
ထက်လျှံ
အထူးသတိပြုစောင့်ကြည့်ရမည့် ကိုဗစ် - ၁၉ ဗီဇပြောင်းမျိုးကွဲ ‘အိုမီခရွန်’ နှင့် ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ ကိုဗစ် - ၁၉ ဗီဇပြောင်းမျိုးကွဲ ‘အိုမီခရွန်’
နဲ့ ပတ်သက်ပြီး ဘာကြောင့်စောင့်ကြည့်ဖို့ လိုအပ်တယ်ဆိုတာကို ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကူးစက်ပျံ့နှံ့မှု
များနိုင်တဲ့ ကိုဗစ် - ၁၉ ဗီဇပြောင်းမျိုးကွဲ တစ်ခုပေါ်ပေါက်လာခဲ့ရင် အရင်ဆုံး စိတ်ဝင်တစား စောင့်ကြည့်ရမယ့် မျိုးကွဲအုပ်စု (Variants of Interest)မှာ ထည့်လေ့ရှိပါတယ်။ ‘လမ်ဘဒါ’တို့၊ ‘မြူ’ တို့ ဗီဇပြောင်းမျိုးကွဲတွေတုန်းကလည်း စိတ်ဝင်တစားစောင့်ကြည့်ရမယ့် မျိုးကွဲအုပ်စုမှာ အရင်ဆုံးထည့်တာဖြစ်ပါတယ်။ ဒီနောက် သူတို့ရဲ့ ကူးစက်ပြန့်ပွားမှု၊ ရောဂါပြင်းထန်မှု၊ ကာကွယ် ထိန်းချုပ်ရေးဆောင်ရွက်နိုင်မှု၊ ရောဂါဓာတ်ခွဲ စမ်းသပ်နိုင်မှု၊ ရောဂါကုသနိုင်မှု စတဲ့အခြေအနေတွေ ကိုကြည့်ပြီးမှ နောက်တစ်ဆင့်အနေနဲ့ စိုးရိမ်ဖွယ်ကူးစက်ဖြစ်ပွားနိုင်တဲ့အုပ်စု (Variants of Concern) ထဲမှာ ထည့်တာဖြစ်ပါတယ်။ အခု ကိုဗစ် - ၁၉ ဗီဇ ပြောင်းမျိုးကွဲ ‘အိုမီခရွန်’မှာ ထူးခြားတဲ့အချက်က စိတ်ဝင်တစားစောင့်ကြည့်ရမယ့် မျိုးကွဲအုပ်စုထဲ အရင်မထည့်ဘဲ စိုးရိမ်ဖွယ်ကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ်လာနိုင်တဲ့ အုပ်စုထဲကို တန်းပြီးထည့်ပါ တယ်။ ဒီအုပ်စုမှာ ‘အယ်(လ်)ဖာ’၊ ‘ဘီတာ’၊ ‘ဂမ်မာ’၊ ‘ဒယ်လ်တာ’ ဆိုပြီး ရှေ့မှာလေးခုရှိပြီး သူက ငါးခု မြောက် စာရင်းဝင်သွားပါတယ်။
လေးခုမြောက် ‘ဒယ်လ်တာ’ဆိုရင် တစ်ကမ္ဘာ လုံးကို ပျံ့နှံ့ပြီး မြန်မာနိုင်ငံကလည်း ပြင်းပြင်း ထန်ထန် ခံစားခဲ့ရပါတယ်။ ‘ဒယ်လ်တာ’တုန်းက ဆိုရင် အိန္ဒိယမှာ စတင်တွေ့တဲ့အချိန်က ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၄ ရက်မှာ စိတ်ဝင်တစားစောင့်ကြည့်ရမယ့် မျိုးကွဲ အုပ်စု (Variants of Interest)မှာ စာရင်းဝင်တယ်။ စတင်တွေ့ပြီး ရှစ်လခန့်အကြာ ၂၀၂၁ခုနှစ် မေလ ၁၁ ရက်မှာ စိုးရိမ်ဖွယ်ကူးစက်ဖြစ်ပွားနိုင်တဲ့အုပ်စု (Variants of Concern) ထဲကို ထည့်လိုက်တာ ဖြစ်ပါတယ်။
