
နေပြည်တော် ဒီဇင်ဘာ ၁၄
မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်းစာနာထောက်ထားမှုကူညီရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Center) မှတစ်ဆင့် ပေးအပ်သည့် အာဆီယံ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီများ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ (Task Force)၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေး ကို လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က ဦးဆောင်ကျင်းပခြင်းဖြစ် ပြီး ဒုတိယဥက္ကဋ္ဌများဖြစ်သည့် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သက်သက်ခိုင်နှင့် လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဒုတိယအဆင့် ကူညီပံ့ပိုးမှု
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် က အာဆီယံ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီ များ ပထမအဆင့် ကူညီပံ့ပိုးမှု သည် အသက်ကယ်ဆယ်မှု အကူအညီများဖြစ်သည့် ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အထောက်အပံ့ဆိုင်ရာ အကူအညီ များဖြစ်ပါကြောင်း၊ ဒုတိယအဆင့် အဖြစ် အသက်တည်မြဲရေးကူညီပံ့ပိုးမှုများဖြစ်သော လူသားချင်း စာနာထောက်ထားမှု အကူအညီ များဖြင့် စတင်တော့မည်ဖြစ် ကြောင်း၊ ပထမအဆင့်အကူအညီ များ လက်ခံရရှိစဉ်က အမှန် တကယ် လိုအပ်နေသည့် ပြည်သူ များထံသို့ ရောက်ရှိဖြန့်ဖြူးနိုင် ရေး သက်ဆိုင်ရာဌာန အသီးသီးမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သကဲ့သို့ပင် ဒုတိယအဆင့် ကူညီ ပံ့ပိုးမှုများသည် ပိုမိုကျယ်ပြန် သည့်အတွက် ယခုထက်ပို၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွား ရန်လိုအပ်ပါကြောင်း ပြောကြား သည်။
ထို့နောက် ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း က ပထမအဆင့်ကူညီပံ့ပိုးမှုများနှင့်ပတ်သက်၍ နိုင်ငံတော် မူဝါဒ လမ်းစဉ်များနှင့်အညီ ကိုဗစ်-၁၉ ကူးစက် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ခွင့်ပြုချက်အရ အဆင်ပြေ ချောမွေ့စွာဖြင့် လက်ခံ ရယူခဲ့ပြီး ဖြန့်ဖြူးပေးဝေရေး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ ထို့ပြင် လှူဒါန်းသည့် အဖွဲ့အစည်းများ၏ တောင်းဆို ချက်များအပေါ် မူတည်၍ ခွင့်ပြု ချက်ရယူကာ ဖြန့်ဝေပေးမှုများ လည်းရှိပါကြောင်း၊ အမှန်တကယ် လိုအပ်နေသည့် ပြည်သူများ အတွက် အကျိုးရှိစေမည့် ဆေးဝါး များ လက်ခံရရှိရေးအတွက် လည်း လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် နေပါကြောင်း ဆွေးနွေးပြောကြားသည်။
လိုအပ်သူများထံ ပေးနိုင်ရေး
ယင်းနောက် ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သက်သက်ခိုင် က ဒုတိယအဆင့်ကူညီပံ့ပိုးမှုများ နှင့်ပတ်သက်၍ ယခင်အတွေ့ အကြုံကောင်းများကို အခြေခံ ကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ သက်ဆိုင် ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ကာ ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ဒုတိယအဆင့် ကူညီပံ့ပိုး မှုများ လက်ခံ၊ ဖြန့်ဖြူးရာတွင် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများ အတွက်လည်း ကြိုတင်ပြင်ဆင် ကာ အမှန်တကယ် လိုအပ်နေသူ များထံ ဖြန့်ဖြူးပေးနိုင်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် အစည်းအဝေး သို့ တက်ရောက်လာကြသည့် လုပ်ငန်းအဖွဲ့ (Task Force)အဖွဲ့ ဝင်များက ရှေ့ဆက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အကြံပြုသုံးသပ် တင်ပြကာ ဖြည့်စွက်ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်း သိရ သည်။ သတင်းစဉ်