တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၁)ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့် အဖွင့်အမှာစကား
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်
ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား
လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ ကျွန်တော် တို့ နိုင်ငံရဲ့ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ ယနေ့ထက်တိုင် ကမ္ဘာမှာ ခိုင်မာစွာ ရပ်တည်နိုင်ဖို့ ကျွန်တော်တို့ တိုင်းရင်းသားအားလုံး တူညီဆန္ဒများဖြင့် ပြည်ထောင်စုအုတ်မြစ် တည်ဆောက်ခဲ့ကြပါတယ်။ ဒီလိုအနှစ်သာရ နဲ့ ပြည့်ဝလှတဲ့ စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ဒီနေ့ကျင်းပပြုလုပ်တဲ့ တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၁) ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ကြည့်ရှုအားပေးနေကြပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားသွေးချင်း ညီအစ်ကိုမောင်နှမများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ကောင်းကျိုးချမ်းသာအဖြာဖြာ နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်း ဆက်သအပ်ပါတယ်။
တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား ချစ်ကြည် သွေးစည်းမှုနဲ့ ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ခိုင်မြဲစေမည့် “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” ပွဲတော်ကို တိုင်းရင်းသားလူမျိုးများရဲ့ ရိုးရာယဉ်ကျေးမှု၊ အနုပညာများ ပိုမိုဖော်ထုတ်နိုင်ဖို့၊ ရပ်ရွာအခြေပြုတိုင်းရင်းသားဒေသ ခရီးသွား လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့နှင့် တိုင်းရင်းသားတို့၏ နေထိုင်ရာဒေသများမှ ဒေသ တွင်းထုတ်ကုန်များ၊ ရိုးရာဝတ်စားဆင်ယင်မှုများ၊ တိုင်းရင်းသားတို့၏ ရိုးရာအစားအစာများကိုသိရှိ စေပြီး တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီးတော့မှ ဆောင်ရွက် လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ပထမ အကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(၂၀၁၉)ပွဲတော်ကို ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းက ဦးဆောင်ပြီး ပြုလုပ်ခဲ့ကြပါတယ်။ ဒုတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၀)ပွဲတော်ကို ကယား တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက အဓိက ဦးဆောင်ပြီး ပြုလုပ်ခဲ့ကြပါတယ်။ ယခု တတိယ အကြိမ် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” (၂၀၂၁) ပွဲတော် ကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရတဲ့ အခြေအနေကြောင့် မြေပြင်တွင် ကျင်းပနိုင်ခြင်းမရှိသည့်အတွက် ရုပ်သံပွဲတော် အဖြစ် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားတွင် တိုင်းရင်းသားများရဲ့ ရိုးရာ ယဉ်ကျေးမှု၊ အဆို၊ အက များနဲ့ ကျင်းပဆောင်ရွက် ခြင်း ဖြစ်ပါတယ်။
နိုင်ငံတော်အနေနဲ့ တိုင်းရင်းသားညီနောင်များ အားလုံး တန်းတူ ခံစားနိုင်မည့် ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေး၊ စည်းလုံး ညီညွတ်ရေး၊ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတို့ကို အဓိကထားဆောင် ရွက်လျက်ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၂၂ မှာလည်း နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေဖို့ ကူညီ ဆောင်ရွက်မည်၊ တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်ပါ တယ်။