အခု ‘အိုမီခရွန်’က နိုဝင်ဘာလ ၉ ရက်မှာ တောင်အာဖရိကနိုင်ငံကယူတဲ့ ဓာတ်ခွဲနမူနာမှာ စပြီးတွေ့တယ်လို့ သိရတယ်။ မျိုးပြောင်းနေတာတွေ ကို တောင်အာဖရိက သိပ္ပံပညာရှင်တွေက စတင် သတိပြုမိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်မှာ သတင်းပေးပို့တယ်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ နည်းပညာဆိုင်ရာ အကြံပေး အဖွဲ့က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်မှာ အရေးပေါ်အစည်းအဝေးတစ်ခုပြုလုပ်ပြီး မျိုးဗီဇ ပြောင်းတာတွေ များပြားနေတဲ့အတွက် အဲဒီနေ့မှာပဲ စိုးရိမ်ဖွယ် ကူးစက်ပြန့်ပွားမှုများ ဖြစ်နိုင်တဲ့ အုပ်စုထဲကို ငါးခုမြောက်အနေနဲ့ ‘အိုမီခရွန်’လို့ အမည်ပေးထည့်သွင်းတာ ဖြစ်တယ်လို့ သိရပါတယ်။
မေး ။ ။ ‘အိုမီခရွန်’က ဘယ်လိုဗီဇပြောင်းတဲ့
လက္ခဏာတွေရှိတယ်ဆိုတာ သိရှိလိုပါတယ်။
ဖြေ ။ ။ ကိုဗစ်-၁၉ မျိုးဗီဇကူးပြောင်းတယ်ဆိုတာ
များသောအားဖြင့် ဗိုင်းရပ်စ်ရဲ့ ဆူးချွန် နေရာကပြောင်းရင် အရေးကြီးပါတယ်။ ဆူးချွန်မှာ လည်း အဓိကဖြစ်တဲ့ လူ့ခန္ဓာကိုယ်ထဲကို ပူးကပ် ဝင်တဲ့ နေရာဖြစ်တဲ့(receptor binding domain)မှာပြောင်းရင် ပိုလို့အရေးကြီးပါတယ်။ ကာကွယ် ဆေးတွေ ထုတ်လုပ်ရာမှာရော၊ ရောဂါဖြစ်ပြီးသား သူတွေ နောက်တစ်ခါ ပြန်မဖြစ်ဖို့အတွက် ခန္ဓာကိုယ် က ခုခံအားနဲ့ပတ်သက်တဲ့ ပဋိပစ္စည်းတွေ အဓိက တွယ်ကပ်နိုင်တဲ့နေရာဖြစ်တဲ့ ဆူးချွန်မှာ‘အိုမီခရွန်’ မျိုးပြောင်းတာက ၃၂ ခုလောက်ရှိပြီး အဓိကနေရာ receptor binding domain မှာ ၁၀ ခုလောက် ရှိတာကို တွေ့ရပါတယ်။ receptor binding domain မှာ နှစ်ခုခန့်ပြောင်းလို့ double mutant variant လို့ခေါ်ခဲ့တဲ့ ဒယ်လ်တာရဲ့ ကမ္ဘာကိုပတ်ပြီး အများကြီး ပျံ့နှံ့ခဲ့တဲ့အနေအထားနဲ့ ယှဉ်ကြည့် လိုက်ရင် ဒီလိုအများကြီးပြောင်းတဲ့အခါ ဘာများ ဆက်ပြီးဖြစ်မလဲဆိုတာကို စောင့်ကြည့်နေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ‘အိုမီခရွန်’ ဗိုင်းရပ်စ်ပိုး မျိုးကွဲတစ်ခုလုံးရဲ့ ဆူးချွန်အပါအဝင် နေရာအားလုံး မှာ မျိုးပြောင်းတာ ၅၀ လောက်ရှိတယ်လို့ သိရ ပါတယ်။
