
နေပြည်တော် ဩဂုတ် ၂၂
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာကျော်လင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးတို့ သည် ယနေ့ နံနက်ပိုင်းတွင် ပုသိမ် တံတား တည်ဆောက်ပြီးစီး၍ (Load Test) တံတားခံနိုင်ဝန် စမ်းသပ်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး သည်။
အသေးစိတ်စစ်ဆေး
ထိုသို့ စစ်ဆေးစဉ် တံတားပေါ်၌ မီတာ ၁၄၀ အကျယ်ရှိသော အခန်း တွင် တန် ၂၀ အလေးချိန်ရှိသော ၁၀ ဘီးကား ၁၂ စီးဖြင့် တံတား၏ ခံနိုင်ဝန်ကို သိရှိရန် တံတား၏ ကွေးညွှတ်မှု (Deflection) ကို တိုင်းတာခြင်းနှင့် သံမဏိသံပေါင်များ အတွင်းရှိ ခံနိုင်စွမ်းအား (Stress Intesity) တိုင်းတာခြင်းသိရှိရန် အတွက် (Static Load Test) ဆောင်ရွက်ခြင်းနှင့်တံတား၏ ဘေးတွဲ ကြိုး (Hanger Cable) များ၏ တင်းအား (Tension) တိုင်းတာ ဆောင်ရွက်ခြင်းများကို တံတား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းက တိုင်းတာတွက်ချက်မှု အရ ထွက်ရှိလာသော ကွေးညွှတ်မှု (Deflection) နှင့် (Cable Tension) များ အသေးစိတ်စစ်ဆေးပြီး ရလဒ် များမှာ သတ်မှတ် ချက်အတွင်းရရှိ သဖြင့် တံတားအား (Fit for Service) အဖြစ် ဆုံးဖြတ်သတ်မှတ်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးက တံတား (Dynamic Load Test) ကို သိရှိရန်အတွက် ယနေ့မှစ၍ လူစီး ကားငယ်လေးများကို တံတားမဖွင့်မီ အချိန်အထိ နေ့စဉ်နံနက် ၅ နာရီမှ ည ၇ နာရီအထိ ဖြတ်သန်းခွင့်ပြုပြီး (Dynamic Load Test) များကို နေ့စဉ် စောင့်ကြည့် မှတ်တမ်းတင်ထားရန် မှာကြားသည်။ ယင်းနောက် ဒုတိယ ဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့မိမြို့ဖများကို တံတားအပေါ်တွင် လူစီးကားငယ်လေးများ ဖြတ်သန်းခွင့် ပြုမည့်အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပန်းတနော်-ရွှေလောင်း-ဝါးခယ်မလမ်းပေါ်ရှိ ဝါးခယ်မတံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး တံတားပြီးစီးမှုကိုလည်း ကောင်း၊ ရွှေလောင်းတံတား တည် ဆောက်ပြီးစီးမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ပုသိမ်တံတား၊ ဝါးခယ်မတံတား နှင့် ရွှေလောင်းတံတားတို့သည် ယခု အခါ ၁၀၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်၍ လာမည့်စက်တင်ဘာလတွင် ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
သတင်းစဉ်