
ထွန်းထွန်း(ခရေရိပ်)
ပြီးခဲ့တဲ့ရက်ပိုင်းက စာရေးသူတို့ နေထိုင်ရာလမ်းရှိ နေအိမ်တစ်ခုကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာ လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိခဲ့ရသည်။ လက်နက်များနှင့်အတူ ဖမ်းဆီးရမိသည့် အမျိုးသားမှာ အသက် ၄၀ ကျော်ဖြစ်ပြီး နောက်ခံသမိုင်းကြောင်းကို ကြည့်မည်ဆိုပါက ထိုသူသည် ခိုးကူးအခွေများရောင်း၍သော်လည်းကောင်း၊ နှစ်လုံးထီရောင်း၍သော်လည်းကောင်း အသက်မွေးနေသူတစ်ဦး ဖြစ်သည်။ အတ္တပရမျှတအောင် နေထိုင်သူတစ်ဦးမဟုတ်သလို ပညာတတ်တစ်ဦး၊ နိုင်ငံအကျိုး၊ ရပ်ရွာ၊ ပြည်သူတို့၏ အကျိုးများဆောင်ရွက်ရာတွင် အားတက်သရောပါဝင်လေ့ရှိသူ တစ်ဦးလည်း မဟုတ်ပါ။
မိသားစုစားဝတ်နေရေးကို အဆင်ပြေသလို ဖြေရှင်းနေသူတစ်ဦးဖြစ်ပြီး နိုင်ငံ့အရေး၊ နိုင်ငံရေးများကို စိတ်မဝင်စား၊ ပြင်းပြသည့်စိတ်ဆန္ဒမရှိသော ထိုပုဂ္ဂိုလ်မျိုးတွင် ယခုကဲ့သို့ တွေ့ရှိရသည်မှာ အံ့ဖွယ်ကောင်းလေစွ။ မည်သို့သော အကြောင်းတရားများက စေ့ဆော်တိုက်တွန်းသဖြင့် ယခုကဲ့သို့ လုပ်ရပ်များကို ကျူးလွန်သည်ဆိုသည်ကို တွေးတောနေမိသည်။
ဖေဖော်ဝါရီလ ၁ ရက် တပ်မတော်က နိုင်ငံ၏ တာဝန်အရပ်ရပ်ကို လွှဲပြောင်းရယူချိန် နောက်ပိုင်းစတင်၍ အကြမ်းမဖက်ဘူး၊ အားလုံး အပေါ်မေတ္တာဖြင့်သာ ငြိမ်းချမ်းစွာ ဆန္ဒပြမည်၊ လူတစ်ဦးချင်းစီ၏ လူ့အခွင့်အရေးကို တန်ဖိုးထားမည်ဟု ကြွေးကြော်ခဲ့ကြသူများသည် ယခုအချိန်တွင် ပြည်သူလူထုကို ဝါဒမှိုင်းတိုက်၊ စည်းရုံးသိမ်းသွင်းကာ ထိုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များကို လုပ်ကိုင်စေခဲ့သည်။ သို့မို့ကြောင့် လည်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်များ၊ ပါဝင်ကျူးလွန်ခဲ့သူများကို နိုင်ငံတော်အစိုးရက ယခုကဲ့သို့ ကွင်းဆက် ဖော်ထုတ်ကာ တားဆီးဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမပြုနိုင်စေရန်၊ အစိုးရ၏ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန်နှင့် ပြည်သူလူထုအား အကြောက် တရားလွှမ်းမိုးစေရန် ရည်ရွယ်လျက် အကြမ်းဖက်အုပ်စုများဖြစ်သော CRPH ၊ NUG ၊ PDF စသည့်အဖွဲ့အစည်းများက နိုင်ငံတော်နှင့် အပြစ်မဲ့ သည့် ပြည်သူအများကို ဆင်းရဲဒုက္ခရောက်ရအောင် အုပ်စုဖွဲ့အတင်း အကျပ်ပြုခြင်း၊ နှောင့်ယှက် ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်သတ်ဖြတ် ခြင်းများ လုပ်ဆောင်နေသည်ကို အားလုံးအသိပင်ဖြစ်သည်။
အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်နေ
