
ပခုက္ကူ နိုဝင်ဘာ ၂၉
ပခုက္ကူမြို့ ပခုက္ကူစက်မှုဇုန်၌ ဆီလုပ်ငန်းရှင်များအဖြစ် ဆီစက်ပိုင်ရှင် ၄၀ ခန့်ရှိသော်လည်း ဈေးကွက် အခြေအနေကြောင့် မလည်ပတ်နိုင်သည့် ဆီစက်ပိုင်ရှင် ဦးရေမှာ ၃၀ ခန့်ရှိနေသဖြင့် ပြည်တွင်းဆီစက်များ ပြန်လည်လည်ပတ်ခွင့်ရရှိပြီး ပြည်တွင်းစားသုံးမှုကို အားဖြည့်လိုလျက်ရှိကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရသည်။
“လက်ရှိမှာလည်ပတ်နေတဲ့ ဆီစက်က ၁၀ ခု လောက်ပဲ ရှိပါတယ်။ စားအုန်းဆီနဲ့ ပြည်တွင်းဆီသန့် ဈေးကွာဟမှုကျဉ်းမြောင်းလာမယ်ဆိုရင် နောက်ထပ် ဆီစက် ၁၅ ခု လောက် ပြန်လည်လည်ပတ်နိုင် လောက်တယ်။ အခုအချိန်မှာတော့ ဆီစက်တွေ ရပ်တည်နိုင်ဖို့ စိန်ခေါ်မှုတွေရှိတယ်”ဟု ဆီစက် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာန မကွေးတိုင်းဒေသ ကြီး ပခုက္ကူခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့် အဖွဲ့သည် ယခုလပထမပတ်အတွင်း ခရိုင်အတွင်း ဆီထွက် သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်လာစေရေး နှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ပခုက္ကူမြို့ စက်မှုဇုန်ရှိ ဆီစက်များနှင့် မြို့ပေါ်ရှိ မြေပဲဆုံဆီများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။ မြေပဲ ဆုံဆီလုပ်ငန်းရှင်များအနေဖြင့် ဆီစက်လုပ်ငန်းတွင် တစ်ရက်လျှင် ကုန်ကြမ်းမြေပဲ ပိဿာ ၄၀ ခန့် အသုံး ပြုပြီး ကုန်ချောမြေပဲဆီ ၁၆ ပိဿာခန့် ထွက်ရှိ ကြောင်း၊ တစ်ဆုံလျှင် တစ်နာရီကျော်ကြာ ကြိတ်ခွဲ ရကြောင်း၊ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်များလည်း စနစ်တကျပြုလုပ်ရကြောင်း သိရသည်။
ပခုက္ကူဒေသထွက် ဆုံဆီများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မုံရွာနှင့် ပခုက္ကူ ခရိုင်အတွင်း ဖြန့်ဖြူးရောင်းချရပြီး လုပ်ငန်းလုပ်ကိုင်ရန် မော်တာ နှင့် မြေပဲဆုံတစ်စုံ ရင်းနှီးမည်ဆိုပါက ငွေကျပ် ၂၅ သိန်းမှ ၃၂သိန်းအထိ ရှိပြီး စက်မြေပဲဆီ တစ်ပိဿာ ဈေးနှုန်း မှာ ငွေကျပ် ၅၅၀၀၊ ဆုံဆီ တစ်ပိဿာ ငွေကျပ် ၇၀၀၀ ခန့်ရှိသည်။ ပခုက္ကူခရိုင် အတွင်း ဆုံဆီ၊ စက်ဆီစုစုပေါင်း ၅၅တန်ခန့် နှစ်စဉ် ထွက်ရှိ နိုင်ပြီး ပြည်တွင်းမှထွက်ရှိသည့် ဆီထွက်သီးနှံများ ကို ပိုမိုသုံးစွဲလာခြင်းဖြင့် ဈေးနှုန်းသက်သာခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်ခြင်းများ ရရှိစေမည် ဖြစ်ကြောင်း လုပ်ငန်းရှင်များက မျှော်လင့်ကြသည်။
မောင်စီးပွား