
နေပြည်တော် နိုဝင်ဘာ ၂၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ပြည်သူ့ ဆေးရုံသို့ရောက်ရှိပြီး အရေးပေါ်လူနာဌာန၊ သွားနှင့် ခံတွင်းဌာန၊ ဓာတ်မှန်ခန်း၊ တီဗွီဓာတ်မှန်ခန်း၊ ဓာတ်ခွဲ ဌာန၊ ခွဲစိတ်ခန်း၊ အထူးကြပ်မတ်လူနာကုသခန်း၊ Oxygen Plant တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးကာ တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများကို အားပေးစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ယခုအချိန်တွင် ကိုဗစ်-၁၉ တတိယလှိုင်း ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ပြီ ဖြစ်သည့်အတွက် ရရှိထားသည့် အတွေ့အကြုံအပေါ် အခြေခံကာ နောက်ထပ်လှိုင်းအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နယ်စပ် ဒေသ/လေကြောင်းဝင်ပေါက်တို့မှ ဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး New variant မဝင်ရောက်နိုင်စေရန် ရောဂါဖြစ်ပွားမှုစောင့်ကြပ်ကြည့်ရှုခြင်းကို အားဖြည့် ဆောင်ရွက်လျက်ရှိပါကြောင်း။
တိုးချဲ့တပ်ဆင်
နယ်စပ်ဒေသများဖြစ်သည့် မူဆယ်၊ ကျိုင်းတုံ၊ လားရှိုး၊ မြဝတီတို့တွင် RT-PCR စက်များ တပ်ဆင် ထားရှိကာ လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး မကြာမီ ထားဝယ်၊ ကလေးမြို့များတွင် RT-PCR စက်များ တိုးချဲ့တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပုံမှန်မဟုတ်သည့် အစုလိုက်အပြုံလိုက် ရောဂါဖြစ်ပွားမှုတွေ့ရှိပါက ဗီဇပြောင်းပိုး ဟုတ်၊ မဟုတ်စစ်ဆေးသော ကိုဗစ်-၁၉ Gene Sequencing စစ်ဆေးခြင်းကို တပ်မတော် ဆေးသုတေသန တပ်နှင့် ဆေးသုတေသနဦးစီးဌာနတို့တွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာကွယ်ရေး လုပ်ငန်းများနည်းတူ ကုသရေးပိုင်းအနေဖြင့် ပြည်သူ့ ဆေးရုံများတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ များအတွက် သီးသန့်ကုသဆောင်နှင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ အထူးကြပ်မတ်ကုသမှုဌာန တို့အား စနစ်တကျ ပြင်ဆင်ထားရှိမှုအတွက် လိုအပ် ချက်များ ပံ့ပိုးပေးနိုင်ရန် လာရောက်ခြင်းဖြစ်ပါ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်တွင် အသက် ၁၈ နှစ်အထက် ရည်မှန်းအုပ်စု၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် လူဦးရေ ၁၇ သန်းကျော်တွင် ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးစီးခြင်း ရရှိစေရန် ရည်မှန်းထားပြီး ယခုအခါ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးသူ ၁၆ ဒသမ ၃ သန်းရှိပြီး ၎င်းတွင် ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူ ၁၁ ဒသမ ၅ သန်း နှင့် တစ်ကြိမ် ထိုးနှံ ပြီးသူ ၄ ဒသမ ၈ သန်း ပါဝင်ကြောင်း ပြောကြားသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လွှမ်းခြုံမှုကောင်းမွန်၍ ကိုဗစ်-၁၉ နောက်ထပ် လှိုင်းများ ကာကွယ်ရေးလုပ်ငန်းတွင် အထောက် အကူဖြစ်ကာ ပြင်းထန်လူနာများဖြစ်ပွားမှုနှင့် လူနာ သေဆုံးမှုလျော့နည်းစေရန် ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးစုရပ်များကို ကျေးလက် ကျန်းမာရေး ဌာန/ ကျေးရွာများအထိ တိုးချဲ့နိုင်ရေး အခြေခံကျန်းမာရေး ဝန်ထမ်းများဖြစ်သည့် လက်ထောက်ကျန်းမာရေးမှူး၊ အမျိုးသမီးကျန်းမာရေး ဆရာမ၊ သားဖွားဆရာမများအနေဖြင့် ကျေးရွာများ အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
မွန်းလွဲပိုင်းတွင် တောင်ငူမြို့ပြည်သူ့ဆေးရုံကြီး သို့ ရောက်ရှိပြီး ခွဲစိတ်ခန်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာအထူးကြပ်မတ်ကုသမှုဌာန၊ ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးစီမံချက်အရ Ventilators များ ရောက်ရှိ တပ်ဆင်ထားရှိမှု၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ အရိုးနှင့် ထိခိုက်ဒဏ်ရာလူနာ/ခွဲစိတ်လူနာဆောင်၊ oxygen plant များ တပ်ဆင်လုပ်ငန်းဆောင်ရွက်နေမှု တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးက ဓာတ်ခွဲခန်းသုံးပစ္စည်း များ၊ reagents မပြတ်လပ်အောင် စီစဉ်ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါနှင့် သာမန်ရောဂါဖြစ်သောသူများ တက်ရောက်ကုသနိုင်မည့် ICU များကို သီးခြားစီခွဲ၍ ဆောင်ရွက်ထားရန်၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများအား လစဉ် ထောက်ပံ့ကြေးပေးအပ်ခြင်း၊ ညတာဝန်ကျဝန်ထမ်း များအား စားစရိတ်ထောက်ပံ့ခြင်း၊ ဘွဲ့လွန်ဒီပလိုမာ၊ ဘွဲ့များအတွက် ဘွဲ့လွန်ကြေးထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ထားရှိပြီး ကျန်းမာရေးအန္တရာယ်ထိခိုက် နိုင်သည့် တာဝန်ဆောင်ရွက်နေရသည့် ဓာတ်မှန်/ဓာတ်ခွဲကျန်းမာရေးဝန်ထမ်းများအတွက် risk allowance ထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း။
ဂုဏ်ပြုချီးမြှင့်
ပြည်သူ့ဆေးရုံကြီးများတွင် အောက်ဆီဂျင် လိုအပ်ချက်နှင့်အညီရရှိအောင် စီမံထားရှိရန်၊ အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်ရန်၊ လိုအပ် မည့် ဆေးဝါး၊ ပဋိဇီဝဆေးများ ဖြည့်ဆည်းထားရန် မှာကြားကာ တက်ရောက်လာကြသော အထူးကု ဆရာဝန်များ၊ သူနာပြုများ၊ အခြေခံကျန်းမာရေး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်း ပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း(တောင်ငူမြို့)သို့ရောက်ရှိကာ သူနာပြုသင်တန်းသူများနှင့် တွေ့ဆုံ၍ သင်တန်းသူများ၏ စားဝတ်နေရေး/ လုံခြုံရေး စီမံ ဆောင်ရွက်ထားရှိမှု၊ ခေတ်မီသင်ကြားရေး အထောက် အကူပြုပစ္စည်းများ ဖြည့်ဆည်းထားရှိမှု၊ သင်တန်း ပြီးဆုံးပါက လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် စီစဉ်ထား ရှိမှုနှင့် သင်တန်းတက်ရောက်စဉ် ပြည်သူလူထု
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း တစ်ဖက် တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့
ကြောင်း သိရသည်။
သတင်းစဉ်