အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံအချို့က ၂၆-၁၁-၂၀၂၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ပူးတွဲကြေညာချက်ကို မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာကန့်ကွက်

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် လိုအပ်သည့် အရေးယူမှုများကို ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်လျက်ရှိ

 

သတင်းထုတ်ပြန်ချက်


အမေရိကန်ပြည်ထောင်စု အပါအဝင်နိုင်ငံအချို့က  ၂၆-၁၁-၂၀၂၁ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက် သည့်  ပူးတွဲကြေညာချက်    တစ်စောင်ထုတ်ပြန်ကြောင်း   နိုင်ငံခြားရေးဝန်ကြီးဌာနက  သိရှိရသည်။  ယင်းပူးတွဲကြေညာချက်တွင်  တပ်မတော်က  အစိုးရဆန့်ကျင်သူများကို  အင်အားအလွန်အကျွံ     သုံးစွဲ ချေမှုန်းနေကြောင်းနှင့်     လူ့အခွင့်အရေးချိုးဖောက်မှုများကို    ကျူးလွန်နေကြောင်း     ဖော်ပြထားကြောင်း တွေ့ရှိရသည်။

 


အဆိုပါ ပူးတွဲကြေညာချက်ပါ ဖော်ပြချက်များသည် အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် အစိုးရ ဆန့်ကျင်နေသူများ၊  အကြမ်းဖက်အဖွဲ့များထံမှ  ရရှိသည့်အချက်များကို    အခြေခံထားသောကြောင့် မှန်ကန်မှုမရှိကြောင်း  ဖော်ပြအပ်သည်။   လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်   နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက်  လိုအပ်သည့်အရေးယူမှုများကို  ထိန်းထိန်း သိမ်းသိမ်းဖြင့် ဆောင်ရွက်လျက်ရှိသည်။

 


နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့်   အုပ်ချုပ်မှုကို ပျက်ပြားအောင် ဦးတည်      လုပ်ဆောင်နေသည့် အကြမ်းဖက်အဖွဲ့များ၏ ကျူးလွန်မှုများနှင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေသော  အကြမ်းဖက်လုပ်ရပ်များကို  လျစ်လျူရှုလျက် ပြစ်တင်ရှုတ်ချခြင်း၊ တားဆီးခြင်း၊ ရပ်တန့်ပေးရန် ဖော်ပြခြင်း၊   တောင်းဆိုခြင်းများ  ပါဝင်ခြင်းမရှိသည့်  ဘက်လိုက်မှုရှိသော  တစ်ဖက်သတ်  ကြေညာချက်ဖြစ်ကြောင်း တွေ့ရှိရသည်။

 


အချုပ်အခြာအာဏာပိုင်နိုင်ငံ  တစ်နိုင်ငံ၏    ပြည်တွင်းရေးကို  ဝင်ရောက်စွက်ဖက်သည့်   ကိစ္စများ၊ မှန်ကန်မှုမရှိသော အချက်များအပေါ်  အခြေခံထားပြီး၊ ဘက်လိုက်မှုရှိ၍  နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ခဲ့သည့်   အဆိုပါ  ပူးတွဲကြေညာချက်ကို မြန်မာနိုင်ငံအနေဖြင့်  ပြင်းထန်စွာကန့်ကွက်ကြောင်း ဖော်ပြအပ်သည်။


နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်