
ရန်ကုန် ဒီဇင်ဘာ ၅
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၌ သွင်းကုန်အစားထိုး ဘက်ထရီအမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေသည့် Proven Polyworld Company ၏ စက်ရုံလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ အား တာဝန်ရှိသူများက လုပ်ငန်း လည်ပတ်နေမှု အခြေအနေ၊ ဘက်ထရီအိုးနှင့် ဆက်စပ်ပစ္စည်း များကို နိုင်ငံတကာစံနှုန်းများနှင့် အညီ ထုတ်လုပ်နိုင်မှုအခြေအနေ၊ ပြည်တွင်း၌ ကုန်ကြမ်းဝယ်ယူရရှိ နိုင်မှုအခြေအနေ၊ ဘက်ထရီနှင့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်း ဈေးကွက်သာမက ပြည်ပအိမ်နီး ချင်း နိုင်ငံများအထိ ဖြန့်ဖြူး ရောင်းချနိုင်မှု အခြေအနေ၊ တွေ့ကြုံနေရသည့် အခက်အခဲ များနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည် ထောင်စုဝန်ကြီးက လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းပေးကာ လုပ်ငန်းတိုးချဲ့ ဆောင်ရွက်နိုင်ရေး၊ ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို နည်းပညာတိုးမြှင့်၍ ဆောင်ရွက် နိုင်ရေး၊ ဈေးကွက် ပိုမိုချဲ့ထွင် နိုင်ရေးနှင့် သွင်းကုန်အစားထိုး ထုတ်လုပ်မှု မြှင့်တင်နိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးတို့နှင့် စပ်လျဉ်း ၍ ဆက်လက် ကူညီဆောင်ရွက် ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားပြီး စက်ရုံ အတွင်း ဘက်ထရီအိုးများ ထုတ်လုပ်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှု အားပေးသည်။
အဆိုပါ လုပ်ငန်းသည် ပြည်တွင်းမှ ကုန်ကြမ်းများကို အဓိကအသုံးပြုကာ တစ်နေရာ တည်း၌ ဘက်ထရီအမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်းများကို ထုတ်လုပ် ကာ နိုင်ငံတကာအဆင့်မီ Toyo အမှတ် တံဆိပ် မော်တော်ယာဉ်သုံး ဘက်ထရီများအား ပြည်တွင်း သာမက ပြည်ပအထိ တင်ပို့ ရောင်းချနေသည့် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်