နောက်တစ်ချက်က ‘အိုမီခရွန်’ မျိုးကွဲကို တွေ့ရ ချိန်မှာ တောင်အာဖရိကနိုင်ငံက ကိုဗစ်-၁၉ ဖြစ်ပွား မှုတွေ ပြန်ပြီးတက်လာတာကို တွေ့ရပါတယ်။ ဒီလိုပြန်တက်လာတဲ့ အနေအထားနဲ့ တစ်ဖက်က ဆူးချွန်မှာ မျိုးတွေအများကြီး ပြောင်းနေတဲ့ အနေအထားတို့ ဆက်စပ်ကြည့်လိုက်ရင် စိုးရိမ်ဖွယ် ကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ်လာနိုင်တဲ့ ဗိုင်းရပ်စ် အမျိုးအစား (Variants of Concern) အုပ်စုထဲကို ဘာကြောင့် ချက်ချင်းထည့်လိုက်တယ်ဆိုတာ သိနိုင်ပါတယ်။
မေး ။ ။ တောင်အာဖရိကနိုင်ငံတွေအပြင် အခြား
ဘယ်နိုင်ငံတွေမှာ တွေ့ရတယ်ဆိုတာကို ပြောကြားပေးစေလိုပါတယ်။
ဖြေ ။ ။ ‘အိုမီခရွန်’ မတိုင်မီ အခြားဗီဇပြောင်း
မျိုးကွဲတွေက နိုင်ငံဖြတ်ကျော်ပြီး တစ်နေရာနဲ့ တစ်နေရာကူးဖို့ အချိန်နည်းနည်း ယူရပါတယ်။ ‘အိုမီခရွန်’ က တွေ့ပြီးမကြာခင်မှာ နိုင်ငံအတော်များများမှာ တွေ့ရပါတယ်။ တောင် အာဖရိကနိုင်ငံ၊ ဘော့ဆွာနာနိုင်ငံကနေ ဆက် လက်ပြီး နယ်သာလန်၊ ပေါ်တူဂီ၊ ယူကေ၊ ဂျာမနီ၊ အီတလီ ၊ ဟောင်ကောင်၊ ကနေဒါ စတဲ့နိုင်ငံနဲ့ ဒေသပေါင်း ၂၃ ခုအထိ ပျံ့နှံ့နေပြီလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရဲ့ ဒီဇင်ဘာလ ၁ ရက် သတင်းစာ ရှင်းလင်းပွဲမှ သိရပါတယ်။ တွေ့ရတဲ့ နိုင်ငံ/ဒေသ အရေအတွက်ကလည်း တိုးတက်လာလျက်ရှိပြီး ကမ္ဘာ့အရှေ့ဘက်ခြမ်းမှာဆိုရင် ဟောင်ကောင်၊ ဂျပန် စတဲ့နိုင်ငံတွေ ကမ္ဘာ့အလယ်ပိုင်းမှာ ဥရောပ တိုက်၊ အာဖရိက၊ ကမ္ဘာ့အနောက်ခြမ်းမှာ အမေရိက တိုက်မှာလည်း တွေ့လာရပါတယ်။ ကမ္ဘာရဲ့ အရှေ့ခြမ်းရော၊ အလယ်ခြမ်းရော၊ အနောက်ခြမ်း ရော အချိန်တိုအတွင်း ပျံ့နှံ့လာနေတာ တွေ့ရပါ တယ်။
ကျွန်တော်တို့နိုင်ငံနဲ့နီးစပ်တဲ့ အိမ်နီးချင်းနိုင်ငံ အချို့က ခရီးသွားမှုတွေလည်း များတယ်။ မကြာ ခင်က ခရီးသွားလုပ်ငန်းတွေကိုလည်း ပြန်ဖွင့်လိုက် တဲ့ နိုင်ငံတွေလည်းရှိတယ်။ ဒီနိုင်ငံတွေကို ရောက်လာနိုင်တာကိုလည်း မျက်ခြည်မပြတ် စောင့်ကြပ်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
