
မသန်စွမ်းသူများ၏ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် လူသားတိုင်း
ခံစားခွင့်ရှိသည့် လူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်
နေပြည်တော် ဒီဇင်ဘာ ၃
၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်း အမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော ဦးကိုကို လှိုင်နှင့် ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ လူမှုရေးဆိုင်ရာဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ မြန်မာနိုင်ငံ စစ်မှု ထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာ နိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာ နိုင်ငံမသန်စွမ်းသူများ အသင်း ချုပ်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ရင်ခွင့် မဲ့ ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ အသင်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင် ရေးအသင်းတို့မှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ် သော အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များနှင့် ဖိတ်ကြားထားသူ များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ကမ္ဘာ့နိုင်ငံများတွင် ကျင်းပ
အခမ်းအနားတွင် မသန်စွမ်း သူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကား ပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့ အထိမ်းအမှတ်အခမ်း အနားကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ကျင်းပလျက် ရှိပါကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးအနေဖြင့် မသန်စွမ်းသူ များ၏ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့အပြင် လူသားတိုင်း ခံစားခွင့်ရှိသည့် လူ့ အခွင့်အရေးများ ရရှိခံစားနိုင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါ ကြောင်း။
(၂၈)ကြိမ် ရှိပြီ
ကုလသမဂ္ဂ အဖွဲ့ကြီး၏ အထွေထွေညီလာခံ ဆုံးဖြတ်ချက် အမှတ်(၄၇/၃)အရ နှစ်စဉ် ဒီဇင် ဘာလ (၃)ရက်နေ့ကို အပြည်ပြည် ဆိုင်ရာမသန်စွမ်းသူများနေ့ အဖြစ် ၁၉၉၂ ခုနှစ်မှစတင်၍ ဂုဏ်ပြု သတ်မှတ် ကျင်းပခဲ့ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ၁၉၉၄ ခုနှစ်မှစပြီး နှစ်စဉ်ကျင်းပ လာခဲ့ရာ ယခုဆိုလျှင် (၂၈) ကြိမ် ရှိပြီဖြစ်ပါကြောင်း။
ကုလသမဂ္ဂအဖွဲ့ကြီးက ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန် စွမ်းသူများနေ့အတွက် ချမှတ်ပေး သည့် ဦးတည်ချက် ဆောင်ပုဒ်မှာ “အားလုံးအကျုံးဝင် လက်လှမ်းမီ ပြီး ရေရှည်တည်တံ့သည့် ကိုဗစ်-၁၉ အလွန် ကမ္ဘာဖြစ်ပေါ်ရေး မသန်စွမ်းသူများ ဦးဆောင်ပါဝင် ကြိုးစားပေး” (Leadership and participation of persons with disabilities toward an inclu-sive, accessible and sustain-able post-COVID-19 world) ဖြစ်ပါကြောင်း။
မသန်စွမ်းသူများ လူ့အသိုက် အဝန်းအတွင်း အပြည့်အဝ ပါဝင် ဆောင်ရွက်ခွင့်၊ လူ့အခွင့်အရေး အများနည်းတူရရှိခံစားပိုင်ခွင့်နှင့် မသန်စွမ်းသူများ ကြုံတွေ့နေရ သည့် မညီမျှမှုများလျှော့ချနိုင်ရေး အတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလ သမဂ္ဂ ကွန်ဗင်းရှင်းတွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း။
ကွန်ဗင်းရှင်း၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ မသန်စွမ်းသူ များ၏ အခွင့်အရေးများကို အခြေပြုသည့် တရားမျှတမှု၊ ကောင်းကျိုးစီးပွားနှင့် လူ့အဖွဲ့ အစည်းအတွင်း လူတန်းစေ့ ပါဝင် ဆောင်ရွက်နိုင်မှုတို့ကို ပြည့်မီစွာ ရရှိစေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ကွန်ဗင်းရှင်း နှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅) ကို လည်းကောင်း၊ မသန်စွမ်းသူများ ၏ အခွင့်အရေးနည်းဥပဒေများ (၂၀၁၇)ကိုလည်းကောင်း ပြဋ္ဌာန်း နိုင်ခဲ့ပါကြောင်း။