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများတွင် ကူညီနေသူ စေတနာ လုပ်အားရှင်များကို ရန်ပြုတိုက်ခိုက်နေကြသည်။ အယူအဆ မတူ ကြသဖြင့် ရဟန်း၊ သံဃာများ၊ ဆရာ ဆရာမများကို ရက်ရက်စက်စက် သတ်ဖြတ်နေကြသည်။ နိုင်ငံအတွက် တာဝန်ထမ်းနေသော နိုင်ငံ့ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများကို ဒလန်ဟု စွပ်စွဲပြီး အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်နေကြသည်။
ဖေဖော်ဝါရီလ ၁ ရက်မှ နိုဝင်ဘာလလယ်အထိ အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခံရသူ စုစုပေါင်း ၂၄၈ ဦးခန့်နှင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၂၂၇ ဦးခန့်ရှိပြီဖြစ်သည်။
ထို့ပြင် အများပြည်သူသွားလာနေသော လမ်းမကြီးများ၊ လမ်း များနှင့် ဌာနဆိုင်ရာ ရုံးများကို လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများ ထောင်ကာ ဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများကိုလည်း ပြုလုပ်လျက် ရှိရာ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက် ဆီးခြင်းများကြောင့် နိုဝင်ဘာလ ၁၅ ရက်အထိ စာသင်ကျောင်း ၄၄၄ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၂၅ ခု ပျက်စီးဆုံးရှုံးခဲ့ရသည်။
ထို့အတူ နိုဝင်ဘာလ ၂၀ ရက်အထိ မြို့နယ် ၁၀ မြို့နယ် ဈေး ၁၀ ခုမှ ဈေးဆိုင်ခန်းများ၊ လမ်းတံတား စုစုပေါင်း ၃၉၇ ခု ပျက်စီးဆုံးရှုံး ခဲ့ရသလို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ် ၆၇ ခု မီးရှို့ဖောက်ခွဲဖျက်ဆီးခံခဲ့ရ သည်။
ထိုသို့သော အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူလူထုမှာ စိတ်လုံခြုံမှုမရှိ စိုးရိမ်ထိတ်လန့်နေကြရသည်။ နေ့စဉ်လုပ်ဆောင် နေကျ လုပ်ငန်းဆောင်တာတို့ကို သွားလာလုပ်ကိုင်ကြရရာတွင် ဒလန်ဟု မတရားစွပ်စွဲပြီး ဘယ်အချိန်၊ ဘယ်နေရာမှ ဗုံးဖောက်ခွဲမည်၊ ပစ်ခတ်တိုက်ခိုက်ခံရမည်ဆိုသည်ကို နောက်ကျောမလုံ စိုးရိမ် ကြောင့်ကြနေကြရသည်။
ထိတ်လန့်နေကြရ
ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါကြီးက လှိုင်းလုံးသဖွယ် တစ်လှိုင်း ပြီး တစ်လှိုင်း ဖိစီးနှိပ်စက်နေချိန်တွင် ကပ်ဘေးတွင် မပါသေး၍ မသေနိုင်သေးဟု စိတ်အေးလက်အေးနေ၍မရ လက်နက်ဘေးကို မျှော်တွေးကာ ထိတ်လန့်နေကြရသည်။
“မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးကိုသာ အစား ပြန်လျော်ရမယ်ဆိုရင် တစ်လောကလုံး မျက်ကန်းတွေ ဖြစ်ကုန် ရောပေါ့” လို့ မဟတ္တမဂန္ဒီ၏ အဆိုအမိန့်တစ်ခုကို အမှတ်ရမိပါသည်။
