
ရန်ကုန် ဒီဇင်ဘာ ၁၀
(၉)ကြိမ်မြောက် ASEAN ICT Award 2021 ပြိုင်ပွဲကို ယခုနှစ်တွင် အလှည့်ကျအိမ်ရှင်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံက ဦးစီး၍ အွန်လိုင်းမှ တစ်ဆင့် ကျင်းပလျက်ရှိရာ ပြိုင်ပွဲ၏နောက်ဆုံး အဆင့်တွင် ပါဝင်ခွင့်ရသည့် ဆန်ခါတင် အသင်းများ၏ စာရင်းကို ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် Public Sector ၊ Pri-vate Sector ၊ Corporate Social Respon-sibility ၊ Digital Content ၊ Start-up Company နှင့် Research and Development ဟူ၍ ပြိုင်ပွဲအမျိုးအစား ခြောက်မျိုးပါဝင်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ပြိုင်ပွဲဝင် စုစုပေါင်း ၉၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ပြိုင်ပွဲ၏ ပဏာမ အကဲဖြတ်အမှတ်ပေးခြင်း အဆင့်တွင် အဖွဲ့ဝင်နိုင်ငံများမှ အကဲဖြတ်ဒိုင် များက အောက်တိုဘာ ၁၈ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ အွန်လိုင်းမှတစ်ဆင့် စိစစ်အမှတ် ပေး၍ ဆန်ခါတင်အဆင့် အသင်းသုံးသင်းစီကို ရွေးချယ်ခဲ့သည်။ ပြိုင်ပွဲအမျိုးအစားတစ်ခုစီအလိုက် ဆန်ခါတင်အဆင့် ရွေးချယ်ခံရသည့် အသင်းများတွင် မြန်မာနိုင်ငံမှ ပါဝင်ခြင်းမရှိ သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်က ပြိုင်ပွဲတွင် Corporate Social Responsibility ခေါင်းစဉ်၌ OnDoctor ကျန်းမာရေးစောင့်ရှောက်မှု အက်ပလီကေးရှင်း နှင့် Start-up Company ခေါင်းစဉ်၌ Shwe Bite(Myanmar)တို့က ပထမဆုများ ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်မူ ဆုမရခဲ့ကြောင်း သိရသည်။
ဆန်ခါတင်အဆင့် ရွေးချယ်ခံထားရသည့် ပြိုင်ပွဲဝင်များအနေဖြင့် ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တွင် ကျင်းပပြုလုပ်မည့် နောက်ဆုံး အဆင့် အကဲဖြတ်ခြင်းတွင် ဝင်ရောက်ယှဉ်ပြိုင် ကြရမည်ဖြစ်ကာ နောက်ဆုံးအဆင့်တွင် အနိုင် ရသူများစာရင်းကို ဒီဇင်ဘာ ၁၇ ရက်တွင် ကြေညာ၍ ဆုရရှိသူများအား ၂၀၂၂ ဇန်နဝါရီ တွင် ဗာကျူရယ်စနစ်ဖြင့် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ် ဆိုင်ရာဝန်ကြီးများ အစည်းအဝေးတွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ASEAN ICT Award ပြိုင်ပွဲကို ၂၀၁၂ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံ၌ စတင်ကျင်းပခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏အမည် အင်္ဂလိပ် အက္ခရာစဉ်အလိုက် အိမ်ရှင်အဖြစ် အလှည့်ကျ တာဝန်ယူ၍ နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၂၁ ခုနှစ် တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်အလှည့်ကျ ခြင်းဖြစ်သည်။
ကိုစိုး