မေး ။ ။ ‘အိုမီခရွန်’ ဗီဇပြောင်း ဗိုင်းရပ်စ်အနေနဲ့
နောက်ဆက်တွဲ ဘာတွေများ ဆက်ပြီး ဖြစ်ပေါ်လာနိုင်ပါသလဲ။
ဖြေ ။ ။ ဒီလောက်မျိုးပြောင်းရင် ဘာတွေဖြစ်မှာ
လဲ။ ဒါကို တစ်ကမ္ဘာလုံးက စိတ်ဝင်စား နေကြပါတယ်။ ပထမအချက်အနေနဲ့ ‘အိုမီခရွန်’က ဆူးချွန်မှာ မျိုးပြောင်းတာများတဲ့အခါ ခန္ဓာကိုယ်က ပဋိပစ္စည်းတွေထွက်စေပြီး ရောဂါကို ကာကွယ် ပေးရတဲ့ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုကိုများ လျော့ကျစေနိုင်မှာလား၊ ရောဂါဖြစ်ပွားဖူးတဲ့သူမှာ လည်း ပဋိပစ္စည်းတွေ ခန္ဓာကိုယ်ထဲမှာရှိပေမယ့် မျိုးပြောင်းတဲ့ပိုး ထပ်ဝင်လာရင် ရောဂါထပ်ဖြစ်နိုင်မှု တွေ များလာမှာလား၊ လူလုပ်တဲ့ ပဋိပစ္စည်းကုသ ဆေး (therapeutic monoclonal antibodies) တွေကလည်း ဆူးချွန်တွေကို သွားပြီးဖုံးအုပ်နိုင်တဲ့ အာနိသင်တွေ လျော့ကျသွားမလားဆိုတာကို စောင့်ကြည့်နေပါတယ်။
ဒုတိယအချက်က ဆူးချွန်ရဲ့ လူ့ခန္ဓာကိုယ်ဆဲလ် ထဲကို ဝင်ရောက်နိုင်တဲ့အပိုင်းမှာ ပြောင်းလဲမှုတွေ ရှိတယ်၊ ဒါကြောင့် လူ့ခန္ဓာကိုယ်ထဲကို ပူးကပ်တွယ် ပြီး ဝင်တဲ့နေရာမှာ ပိုပြီး များများဝင်နိုင်လို့ ရောဂါ ကူးစက်ပျံ့နှံ့မှုတွေ ပိုမြန်နိုင်တာကို စောင့်ကြည့် နေတာဖြစ်ပါတယ်။
တတိယအချက်အနေနဲ့ ‘အယ်(လ်)ဖာ’၊ ‘ဘီတာ’၊ ‘ဂမ်မာ’ နဲ့ ‘လမ်ဘဒါ’ မျိုးကွဲတွေမှာလို ပြောင်းလဲမှုတွေကြောင့် မွေးရာပါကိုယ်ခံအားစနစ် ကို ရှောင်လွဲနိုင်စွမ်းတွေ ရှိလာနိုင်လို့ ရောဂါကူးစက် ပျံ့နှံ့မှုကို ပိုမိုမြန်ဆန်စေနိုင်တာကိုလည်း စောင့်ကြည့်နေတာဖြစ်ပါတယ်။ စတုတ္ထအချက်က ဗိုင်းရပ်စ်ရဲ့အထဲက မျိုးဗီဇမှာ ပြောင်းလဲမှုတွေ ရှိတဲ့အခါ ရောဂါပိုးဝင်တာနဲ့ ရောဂါခပ်မြန်မြန် ဖြစ်ပွားခံစားရတာတွေ တိုးလာမလားဆိုပြီး စောင့်ကြည့်နေတာဖြစ်ပါတယ်။
ဒီလို နောက်ဆက်တွဲတွေ ရှိနိုင်ပေမယ့် လက်တလောအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဘာကိုမှ တိတိကျကျမပြောသေးတဲ့ အနေအထား ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပညာရှင် တစ်ဦးပြောတာက ဒီကိစ္စကို လပေါင်းများစွာ စောင့်ကြည့်ဖို့ မလိုဘူး။ ရက်သတ္တပတ် နည်းနည်း ထပ်ပြီးစောင့်ကြည့်ရင် ဘာဖြစ်နိုင်တယ်၊ ဘယ်လောက် စိုးရိမ်ဖွယ်ရာရှိတယ်ဆိုတာကို ကနဦးထုတ်ပြန်ပေးနိုင်မှာ ဖြစ်ပါတယ်လို့ ဆိုပါ တယ်။
