
ရန်ကုန် ဒီဇင်ဘာ ၁၀
တွံတေးမြို့နယ် ကံဘဲ့လမ်းနှင့် ကော့မှူးလမ်းပိုင်းကို နယ်မြေအေးချမ်းတည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် ခေတ္တပိတ်ထားခဲ့ရာမှ ဒီဇင်ဘာ ၆ ရက်က စတင်ပြီး ပြန်လည်ဖွင့်လှစ်မှုကြောင့် ဒလမြို့နယ်ရှိ အဝေးပြေး ကားဝင်းမှ ဧရာဝတီတိုင်းဒေသကြီး အခြေပြုပြေးဆွဲ နေသော အဝေးပြေးယာဉ်လိုင်းများနှင့် ရန်ကုန်တိုင်း ဒေသကြီးအခြေပြု ပြေးဆွဲနေသော ယာဉ်လိုင်းများ အနေဖြင့် ပုံမှန်ပြန်လည်ပြေးဆွဲကာ အနယ်နယ် အရပ်ရပ်မှ ခရီးသွားပြည်သူများ ပုံမှန်သွားလာလျက် ရှိကြောင်း တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ YRTC ဒလမြို့နယ် ရုံးခွဲမှ သိရသည်။
မအူပင်-ဒလ ပြေးဆွဲနေသော ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက “ကျွန်တော်တို့ မအူပင်-ဒလ ယာဉ်လိုင်းတွေ ဒီနေ့ပုံမှန်ပြန်လည်ပြီး ယခင် ပြေးဆွဲ နေကျလမ်းကြောင်းအတိုင်း ပြေးဆွဲပေးတာပါ။ ပထမက လုံခြုံရေးအခြေအနေအရ တွံတေးမြို့နယ် ကံဘဲ့လမ်းပိုင်းနဲ့ ကော့မှူးလမ်းပိုင်းမှာ ဖြတ်သန်း သွားလာမှု ခေတ္တပိတ်ထားလို့ ယာဉ်လိုင်းတွေ ပြေးဆွဲမှုမရှိခဲ့ဘူး။ အခုအားလုံး ပုံမှန်သွားလာလို့ရတဲ့ အခြေအနေဖြစ်သွားလို့ ဝမ်းသာပါတယ်။ ခရီးသည် တွေလည်း အလုပ်သွားအလုပ်ပြန် ပိုပြီး အဆင်ပြေ သွားတယ်။ လက်ရှိမှာ ခရီးသည်တွေကို သတ်မှတ် ထားတဲ့ လူဦးရေအတိုင်းပဲ ပို့ဆောင်ပြေးဆွဲပေးတာဖြစ်ပါတယ်”ဟု ပြောသည်။
ဒလမြို့နယ် အဝေးပြေးကားဝင်းအတွင်း ရန်ကုန် တိုင်းအခြေပြု၍ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ မော်လမြိုင်ကျွန်းမြို့များသို့ ပြေးဆွဲ နေသော ယာဉ်လိုင်းရှစ်လိုင်းနှင့် ဧရာဝတီတိုင်းဒေသ ကြီး အခြေပြု၍ ဘိုကလေး- ကျိုက်လတ်- ဖျာပုံ-ဒေးဒရဲ- မအူပင်မြို့များသို့ ပြေးဆွဲနေသော ယာဉ်လိုင်းများ စုစုပေါင်း ၂၄ လိုင်းရှိသည့်အနက် နေ့စဉ် ၁၃ လိုင်းမှ ၁၄ လိုင်းအထိ ကိုဗစ်-၁၉ စည်းကမ်းနှင့် အညီ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းအခြေပြု ပြေးဆွဲနေသော ဒလ-တွံတေး ကားလေးဂိတ်ယာဉ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးကလည်း “ကျွန်တော်တို့ တွံတေးကား လေးဂိတ်အနေနဲ့ ဒလကနေ ခရီးသည်တွေကို ပုံမှန် ပြေးဆွဲပေးနေပါတယ်။ ကိုဗစ်-၁၉ ရောဂါ စည်းကမ်း ချက်နဲ့အညီ ရှေ့ခန်းမှာ ခရီးသည် တစ်ဦး၊ အလယ် ခန်းမှာ နှစ်ဦးထိုင်၊ နောက်ခန်းမှာ နှစ်ဦးထိုင်၊ စုစု ပေါင်း ခရီးသည် ငါးဦးထိပဲ သတ်မှတ်စည်းကမ်းနဲ့ အညီ သယ်ယူပို့ဆောင်ပေးတာ ဖြစ်ပါတယ်။ အရင် ခုနစ်ဦးအထိ တင်ဆောင်ပြေးဆွဲတာ ဖြစ်ပါတယ်။ လုံခြုံရေးအခြေအနေရ ခရီးသည်လျှော့ပြီး ပို့ဆောင် ရတာ ဖြစ်ပါတယ် ” ဟု ပြောသည်။
ဒလ- တွံတေး- ကော့မှူး- ကွမ်းခြံကုန်း မြို့နယ်များနှင့် လှိုင်သာယာမြို့နယ်တို့သို့ ပြေးဆွဲ ပေးနေသော YBS 47 (တွံတေး-လှိုင်သာယာ)၊ YBS 48 (တွံတေး-ဒလ)၊ YBS 49 (ကွမ်းခြံကုန်း-လှိုင်သာယာ)၊ YBS 50 (ကွမ်းခြံကုန်း-ဒလ) ယာဉ်များအနေဖြင့် နေ့စဉ် ကားလေးအစီးရေ ၁၂၀ ကျော်၊ မိုက်ခရို ဘတ်(စ်)ကားအစီးရေ ၁၂ စီးခန့် နေ့စဉ်ပြေးဆွဲပေး လျက်ရှိပြီး ကိုဗစ်-၁၉ ဖြစ်ပွားသောကာလမှ စတင်၍ ကားတစ်စီးလျှင် ခရီးသည်ငါးဦးနှုန်းဖြင့် နေ့စဉ် ခရီးသည် ၆၀၀ ကျော်ခန့်အား ပြေးဆွဲပို့ဆောင်ပေးလျက်ရှိကြောင်း YRTC ဒလမြို့နယ်ရုံးခွဲမှ သိရသည်။
လက်ရှိအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အခြေပြုပြေးဆွဲနေသော ယာဉ်လိုင်းများအနေဖြင့် တစ်ရက်ပျမ်းမျှ ခရီးသည် ၂၀၀ ဝန်းကျင်ခန့်နှင့် ရန်ကုန်တိုင်းအခြေပြု၍ ပြေးဆွဲပေးသော ယာဉ်လိုင်း များအနေဖြင့် ခရီးသည် ၆၀၀ ကျော် ပို့ဆောင် ပေးလျက်ရှိပြီး ခရီးသည်များ အဆင်ပြေစေရေး အတွက် အဝေးပြေးယာဉ်လိုင်းများ ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း၊ ဒလမြို့နယ် အဝေးပြေးကားဝင်း၌ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး အခြေပြုပြေးဆွဲနေသော ယာဉ်လိုင်းပေါင်း ၂၄ လိုင်း တွင် ယာဉ်အစီးရေ ၂၅၉ စီးရှိကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ
နိုင်လင်းကျော်(ပြန်/ဆက်)