နိုင်ငံတော်အနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည်ချက် (၉)ရပ်တို့ ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် လူမှု ရေးဦးတည်ချက်တွင်ပါရှိသည့် “စစ်မှန်သော မျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားလူမျိုးအပေါင်း တို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစား လိုက်နာပြီး အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာ များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ရေး” စတဲ့ အချက်များကို သတ်မှတ်ပြီး ဆောင်ရွက် လျက်ရှိပါတယ်။
နိုင်ငံတော်မှာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေဖို့လိုအပ်ပါတယ်။ ဒါမှသာ မတူကွဲပြားမှုတွေကို အပြန်အလှန်အသိအမှတ်ပြု လေးစားလိုက်နာပြီး ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ခိုင်မာစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါ တယ်။ ဒီမိုကရေစီကို ဖော်ဆောင်ရာတွင် အဓိက အခြေခံရမည့်အချက်က ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးစသည့် ဒို့တာဝန်အရေး(၃)ပါးပဲ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများရဲ့ ကျစ်လျစ် ခိုင်မာတဲ့ ညီညွတ်တဲ့ စုပေါင်းအားကို ဆက်လက် ကြိုးပမ်းတည်ဆောက်သွားရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ကျရောက်လာတော့ မယ့် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသော အားဖြင့် (တစ်) ပြည်ထောင်စု စိတ်ဓာတ်ရှင်သန် ခိုင်မာစေရေးလုပ်ငန်းစဉ် (နှစ်) ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန်ခိုင်မာစေဖို့ အတွက် လုပ်ဆောင်မည့် လုပ်ငန်းရပ်များ ချမှတ် တာ၊ တိုင်းရင်းသားများပါဝင်တဲ့ ဖော်ဆောင်ရေးအဖွဲ့ များ ဖွဲ့စည်းတာနဲ့ လက်တွေ့လုပ်ငန်းရပ်များ ဆောင်ရွက်တာဆိုတဲ့ အဆင့် ၃ ဆင့်ကို ဆောင်ရွက် သွားမှာဖြစ်ပြီး ဒီကိစ္စရပ်တွေအတွက် တိုင်းရင်းသား ပြည်သူလူထုနဲ့ ပါဝင်ပတ်သက်ရမယ့် အစုအဖွဲ့များ အားလုံးထံမှ အကြံပြုချက်များ ရယူတာ၊ အသိပေး တာ၊ ပညာပေးတာတို့ကိုလည်း ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးမြှင့် ဆောင်ရွက်ရာမှာတော့ သက်ဆိုင်ရာ တိုင်းရင်းသား များ၊ သက်ဆိုင်သူများ ကိုယ်တိုင်ပါဝင်ပြီး ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနဲ့ မြှင့်တင်နိုင်ရေး ဆောင်ရွက်တာ၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ အဆင့်ဆင့်နဲ့ EAO အဖွဲ့များ တိုက်ရိုက်ဆွေးနွေးတာ၊ NCA လက်မှတ်ရေးထိုးပြီး သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်တာ၊ NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား NCA လက်မှတ်ရေးထိုး နိုင်အောင် ရည်ရွယ်ပြီး ပစ်ခတ်တိုက်ခိုက်မှုလျော့နည်းလာစေရေး၊ နှစ်ဖက် သဘောတူညီချက်များ ရရှိစေရေးတို့ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ ငြိမ်းချမ်းရေးနဲ့သက်ဆိုင်တဲ့ ဆွေးနွေးပွဲတွေ၊ အခမ်းအနားတွေမှာ အမြဲပြောဆိုတဲ့ စကားရှိပါတယ်။ ဒါကတော့ “ဆန္ဒ” ပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကိုလိုချင်ရင် ငြိမ်းချမ်းရေးကိုလိုချင် တဲ့ စစ်မှန်တဲ့ ဆန္ဒရှိရမှာဖြစ်ပါတယ်။ ဒီလိုပါပဲ။ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေလိုတယ်၊ သာယာဝ ပြောစေလိုတယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်သာယာဝ ပြောလိုတဲ့ ဆန္ဒနဲ့ လုပ်ဆောင်ချက်တွေရှိရပါမယ်။ ဒီဆန္ဒ၊ သဘောထားနဲ့ ကျွန်တော်တို့ရဲ့ တစ်ပေါင်း တစ်စည်းတည်း စုပေါင်းဆောင်ရွက်မှုတွေရှိလာရင် ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုးအတွက် မဖြစ်နိုင်စရာဆိုတာ မရှိဘူးဆိုတာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို ကျွန်တော်တို့ ဘယ်လို ကျော်လွှားခဲ့ကြသလဲဆိုတာက ထင်ရှားတဲ့ သက်သေဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါတတိယ လှိုင်း အမြင့်မားဆုံးအချိန် ဇူလိုင်လမှာ ပိုးတွေ့ ရာခိုင်နှုန်း ၄၀ ရာခိုင်နှုန်းနီးပါးထိရှိခဲ့တယ်။ နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုနဲ့ အဖွဲ့အစည်း အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အတွက် ၃ / ၄ လခန့်အကြာမှာ ပိုးတွေ့ရာခိုင်နှုန်း ဟာ ၂ ရာခိုင်နှုန်းခန့်သာ ရှိပါတော့တယ်။ ဒါဟာ စည်းလုံးခြင်း၊ စည်းကမ်းလိုက်နာခြင်းနဲ့ ပြင်းပြတဲ့ ဆန္ဒနဲ့ လုပ်ဆောင်ခြင်းတို့ရဲ့ လက်တွေ့ရလဒ်ပဲဖြစ်ပါ တယ်။ ဒီလို ကောင်းမွန်တဲ့ လုပ်ဆောင်ချက်နဲ့ စိတ်ဓာတ်တွေကို ကျွန်တော်တို့ ဆက်လက် ထိန်းသိမ်းဆောင်ရွက်ကြရပါမယ်။ ဒီကနေတစ်ဆင့် ပြည်ထောင်စုရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စစ်မှန် စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု၊ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော် ကို ချီတက်ကြပါမယ်။
နိုင်ငံတော်၏ အဓိကလိုအပ်ချက်တို့မှာ ငြိမ်းချမ်းရေးဖြစ်စဉ်များ ဖွံ့ဖြိုးတိုးတက်လာစေရေး နဲ့ တိုင်းရင်းသားဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက် လာစေရေးတို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေနဲ့ နိုင်ငံတော်ရဲ့ စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းရင်းသားဒေသများ ပါမကျန် အားပေးကူညီ ဆောင်ရွက်လျက်ရှိပါတယ်။ ကိုဗစ် -၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်း လာမှုများကို ပြန်လည်တည်ဆောက်နိုင်ရန် တွန်းအားပေး ဆောင်ရွက်လျက်ရှိပါတယ်။
မည်သည့် စီးပွားရေးလုပ်ငန်းရှင်များမဆို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာရေးဟာ တစ်ဦးကောင်း၊ တစ်ဖွဲ့ ကောင်းဖြင့် ဆောင်ရွက်လို့ မရနိုင်ပါဘူး။ တိုင်းရင်း သားပြည်သူများ အားလုံးရဲ့ စုပေါင်းအားနဲ့သာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
တိုင်းရင်းသားပြည်သူများခင်ဗျား
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ကျွန်တော်တို့ နိုင်ငံနှင့် တိုင်းရင်းသားများရဲ့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ တိုင်းရင်းသား များ၏ စုစည်းမှုအားဖြင့် ဆောင်ရွက်ကြရမှာ ဖြစ်ပါ တယ်။ ဒါကြောင့်-
(၁) ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာစေရေးလုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ တိုးမြှင့်ဆောင်ရွက်ခြင်းလုပ်ငန်း စဉ်များမှာ တိုင်းရင်းသားအားလုံး၊ သက်ဆိုင်သူအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါ။
(၂) နိုင်ငံတော်မှာ လိုအပ်လျက်ရှိတဲ့ စစ်မှန် စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာလာစေရေးနဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေဖို့ အတွက် တိုင်းရင်းသားပြည်သူများ အားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြ ပါ။
(၃) တိုင်းပြည်သာယာဝပြောရေးနဲ့ စားရေ ရိက္ခာ ဖူလုံစေရေးအတွက် တိုင်းရင်းသား ပြည်သူအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါ။
(၄) တိုင်းရင်းသားများရဲ့ မတူကွဲပြားမှုများကို အပြန်အလှန် အသိအမှတ်ပြုလေးစား လိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။