မေး ။ ။ ‘အိုမီခရွန်’က ကာကွယ်ဆေးထိုးနှံထား
တဲ့သူတွေမှာရော ဖြစ်ပွားနိုင်သလား၊ ဘယ်လို နည်းစနစ်တွေနဲ့ ကာကွယ်လို့ရနိုင် သလဲဆိုတာကို ပြောကြားပေးပါ။
ဖြေ ။ ။ ရှေ့မှာလည်း ‘ဒယ်လ်တာ’ အပါအဝင်
လေးမျိုးက မျိုးဗီဇတွေပြောင်းပြီး Variants of Concern အုပ်စုမှာ စာရင်းပေါက် ခဲ့ပေမယ့် ကာကွယ်ဆေးတွေက ရောဂါဝင်ရောက်မှု၊ ဖြစ်ပွားမှုကိုလည်း လျော့နည်းစေပါတယ်။ ရောဂါ ဝင်ရောက်ခဲ့ရင်တောင်မှ ပြင်းပြင်းထန်ထန် ဖြစ်ပွား မှု၊ အသက်သေဆုံးမှုတွေကို သိသိသာသာကို လျော့နည်းစေခဲ့တာ ဖြစ်ပါတယ်။
ဘယ်လိုကာကွယ်ဆေးတွေမဆို ၁၀၀ ရာခိုင် နှုန်း အာနိသင်ထက်မြက်တဲ့ ကာကွယ်ဆေး ဆိုတာမရှိဘူး။ ဒါကြောင့် အချို့လူတွေက ကူးစက် ခံရတာဖြစ်ပါတယ်။ ပြောနိုင်တာက ကာကွယ်ဆေး ထိုးထားမယ်ဆိုရင် ရောဂါပြင်းပြင်းထန်ထန် ဖြစ်ပွားမှု၊ ဆေးရုံတက်ရောက်ရမှု၊ အသက်သေဆုံး မှုတွေကနေ သိသိသာသာလျှော့ချနိုင်မှာ ဖြစ်ပါ တယ်။
မေး ။ ။ ကိုဗစ် - ၁၉ ဗီဇပြောင်းမျိုးကွဲ ‘အိုမီခရွန်’နဲ့
ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးက ဘာတွေဆောင်ရွက်နေတယ်ဆိုတာကို ပြောကြား ပေးစေလိုပါတယ်။
ဖြေ ။ ။ သတင်းအချက်အလက်နဲ့နည်းပညာခေတ်
ဆိုတော့ သတင်းတွေက ချက်ချင်းရောက် ပါတယ်။ တကယ်လို့ နိုင်ငံနဲ့ဒေသတွေမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရတဲ့သူတွေများလာရင် တစ်ဖက် က ရောဂါပြင်းထန်စွာဖြစ်ပွားသူ၊ ရောဂါကြောင့် သေဆုံးတဲ့သူ အရေအတွက်တွေလည်း များလာ နိုင်တာဖြစ်ပါတယ်။ ဖြစ်ပွားမှုနဲ့ သေဆုံးမှုနှစ်ခု အကြားမှာ ချိတ်ဆက်ထားတဲ့ကွင်းဆက်ကို ဖြတ် တောက်ပေးနိုင်တာက ကာကွယ်ဆေးဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံမှု အကြိမ်ပြည့်ရထားသူတွေ များရင် သူတို့မှာ ရောဂါပိုးကူးစက်ခံရရင်တောင် အသက်သေဆုံးတဲ့အထိဖြစ်ဖို့ အလွန်ခဲယဉ်းပါ တယ်။ ဒါကြောင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားကောင်းတဲ့နိုင်ငံတွေမှာ ရောဂါကြောင့်သေဆုံးမှု က ကျဆင်းလာတာ တွေ့ရပါတယ်။