စစ်ရေးနည်းအားဖြင့် လက်နက်ကိုင်ပဋိပက္ခကို မီးမွှေးခြင်းက အဖျက်သက်သက် ရည်ရွယ်ချက်၊ နိုင်ငံနှင့်လူမျိုးကို အကျိုးမဲ့အောင် ဖျက်ဆီးဖြိုခွဲရန်သက်သက်ဖြစ်သည်။ စစ်ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ အတွက် သေရေးရှင်ရေးတမျှ အရေးကြီးလှသည့်ကိစ္စတစ်ရပ်ဖြစ်ပြီး ပြည်သူလူထု၏ အသက်ရှင်ရေး၊ သေကျေပျက်စီးရေးနှင့်လည်း သက်ဆိုင်လျက်ရှိရုံမျှမက နိုင်ငံတည်တံ့ခိုင်မြဲရေး၊ ပျက်သုဉ်းရေး ကိုလည်း ဖြစ်ပေါ်စေနိုင်သည်။
အချို့က နိုင်ငံ၏ ထိပ်ပိုင်းခေါင်းဆောင်တို့ အာဏာလုရင်း စစ်ခင်းနေကြခြင်းသာဟု ပြောဆိုနေကြသော်လည်း မဟုတ်ပါဟု အခိုင်အမာငြင်းဆိုလိုပါသည်။ အမျိုး၊ ဘာသာ၊ သာသနာအတွက် နိုင်ငံတော်ကို တည်တံ့ခိုင်မြဲအောင် ကာကွယ်ရန်အတွက် ယှဉ်ပြိုင် တိုက်ခိုက်နေရခြင်းဖြစ်ပါသည်။
ပြည်သူများသည် မည်သည့်ဘက်မှ ပါဝင်ရပ်တည်မည်၊ အားပေး ထောက်ခံမည် ဆိုသည်က အမှန်တရားကို ပြည်သူလူထုက သဲသဲ ကွဲကွဲသိမြင်နားလည် အမြင်ရှင်းဖို့လိုပါသည်။ ပြည်သူများက ငြိမ်းချမ်း ခြင်း၏ အဓိကကျမှု၊ လေးနက်မှု၊ အရေးပါမှုတို့ကို လက်ခံသိမြင်ပြီး လက်နက်ကိုင် တရားမဲ့ပြုလုပ်မှုဟူသမျှကို ဘယ်အုပ်စု၊ ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ် ဖြစ်ဖြစ် အားမပေး၊ မကူညီ၊ ဆန့်ကျင်ကြလျှင် အကြမ်း ဖက်မှုများက အမြန်ချုပ်ငြိမ်း အေးချမ်းမည် ဖြစ်သည်။ ပြည်သူတို့၏ ရပ်တည်ချက်သည် နိုင်ငံတည်တံ့ခိုင်မြဲရေးအတွက် အရေးပါလှ ကြောင်း ထပ်လောင်းပြောကြားလိုပါသည်။
မြန်မာနိုင်ငံသည် ဝါဒရေး၊ လူမျိုးရေးနှင့် ကိုယ်ကျိုးစီးပွားအတွက် လက်နက်ကိုင် ဆူပူနှောင့်ယှက်၊ ဖျက်ဆီးခြိမ်းခြောက်မှုမျိုးစုံက လွတ်လပ်ရေးရပြီးချိန်မှစတင်ကာ နာတာရှည်ရောဂါတစ်ခုလို စွဲကပ်နေပြီး ထိုဒဏ်ကို ပြည်သူတို့မှာ နှစ်ပေါင်းများစွာ ရင်စည်း ခံခဲ့ကြရသည်။ ထို့ကြောင့်ပင် နိုင်ငံမှာ တိုးတက်သင့်သလောက် မတိုး တက်၊ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုး ဖြစ်ခဲ့ရသည်။
စည်းလုံးညီညွတ်ခြင်းသည်သာ အရေးကြီးဆုံးအချက်ဖြစ်
ရေရှည်စစ်ပွဲ ဆင်နွှဲသဖြင့် အကျိုးရှိခဲ့ဖူးသောနိုင်ငံဟူ၍ ကမ္ဘာ့ သမိုင်းတွင် ဘယ်သောအခါကမှ မရှိခဲ့ဖူးပါ။ မြန်မာ့သမိုင်းတွင်လည်း မရှိခဲ့ဖူးပါ။ ပြည်သူနှင့်အစိုးရသည် တွေ့ကြုံရသမျှ အကောင်းအဆိုးမှန် သမျှကို သေအတူရှင်မကွာ ယှဉ်တွဲလုပ်ဆောင်ကြရပြီး တွေ့ကြုံရ သမျှ အခက်အခဲများကို လက်တွဲကြမှ ရင်ဆိုင်အောင်မြင်နိုင်မည်ဖြစ် သည်။ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်ခြင်းသည်သာ အရေးကြီးဆုံးအချက်ဖြစ်သည်။
