့သည်။ တာမိုးညဲ၌ ကျန်ရှိခဲ့သည့် ဒုတိယမြို့နယ် ဦးစီးမှူးအဖွဲ့သည် ကွတ်ခိုင်သို့ ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ရောက်ခဲ့သော်လည်း မြို့နယ်ဆရာဝန်ကြီးနှင့်အဖွဲ့များ ရောက် ရှိမှုမရှိသဖြင့် လိုက်လံဆက်သွယ်ခဲ့ရာ ည ၁၁ နာရီခန့်တွင် မြို့နယ်ဆရာဝန်ကြီး၏ ယာဉ်မောင်းက အထက်ပါဖြစ်စဉ်ကို ဖုန်းဖြင့် သတင်းပို့ခဲ့ရာ လက်နက်ကိုင် သောင်းကျန်းသူများအနေဖြင့် ည အမှောင်ထုအတွင်းမှ ၎င်းတို့အား ကား ပေါ်မှ ဆင်းစေရန် ဗမာဘာသာစကားဖြင့် ပြောကြားခဲ့ကြောင်း၊ သို့ရာတွင် ၎င်းတို့ အချင်းချင်းပြောဆိုရာ၌ ဂျိမ်းဖောဘာသာ စကားသံဖြင့် ပြောကြားခဲ့ကြောင်း သိရှိ ရပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် ဒေသခံလူမှု ရေးအဖွဲ့တို့မှ လိုက်လံရှာဖွေခဲ့ရာ နောင်ချို ကျေးရွာဟောင်းအနီး တာမိုးညဲ-ကွတ်ခိုင် သွား ကားလမ်းဝဲဘက်ခြမ်း၌ လက်နက် ငယ်ထိမှန် ဒဏ်ရာငါးချက်ဖြင့် သေဆုံး နေသည့် မြို့နယ်ဆရာဝန်ကြီးအား တွေ့ရှိ ခဲ့သဖြင့် ပြန်လည်သယ်ဆောင်ခဲ့ရာ ည ၁၂ နာရီခွဲခန့်တွင် ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့သည်။
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင်မှာ လားရှိုးဇာတိဖြစ်သည့် အပြင် ကွတ်ခိုင်ပြည်သူ့ဆေးရုံ၌ ၂၀၀၂ ခုနှစ်ကပင် စေတနာထား၍ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဒေသခံ တိုင်းရင်းသားပြည်သူများ အားလုံး အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပါ ရင်းနှီးကျွမ်းဝင်သူ ပြည်သူ့ဝန်ထမ်း ကောင်းတစ်ဦးဖြစ်သည်။
သို့ရာတွင် မြို့နယ်ဆရာဝန်ကြီးအား CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းမရှိခဲ့၍ ခြိမ်းခြောက်စာများ ပို့ဆောင်ခြင်းများ ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး အကာအကွယ်ပေးထားသူ တစ်ဦးလည်းဖြစ်သည်။
ယခုဖြစ်စဉ်၌ ကွတ်ခိုင်မှ ကီလိုမီတာ ၇ဝ ခန့်ဝေးသည့် မုံးစီးတွင် ဒေသခံ တိုင်းရင်းသားများအတွက် ကမ္ဘာ့ကပ် ရောဂါ ကူးစက်မှုမရှိစေရေး ကာကွယ် ဆေးထိုးနှံပေးရန် သွားရောက်သည့် နေ့ချင်းပြန်ခရီးဖြစ်ခြင်း၊ ဒေသခံပြည်သူ များ၏ အားပေးထောက်ခံမှု ရရှိသူဖြစ် ခြင်း၊ ယခုကဲ့သို့ အငြိုးများစွာဖြင့် အကြမ်းဖက် သတ်ဖြတ်ခံရရန် မမျှော် လင့်ခြင်းတို့ကြောင့် ယခုခရီးစဉ်၌ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများ ခေါ်ယူခြင်း မပြုခဲ့သဖြင့် ဝမ်းနည်းကြေကွဲ ဖွယ်ဖြစ်ရပ်ဆိုးနှင့် ကြုံတွေ့ရခြင်းဖြစ် သည်။
ထိုကဲ့သို့ ပြည်သူ့ဝန်ထမ်းကောင်း တစ်ဦး မမျှော်လင့်ဘဲ အကြမ်းဖက်သမား များ၏ ရက်စက်ယုတ်မာမှုကြောင့် သေဆုံး ခဲ့ရမှုအတွက် ဒေသခံတိုင်းရင်းသား ပြည်သူများက စိတ်ထိခိုက်ခြင်း၊ ဒေါသ ထွက်ရခြင်းရှိနေကြသကဲ့သို့ နိုင်ငံတော် နှင့် ကျန်းမာရေးဝန်ကြီးဌာနအတွက် ပြည်သူ့ဝန်ထမ်းကောင်းတစ်ဦး ထိခိုက် နစ်နာဆုံးရှုံးခဲ့ရသည်။ ယခုဖြစ်စဉ် အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ အကြမ်းဖက်ဆောင်ရွက် ခဲ့ကြသည့် လက်နက်ကိုင်အဖွဲ့ကို မြေပြင် တွင် စစ်ဆေးဖော်ထုတ်လျက်ရှိရာ ဒေသခံပြည်သူများကလည်း ရရှိသည့် သတင်းကွင်းဆက်များအား သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူများထံသို့ လျှို့ဝှက် သတင်းပို့ပေးကြပါရန် သက်ဆိုင်ရာမှ မေတ္တာရပ်ခံထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်