
အာဆီယံမိသားစုစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်ရေးစိတ်ဓာတ်တို့ကို အခြေခံလျက် အာဆီယံမူဘောင်အောက်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေး
နေပြည်တော် ဒီဇင်ဘာ ၈
ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး မစ္စတာပရတ်ဆုတ်ခွန်း၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အထူး ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့သည်။
ဂါရဝပြုတွေ့ဆုံ
ဖနောင်ပင်မြို့သို့ ရောက်ရှိနေ စဉ်အတွင်း ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆင်အား ဂါရဝပြု တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင် ရွက်မှု ပိုမိုတိုးတက်ခိုင်မာစေရေး သာမက အာဆီယံနည်းလမ်းနှင့် စိတ်ဓာတ်ကို အခြေခံလျက် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ်ကာလ အတွင်း ဦးစားပေးပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
အကျိုးတူပူးပေါင်း
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး မစ္စတာပရတ်ဆုတ်ခွန်းနှင့်လည်း တွေ့ဆုံခဲ့သည်။ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမို တိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံ အကြား အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် အကောင်အထည်ဖော် သွားနိုင် မည့် အလားအလာများနှင့် ဒေသ တွင်းနှင့် နိုင်ငံတကာမျက်နှာစာ တို့တွင် နီးကပ်စွာ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
ရှင်းလင်းပြောကြား
ထို့ပြင် မြန်မာ-အာဆီယံ ပူးပေါင်း ဆောင်ရွက်ရေးနှင့် အာဆီယံ မိသားစုစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်ရေး စိတ်ဓာတ် တို့ကို အခြေခံလျက် အာဆီယံ မူဘောင်အောက်တွင် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားရေး ကိစ္စတို့ကိုလည်း ဆွေးနွေးခဲ့ကြ သည်။ ယင်းတွေ့ဆုံမှုအတွင်း ပြည်ထောင်စုဝန်ကြီးသည် မြန်မာ နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှု များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကိုလည်း ရှင်းလင်း ပြောကြားခဲ့သည်။
နေ့လယ်စာစားပွဲ တက်ရောက်
ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ကမ္ဘောဒီးယား နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးက တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက် ခဲ့သည်။
ပြန်လည်ရောက်ရှိ
ပြည်ထောင်စုဝန်ကြီး နှင့် ကိုယ်စားလှယ်အဖွဲ့သည် ညနေ ပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရ သည်။
သတင်းစဉ်