နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် မိုးစပါး တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး တစ်ကွင်းတစ်စပ်တည်း ဧက ၁၀၀ စံပြကွက်ရိတ်သိမ်း

 

နေပြည်တော်   ဒီဇင်ဘာ   ၈


မိုးစပါး  တစ်ဧကတင်း  ၁၀၀ ထွက်ရှိရေး၊  တစ်ကွင်းတစ်စပ်တည်း  ဧက ၁၀၀ စံပြကွက်  ရိတ်သိမ်းပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ညောင်ကုန်းကျေးရွာ၌ ကျင်းပသည်။

 


အခမ်းအနားတွင်   နေပြည် တော်ကောင်စီ  ဥက္ကဋ္ဌ  ဒေါက်တာ မောင်မောင်နိုင်က ပြည်ထောင်စု နယ်မြေ  နေပြည်တော်   ဧရိယာ အတွင်း စိုက်ပျိုးမွေးမြူထုတ်လုပ် မှုနှင့် စားသုံးမှုဖူလုံရေး ဟန်ချက် ညီစေရန်   စီမံဆောင်ရွက်လျက် ရှိသကဲ့သို့   လယ်ယာထွက်ကုန် အခြေခံသည့် ကုန်ထုတ်လုပ်ငန်း များ   ဖွံ့ဖြိုးလာရေးကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ ၏ အဓိက ရိက္ခာသီးနှံဖြစ်သည့်  ဆန်စပါး    ဖူလုံပိုလျှံရေးအတွက် ဌာနဆိုင်ရာများ၊   ပုဂ္ဂလိကများ၊ တောင်သူများနှင့်     သက်ဆိုင်သူ အားလုံးတို့က မိမိတို့ကျရာ အခန်း ကဏ္ဍများက   ပူးပေါင်းကြိုးပမ်း လျက်ရှိနေကြမှုအပေါ်         အသိ အမှတ်ပြု    ဂုဏ်ပြုပါကြောင်း၊ အလားတူ ပဲမျိုးစုံဆီထွက်သီးနှံနှင့် အခြားသော  စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး တွင်လည်း     အားသွန်ခွန်စိုက် ဆက်လက် ပူးပေါင်းပါဝင်ကြခြင်း ဖြင့်   ပြည်သူအများစုနေထိုင်ရာ  ကျေးလက်ဒေသ    ဖွံ့ဖြိုးရေးနှင့် တောင်သူ     လယ်သမားများ၏ လူနေမှုအဆင့်အတန်းမြင့်မားရေး ကြိုးပမ်းပေးကြပါရန်   တိုက်တွန်း ပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍ ဒုတိယဝန်ကြီး  ဒေါက်တာ    အောင်ကြီးက   ယခု ကဲ့သို့  စိုက်ပျိုးဆောင်ရွက်သည့် စံပြကွက်များမှ     စိုက်ပျိုးနည်း ပညာများအား      အစဉ်သဖြင့် လိုက်နာကျင့်သုံးပြီး    တောင်သူ အချင်းချင်း     နည်းပညာဖလှယ် ခြင်းအားဖြင့် စိုက်ပျိုးနည်းပညာ များကို     တောင်သူများသိရှိပြီး ဝင်ငွေ          ပိုမိုတိုးတက်ရရှိရေး အတွက် ကြိုးစားဆောင်ရွက်ကြ ရန်လိုအပ်ကြောင်း    ဆွေးနွေး ပြောကြားသည်။

 


မြန်မာနိုင်ငံ၌ နှစ်စဉ် မိုးစပါး ဧက   ၁၅  သန်းခန့်နှင့်   နွေစပါး  ဧက   ၂  သန်းကျော်    စုစုပေါင်း ဧက ၁၇ သန်းခန့် စိုက်ပျိုးလျက် ရှိပြီး ဆန်စပါးကို ပြည်တွင်းစားသုံး မှု      ဖူလုံပိုလျှံရေးနှင့်    ပြည်ပ တင်ပို့မှု    တိုးမြှင့်နိုင်ရေးအတွက် တစ်ဧက အထွက်နှုန်း တိုးတက် ရေးကို   အလေးထားဆောင်ရွက် လျက်ရှိရာ သမားရိုးကျ စိုက်ပျိုး နည်းစနစ်နှင့် ကွဲပြားခြားနားသော သိပ္ပံနည်းကျ စိုက်နည်းစနစ်များ နှင့်အညီ    ဆောင်ရွက်ကြရန် နိုင်ငံတော်အစိုးရ၏     လမ်းညွှန် ချက်နှင့်အညီ           စပါးတစ်ဧက အထွက်နှုန်း          သိသိသာသာ တိုးတက်လာစေရေး       အတွက် သိပ္ပံနည်းကျ   စိုက်နည်းစနစ်များ ကို   တောင်သူများသိရှိ နားလည် စေရန်နှင့်   အဆိုပါနည်းစနစ် များအား   တောင်သူအချင်းချင်း ဖလှယ်ခြင်းအားဖြင့် ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်လာကြပြီး တစ်ဧက အထွက်နှုန်း အမြင့်ဆုံး ထိ  တိုးတက်ထွက်ရှိ လာစေရန် ရည်ရွယ်၍ သိပ္ပံနည်းကျစိုက်နည်း စနစ်ဖြင့်   မိုးစပါး    တစ်ဧက အထွက်နှုန်း   တင်း  ၁၀၀ ကျော် ထွက်ရှိသည့်    တစ်ကွင်းတစ်စပ် တည်း   စံပြကွက်များကို    တိုင်း ဒေသကြီး၊  ပြည်နယ် ၁၀ ခုတွင် စိုက်ပျိုး        ပြသလျက်ရှိသကဲ့သို့ နေပြည်တော်ကောင်စီနယ်မြေ၌ လည်း အထွက်နှုန်း တင်း ၁၀၀ နှင့် အထက်ထွက်ရှိသည့် မိုးစပါး ဧက    ၁၀၀      စံပြကွက်ကို တောင်သူများအား နည်းပညာနှင့် သွင်းအားစုများပံ့ပိုး၍    စီမံချက် များဖြင့်        ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ 

 


ပြည်ထောင်စု          နယ်မြေ နေပြည်တော်တွင် ယခုနှစ် မိုးစပါး ဧက   စုစုပေါင်း   တစ်သိန်းခုနစ် သောင်းကျော် စိုက်ပျိုးခဲ့ပြီး ယနေ့ အထိ    ဧကခုနစ်သောင်းကျော် ရိတ်သိမ်းပြီးဖြစ်သည်။   ဒက္ခိဏ သီရိမြို့နယ်   မိုးစပါး   တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး၊ တစ်ကွင်း တစ်စပ်တည်း  ဧက  ၁၀၀  စံပြ ကွက်တွင်  မနောသုခစပါးမျိုးကို စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး     ယနေ့ ကျင်းပသည့်   စံကွက်ရိတ်သိမ်း ပွဲတွင်   တစ်ဧကလျှင်   စပါးအစို ၁၃၃ တင်းနှုန်း၊ အခြောက် ၁၁၅ တင်းနှုန်း   ထွက်ရှိကြောင်း   သိရ သည်။ 

သတင်းစဉ်