ဒါပေမယ့် နိုင်ငံ/ဒေသအများစုမှာ ကာကွယ် ဆေးမထိုးရသေးတဲ့သူတွေအများကြီး ကျန်ရှိနေနိုင် ပါတယ်။ ‘အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ်တွေ ကြောင့် ကူးစက်မှုတွေများလာရင်၊ ဒီကတစ်ဆင့် ရောဂါပြင်းထန်သူတွေများလာခဲ့ရင် ကျန်းမာရေး စနစ်တွေမှာ ဝန်ပိမှုတွေဖြစ်လာရင် ဒီနိုင်ငံ/ဒေသ အနေနဲ့ နောက်ဆက်တွဲလူမှုရေး၊ စီးပွားရေးလုပ်ငန်း တွေ ပိတ်ရတာ၊ နှောင့်နှေးတာတွေ ရှိလာနိုင်ပါ တယ်။
ဒါကြောင့် ‘အိုမီခရွန်’ ဝင်မလာနိုင်အောင် နိုင်ငံ တကာမှာလည်း ခရီးသွားတာတွေကို ပိတ်ကြ တာတွေ၊ ကွာရန်တင်းစည်းကမ်းတွေကို တင်းကျပ် တာတွေ၊ ကွာရန်တင်းကာလကို ရက်တိုးတာတွေ၊ ကွာရန်တင်းကာလအတွင်း ဓာတ်ခွဲစစ်ဆေးမှု အကြိမ် တိုးမြှင့်တာတွေ စပြီးရှိပါလာတယ်။ အာဖရိကတိုက်တောင်ပိုင်းက တောင်အာဖရိကနိုင်ငံ အပါအဝင် ထိစပ်နေတဲ့ ရှစ်နိုင်ငံကို ခရီးသွားလာခွင့် ကန့်သတ်ကြတာတွေ ရှိပါတယ်။ လတ်တလော အနေနဲ့ သိရတာက ခရီးသွားလာခွင့်ကန့်သတ်မှု ပုံစံမျိုးနဲ့ နိုင်ငံနဲ့ဒေသပေါင်း ၇၀ လောက်က ဒီဒေသ က ခရီးသွားတွေနဲ့ ဒီဒေသကို လွန်ခဲ့တဲ့ ၁၄ ရက် အတွင်း ခရီးသွားခဲ့သူတွေကို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။ ဒီလိုကန့်သတ်တဲ့ ကမ္ဘာ့နိုင်ငံအရေ အတွက် တဖြည်းဖြည်းများလာလျက်ရှိတယ်လို့ သိရပါတယ်။
ဒီတော့ ‘အိုမီခရွန်’မျိုးဗီဇပြောင်းဗိုင်းရပ်စ်ကို စတင်သတင်းပေးပို့တဲ့ တောင်အာဖရိကနိုင်ငံက မီဒီယာတွေက သူ့နိုင်ငံအပြင် သူနဲ့ထိစပ်နေတဲ့ နိုင်ငံတွေကိုပါ သတင်းပေးပို့တဲ့အတွက် ပြစ်ဒဏ် ပေးသလိုဖြစ်နေမလားဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က သတင်းစာရှင်းလင်း ပွဲမှာမေးတာကို တွေ့ရပါ တယ်။ ကမ္ဘာ့နိုင်ငံတွေကလည်း အရင်က ရောဂါ ကူးစက်တဲ့ဒဏ် အထူးသဖြင့် ‘ဒယ်လ်တာ’ကို အပြင်းအထန်ခံထားရတာဖြစ်တဲ့အတွက် ပိတ်ကြ တာဖြစ်လို့ ဒီနှစ်ခုကြားမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဝင်ရောက်ညှိနှိုင်းပေးနေရတဲ့သဘော ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ညှိနှိုင်းပေးနေပေမယ့် နိုင်ငံ/ဒေသအတော်များများက လေကြောင်းခရီး သွားလာမှုတွေ၊ ခရီးသည်ဝင်ရောက်တာတွေကို ကန့်သတ်ပိတ်ပင်တာတွေ ဆောင်ရွက်နေတာ တွေ့ပါတယ်။