မညီညွတ်သည့် လူ့ဘောင်အဖွဲ့အစည်းက မငြိမ်းချမ်းနိုင်သလို ငြိမ်းချမ်းမှုမရှိလျှင်လည်း ဖွံ့ဖြိုးတိုးတက်မှုဆိုတာ လက်တွေ့မဖြစ်ပေါ် နိုင်ပါ။ နိုင်ငံတိုးတက်ချင်ရင် အေးချမ်းလုံခြုံမှုရှိခြင်းက အခြေခံလိုအပ် ချက်ဖြစ်သည်။ ဘာကြောင့်ပဲ အကြောင်းပြပြ ပြည်သူလူထုက ကူညီ ထောက်ပံ့နေလျှင် လက်နက်ကိုင်အကြမ်းဖက်မှုများ၊ ပဋိပက္ခများက တာရှည်နေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ခက်ခဲနေမည်ဖြစ်သည်။
ငါနှင့်မတူ ငါ့ရန်သူဟု မသတ်မှတ်ဘဲ ရန်သူကို မိတ်ဆွေဖြစ် အောင်၊ ဆန့်ကျင်ဘက် သဘောထားအမြင်များ၊ မတူညီနိုင်သည်ကို အလှတရားအဖြစ် နားလည်လက်ခံပေးရခြင်းက နိုင်ငံရေးယဉ်ကျေးမှု ဖြစ်သည်။ မတူကွဲပြားမှုများကို တန်ဖိုးထားပြီး ရန်သူဆိုလျှင်လည်း မိတ်ဆွေအဖြစ် ပြောင်းလဲရမည်ဖြစ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရ မှာ မတူကွဲပြားမှုများကို အင်အားအဖြစ် စုစည်းပြီး ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ်ဖြင့် အောင်မြင်မှုရအောင် အတိုးအလျော့ အပေးအယူ ဆွေးနွေးညှိနှိုင်းသည့် နည်းဖြင့်သာ အဖြေရှာရမည်ဖြစ်သည်။
အယူအဆမတူကြသော်လည်း တစ်ဦးနှင့်တစ်ဦး မေတ္တာတရား၊ ကိုယ်ချင်းစာနာမှုတို့ဖြင့် ချည်နှောင်ကြရမည်ဖြစ်ကြောင်းကို မဟတ္တမ ဂန္ဒီ၏ ငြိမ်းချမ်းရေးနှင့်ဆိုင်သည့် အဆိုအမိန့်တစ်ခုတွင် မတူကွဲပြား မှုများ၏ ပေါင်းစည်းညီညွတ်ခြင်းကို အရောက်လှမ်းနိုင်စွမ်းက မိမိတို့ လူ့အဖွဲ့အစည်း၏ အစမ်းသပ်ခံနိုင်စွမ်းဖြစ်သလို အလှတရားလည်း ဖြစ်သည်ဟု ဆိုခဲ့သည်။
ထို့ပြင် ကမ္ဘာကြီးကို ပေါင်းစည်းထားသည့် အက်တမ်များအကြား တွင် ပေါင်းစည်းမှုအားသာမရှိပါက ကမ္ဘာမြေကြီးသည် အစိတ်စိတ် အမြွှာမြွှာ ပဲ့ကြွေပျက်စီးသွားပြီး မိမိတို့သည်လည်း အသက်ရှင်ရပ်တည် နိုင်မည်မဟုတ်ကြောင်း၊ ထိုသို့ မမြင်ရသည့်အရာများ၊ အကြောင်း ကိစ္စများတွင် ပေါင်းစည်းမှုအား ရှိသည်ဆိုပါက သက်ရှိလူသားများတွင် ပေါင်းစည်းမှုအား ပိုမိုရှိရမည်ဖြစ်ကြောင်း။
ပေါင်းစည်းမှုအားသည် မေတ္တာတရားဖြစ်
သက်ရှိသတ္တဝါ လူသားများအကြားမှ ပေါင်းစည်းမှုအားသည် မေတ္တာတရားဖြစ်ကြောင်း၊ မိဘနှင့်သားသမီး၊ မောင်နှင့် နှမ၊ မိတ်ဆွေ အချင်းချင်းအကြားတွင်လည်း ထိုချစ်ခြင်း မေတ္တာတရားကို တွေ့မြင် နိုင်ပြီး လူသားများအားလုံးတွင် မေတ္တာတရားဖြင့် ထုံမွှမ်းမှသာ အသက်နှင့်ဘဝ ရှင်သန်နိုင်မည်ဖြစ်ကြောင်း ပြောကြားထားသည်။
ထို့ကြောင့် ပြည်သူလူထုလိုလားသည့် ငြိမ်းချမ်းသာယာသော လူ့အဖွဲ့အစည်းတစ်ခုဖြစ်အောင် အကြမ်းဖက်လုပ်ရပ်များကို ရပ်တံ့ ကာ စာနာထောက်ထားစိတ်၊ သည်းခံစိတ်၊ မေတ္တာတရားတို့ဖြင့် နိုင်ငံနှင့်လူမျိုးအကျိုးကို ရှေးရှုလျက် အပြုသဘောဆောင် ပူးပေါင်း ပါဝင်ကြရအောင်ဟု ရေးသားတိုက်တွန်းလိုက်ရပါသည်။ ။
- Log in to post comments