
နေပြည်တော် ဒီဇင်ဘာ ၄
ပြည်ထောင်စုနယ်မြေ(နေပြည်တော်) ပျဉ်းမနားမြို့နယ် ကင်မွန်းတန်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူ များအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း ၅၆၃ စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၁၂၃ ကတ် ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ပျဉ်းမနားမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ကင်မွန်းတန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပျဉ်းမနားမြို့နယ် ကင်မွန်းတန်းကျေးရွာအုပ်စု အတွင်းရှိ ဒေသခံပြည်သူများအတွက် ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်း ၅၆၃ စုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ၂၁၂၃ ကတ် ထုတ်ပေးနိုင်ခဲ့သည့်အတွက် ကတ်ပြားရရှိသူ ပြည်သူများအနေဖြင့် နိုင်ငံသားအခွင့် အရေး အပြည့်အဝရရှိ ခံစားနိုင်တော့မည်ဖြစ်ပါ ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် လူမှုဘဝပြည့်စုံနိုင်ရန် မရှိမဖြစ်လိုအပ်သည့် အထောက်အထားတစ်ခုဖြစ် ပါကြောင်း၊ နောင်လာမည့် ရွေးကောက်ပွဲများတွင် လည်း နိုင်ငံသားအဖြစ် အသိအမှတ်ပြုသက်သေခံ အထောက်အထား ကတ်ပြားတစ်ခုခု ကိုင်ဆောင် မဲပေးရမည်ဖြစ်သည့်အတွက် နိုင်ငံသားအားလုံးသည် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိထား ရန် လိုအပ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားကို လည်း အပိုရယူကိုင်ဆောင်ခြင်း၊ အတုပြုလုပ်ကိုင် ဆောင်ခြင်း မပြုလုပ်ကြရန်နှင့် ယင်းကဲ့သို့ပြုလုပ် ကိုင်ဆောင်ပါက တည်ဆဲဥပဒေများအရ အရေးယူ ခြင်းခံရမည်ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ် သည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး၊ လူမှုဘဝပြည့်စုံနိုင်ရေးတို့အတွက် မရှိမဖြစ်လိုအပ် သည့် အထောက်အထားဖြစ်သည်နှင့်အညီ ရရှိပြီး ကတ်ပြားကိုလည်း ပျောက်ပျက်ဆုံးရှုံးမှုမရှိစေရေး အတွက် စနစ်တကျကိုင်တွယ် ထိန်းသိမ်းကြရန် လည်း လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ ပန်းခင်းစီမံချက် ဖြင့် ရပ်ကွက်ကျေးရွာအရောက် ကွင်းဆင်း ဆောင်ရွက်ပေးရာတွင် မိမိဌာနမှ ဝန်ထမ်းများအား ဆက်စပ်ဌာနများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင် ရန် လိုအပ်သကဲ့သို့ ပြည်သူများကလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ကတ်ပြား ရရှိပြီးသူများကလည်း တစ်ဆင့်စကား၊ တစ်ဆင့်နား ဖြင့် ကတ်ပြားမပြုလုပ်ရသေးသူများကို အသိပေး ပြောကြားပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် စီမံချက်ဖြစ်သည့် ပန်းခင်းစီမံချက် အောင်မြင်ရေး အတွက်အားလုံးက ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက် ပေးရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အတွင်း ပန်းခင်းစီမံချက် အကောင် အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်စပ်ဌာနများ နှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက် နိုင်ရေး အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ် ကင်မွန်းတန်းကျေးရွာအုပ်စု အတွင်းရှိ ကင်မွန်းတန်း၊ လဲလူးအိုင်၊ ကန်ဦး၊ ရွာသစ်၊ ယောက်သွားအင်း၊ သစ်တွန်၊ ပျဉ်းမနားဟောင်း၊ စသည့်ကျေးရွာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် စက်ရုံအလုပ်ရုံတို့၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေ စာရင်း ၅၆၃ စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၁၂၃ ကတ်တို့ကို ကျေးရွာ ကိုယ်စားလှယ်များနှင့် ကာယကံရှင်ပြည်သူ များထံ ပေးအပ်ကြသည်။
ထို့နောက် ပန်းခင်းစီမံချက် ဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများသည် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
နံနက် ၁၁ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ တာဝန်ရှိ သူများနှင့်အတူ ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး စုပေါင်းခန်းမ၌ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဦးစီးမှူးရုံးနှင့် ခရိုင်နှင့်မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်