
နေပြည်တော် ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများ၏ ရက်စက်စွာ သတ်ဖြတ် မီးရှို့ခဲ့မှုကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ မီးလောင် သေဆုံးကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သေနတ်များဖြင့် ပစ်ခတ်
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၅ ရက် ည ၇ နာရီတွင် နွားထိုးကြီးမြို့နယ် လက်ဝဲမြင်းနီကျေးရွာနေ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း (၅၃)နှစ် (ဘ) ဦးကြည်သည်နေအိမ်၌ မိသားစုဝင်များ၊ ကျေးရွာရပ်မိ ရပ်ဖ ဦးဟန်ဝင်း (၄၈)နှစ် (ဘ)ဦးသောင်းကျင်တို့နှင့် အတူ စကားပြောနေစဉ် လက်နက်ငယ် များ ကိုယ်စီကိုင်ဆောင်ထားသည့် PDF အမည်ခံ အကြမ်းဖက်သမား ခုနစ်ဦးက ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး သေနတ်များ ဖြင့် ဝိုင်းဝန်းပစ်ခတ်ကာ နေအိမ် အတွင်း လက်လုပ်ဗုံးများ ဖောက်ခွဲ၍ နေအိမ်ကို မီးရှို့ကာ ပြန်လည် ထွက်ခွာသွားခဲ့သည်။
အကြမ်းဖက်သမား များ၏ ရက်စက်စွာ ပစ်သတ်မီးရှို့ခဲ့မှု ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း၊ သားဖြစ်သူ မောင်ဝေ မင်းသူ (၂၅)နှစ်၊ ချွေးမဖြစ်သူ မခိုင်စိုးရည် (၃၀)နှစ်(ဘ) ဦးမောင် သိန်းနှင့် ဦးဟန် ဝင်းတို့ လေးဦးမှာ နေအိမ်အတွင်း မီးလောင်သေဆုံး ခဲ့ပြီး ဦးဆန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်သန်းသန်းဆင့် (၅၂)နှစ် (ဘ) ဦးမှတ်တင်တွင် ယာပေါင်ကျည် ထိမှန် ဒဏ်ရာတစ်ချက်နှင့် သားဖြစ်သူ မောင်ဖိုးလယ် (၁၇)နှစ်၏ ဝဲလက်မောင်းကျည်ထိမှန် ဒဏ်ရာတစ်ချက်တို့ဖြင့် မီးလောင် နေသည့် အိမ်အတွင်းမှ ထွက်ပြေး ခဲ့သဖြင့် အသက်ဘေးမှ လွတ် မြောက်ခဲ့သည်။
ဆေးရုံသို့ ပို့ဆောင်
အကြမ်းဖက်သူများ၏ မီးရှို့ခဲ့ မှုကြောင့် ဦးဆန်းဝင်း၏နေအိမ် မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု အသေးစိတ် ဆက်လက် စစ်ဆေးလျက်ရှိကာ ထိခိုက် ဒဏ်ရာရရှိခဲ့သူများအား ဆေး ကုသမှု ခံယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက မြင်းခြံမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ကြောင်းနှင့် အခင်းဖြစ်ရပ် အနီးမှ အကြမ်းဖက်သူများ ပစ်ခတ် အသုံးပြုခဲ့သည့် ၁၂ ဗို့ကျည်ခွံနှစ်ခု၊ ၅ ဒသမ ၅၆ ကျည်ခွံ ၆၀ နှင့် ၇ ဒသမ ၆၂ ကျည်ခွံ ၇၉ ခုတို့ကို သိမ်းဆည်း ရမိခဲ့သည်။
အရေးယူနိုင်ရေး ဆောင်ရွက်
ထိုကဲ့သို့ နိုင်ငံတော်၏ တည်ငြိမ်ရေးကို မလိုလားဘဲ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများအား ရက်စက်စွာ သတ်ဖြတ် မီးရှို့မှု ကျူးလွန်ခဲ့သည့် အကြမ်း ဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေးနှင့် ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်