အရင်းအမြစ်များ ဖြည့်ဆည်း
ယင်းဥပဒေ၊ နည်းဥပဒေတို့ကို ထိထိရောက်ရောက် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် ကော်မတီ တစ်ရပ်နှင့် လုပ်ငန်းကော်မတီ တို့ကို ဖွဲ့စည်းပြီး အစည်းအဝေး များကျင်းပခဲ့ပါကြောင်း၊ ယင်း အစည်းအဝေးများတွင် မသန်စွမ်း သူများ၏ ပညာရေး၊ အလုပ် အကိုင်၊ ကျန်းမာရေးစောင့်ရှောက် မှု၊ လူမှုရေး၊ ဥပဒေပိုင်းဆိုင်ရာနှင့် အခြေခံလိုအပ်ချက် အရင်းအမြစ် များကို ဖြည့်ဆည်းနိုင်မည့် စီမံ ကိန်းများ၊ လုပ်ငန်းစဉ်များအတွက် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ပါ ကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကြုံတွေ့ နေရသည့် အချိန်ကာလတွင် ကုလသမဂ္ဂ၏ ၂၀၃၀ အစီအစဉ် အရ မည်သူ တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေးမူနှင့်အညီ မသန် စွမ်းသူများအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ငွေကြေး ထောက်ပံ့မှု ပေးခဲ့ပါကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် အုပ်စုအလိုက် ဦးစား ပေးထိုးနှံရမည့် အစီအစဉ်များဖြင့် ဆောင်ရွက်ခဲ့ရာတွင်လည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစတင်၍ မသန်စွမ်းသူများ အပါအဝင် ထိခိုက်လွယ်အုပ်စုများအတွက် အစီအစဉ်များကို ထပ်မံထည့်သွင်း ၍ ဦးစားပေးထိုးနှံပေးလျက်ရှိပါကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါ အကျပ် အတည်းကာလအတွင်း မသန်စွမ်း သူများ ရင်ဆိုင်ခံစားနေရသည့် အတွေ့အကြုံများအပေါ် မူတည် ပြီး မသန်စွမ်းသူများအကျုံးဝင် ၂၀၃၀ အစီအစဉ်ဖြစ်သည့် စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်တို့ကို စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော်ခြင်း၊ စောင့် ကြည့်လေ့လာ အကဲခတ်ခြင်း တို့ကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ပြောကြား
ထို့ကြောင့် “အားလုံးအကျုံးဝင် လက်လှမ်းမီပြီး ရေရှည်တည်တံ့ သည့် ကိုဗစ်-၁၉ အလွန် ကမ္ဘာ ဖြစ်ပေါ်ရေး မသန်စွမ်းသူများ ဦးဆောင်ပါဝင်ကြိုးစားပေး” ဆို သည့် ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ အား ရင်ဆိုင်တုံ့ပြန်ရာတွင် လည်းကောင်း၊ ကိုဗစ်-၁၉ အလွန် လူသားအားလုံးအတွက် ပိုမို သာယာလှပသည့် အနာဂတ် ကမ္ဘာ ဖန်တီးတည်ဆောက်ရာတွင် လည်းကောင်း၊ မသန်စွမ်းသူများ၊ မသန်စွမ်းအဖွဲ့အစည်းများ၊ မသန် စွမ်းသူများအရေးလှုပ်ရှား ဆောင် ရွက်လျက်ရှိသည့် အဖွဲ့အစည်း များနှင့် ရင်းနှီးချစ်ကြည်စွာ လက်တွဲ၍ စုပေါင်းအားဖြင့် လက်တွဲဆောင်ရွက်ကြရန် တိုက် တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က ဂုဏ်ပြုစကားပြောကြားသည်။
ထို့နောက် အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယို ကိုပြသပြီး ၂၀၂၁ ခုနှစ် အပြည်ပြည် ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ၌ ဆုရရှိ ကြသူများ၏ အမည်စာရင်းများကို ကြေညာသည်။
ယင်းနောက် ဒုတိယဝန်ကြီး ချုပ်သည် အခမ်းအနားသို့ တက် ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးပြီး ခင်းကျင်းပြသထား သည့် မသန်စွမ်းသူများနှင့် သက် ဆိုင်သော စာအုပ်များနှင့် လုပ်ငန်း ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံ များကို ကြည့်ရှုခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်