မေး ။ ။ ကာကွယ်ရေး နည်းလမ်းတွေအနေနဲ့
ဘာတွေ ဆောင်ရွက်ထားသင့်ပါသလဲ။
ဖြေ ။ ။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်တွေ မျိုးပြောင်း
တယ်ဆိုပေမယ့်လည်း Mask ကို လုံခြုံစွာ တပ်ထားရင် ဖောက်ပြီးဝင်လို့မရပါဘူး။ အရေပြား ကိုလည်း ဖောက်ဝင်လို့မရဘူး။ ဝင်မယ်ဆိုရင် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တွေကတစ်ဆင့် ဝင်ရမှာဖြစ်ပါ တယ်။ ရှူသွင်းလိုက်တဲ့လေနဲ့ပါလာပြီး ဝင်နိုင်သလို ရောဂါပိုးကပ်ငြိနေတဲ့နေရာတွေကို ကိုင်တွယ်မိတဲ့ လက်တွေနဲ့ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတွေကို လက်မဆေးဘဲ ကိုင်လိုက်မိရင် ရောဂါပိုးဝင်နိုင် ပါတယ်။ ဒါကြောင့် ကိုဗစ် - ၁၉ ကာကွယ်ရေး စည်းမျဉ်း/စည်းကမ်းတွေကို မမေ့မလျော့ သတိနဲ့ လိုက်နာရမှာဖြစ်ပါတယ်။
အကြောင်းကိစ္စမရှိရင် အပြင်မထွက်ဘဲ တတ်နိုင်သမျှ အိမ်မှာနေမယ်။ လူစုလူဝေးရှောင် မယ်။ ပွဲလမ်းသဘင်တွေရှိတယ်ဆိုရင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ် - ၁၉ စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ဖို့လိုပါတယ်။ သံသယလက္ခဏာတစ်ခုခုဖြစ်လာရင် နီးစပ်ရာ ကျန်းမာရေးဌာနကို သတင်းပို့မယ်။ ဆေးရုံ တက်ရောက်ဖို့ လိုတယ်ဆိုရင် အမြန်ဆုံး တက်ရောက်ကုသမှုခံယူနိုင်မှာ ဖြစ်ပါတယ်။
ဗိုင်းရပ်စ်က မျိုးပြောင်းတယ်ဆိုပေမယ့် မဝင် အောင် ကာကွယ်ထားနိုင်တဲ့ နည်းလမ်းတွေကို လူတိုင်းကလုပ်ဆောင်ရင် ဝင်ဖို့ခက်ခဲမှာဖြစ်ပါ တယ်။ ဒါ့အပြင် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံ ထားတယ်ဆိုရင် ရောဂါပြင်းပြင်းထန်ထန်ဖြစ်တာ နည်းပါမယ်။ ဒီလို ဆောင်ရွက်ထားတဲ့ လူတွေကြား ထဲကို ဗိုင်းရပ်စ်က ဝင်ချင်တိုင်းဝင်လို့ မရတော့ဘူး။ ကူးစက်ခံရသူနည်းတာနဲ့အတူ ထပ်ပြီးတော့ မျိုးပြောင်းဖို့လည်း ခက်သွားတယ်။ တစ်ဖက် ကလည်း ဖြစ်ပွားတဲ့ လူနာဦးရေနည်းလာတာနဲ့အမျှ ဆေးရုံဆေးခန်းတွေ ဝန်ပိတဲ့ပမာဏလည်း နည်းသွားမယ်။ အရေးကြီးတဲ့အချက်က ကာကွယ် ဆေးအကြိမ်ပြည့် ထိုးနှံမှုခံယူခြင်းဖြစ်ပြီး ဒါက ရေရှည်အတွက်တစ်ခုတည်းသော ထွက်ပေါက် လည်းဖြစ်ပါတယ်။ ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မား တာနဲ့အမျှ ရောဂါဖြစ်နှုန်းတွေ၊ ရောဂါကြောင့် သေဆုံးတာတွေ လျော့ကျလာမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နေ့စဉ်ရောဂါပိုး တွေ့ရှိမှုက (၃)ရာခိုင်နှုန်းအောက်ကို ကျလာတာ ၁၀ ရက်ကျော်ပြီဖြစ်ပါတယ်။ ဒီလိုအနေအထားကို ဆက်ထိန်းထားပြီး လူမှုစီးပွားဘဝတွေ ပြန်လည် ပတ်နိုင်ဖို့၊ လူမှုစီးပွားလုပ်ငန်းတွေ ပိုပြီးပွင့်လန်းလာ စေဖို့က အိုမီခရွန်လို မျိုးဗီဇ ပြောင်းပိုးတွေ ထပ်မံ ပေါ်ထွက်လာပေမယ့် လူ့ရဲ့ခန္ဓာကိုယ်ထဲကို ဝင်လို့ မရအောင် ကိုဗစ် - ၁၉ စည်းကမ်းတွေ၊ ကာကွယ်ရေး နည်းလမ်းတွေကို လူတိုင်းကလိုက်နာဖို့၊ ကာကွယ် ဆေးကို အကြိမ်ပြည့် မဖြစ်မနေထိုးနှံမှုခံယူဖို့ လိုပါ တယ်။
မျိုးဗီဇပြောင်းတွေက အိမ်နီးချင်းနိုင်ငံတွေ ကိုလည်း မကြာခင်ရောက်လာနိုင်တာ ဖြစ်ပါတယ်။ ဒီလိုရောက်လာရင် နယ်စပ်ဒေသတွေကတစ်ဆင့် မြန်မာနိုင်ငံကို မဝင်လာအောင် ကျန်းမာရေးဝန်ကြီး ဌာနက ဆောင်ရွက်နေတဲ့လုပ်ငန်းတွေမှာ ဝိုင်းဝန်း ပါဝင်ပြီး ပံ့ပိုးဆောင်ရွက်ဖို့လိုပါတယ်။
အဓိကပြောကြားလိုတာက ‘အိုမီခရွန်’နဲ့ ပတ်သက်လို့ ပြည်သူတွေအနေနဲ့ အလွန်မစိုးရိမ် မထိတ်လန့်ကြဖို့ ဖြစ်ပါတယ်။ အလွန်စိုးရိမ်ပြီး ဈေးတွေအများကြီးဝယ်စုတာ၊ လုံးဝကို အပြင် မထွက်တော့တာတွေ မလုပ်ဆောင်ဘဲ ကာကွယ် ရေးနည်းလမ်းတွေကို လူတိုင်းသတိရှိရှိ မမေ့မလျော့ နဲ့ လိုက်နာကြမယ်။ ကိုယ့်အတွက် အလှည့်ကျရရှိ လာတဲ့ကာကွယ်ဆေးကို မပျက်မကွက်ရယူထား မယ်၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ဝိုင်းဝန်းပါဝင်ပြီး ပံ့ပိုး ဆောင်ရွက်မယ်ဆိုရင် ‘အိုမီခရွန်’ကြောင့် နောက်ထပ် ရောဂါဖြစ်ပွားမှုတွေနဲ့ ရောဂါကြောင့် သေဆုံးမှုတွေ မြင့်တက်မလာအောင် ဝိုင်းဝန်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။