ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပိုင်ကျုံမြို့နှင့် ကော့ကရိတ်မြို့နယ်တို့ကို ဆက်သွယ်ပေးသည့် ထီလုံ - တာပေါင် - ပတ - နဘူး - ကော့ကရိတ်(တံတားကျိုး)လမ်းပေါ်ရှိ ပတတံတားဖွင့်

 

ဘားအံ    နိုဝင်ဘာ   ၂၅


ကရင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၄)မှ တာဝန်ယူတည်ဆောက်ပြီးစီးခဲ့သည့်  ကရင် ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နှင့် ကော့ကရိတ်မြို့နယ်တို့ကို အဓိကဆက်သွယ်ပေးသော ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုး)လမ်းပေါ်ရှိ ပတတံတားဖွင့်ပွဲကို နိုဝင်ဘာ ၂၄ ရက်က ဖွင့်လှစ်ခဲ့သည်။

 


လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လုံခြုံမှုရှိမှသာ ဒေသတွင်းနေထိုင်သည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊   ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စံချိန်စံညွှန်း ပြည့်မီပြီး အရည်အသွေးကောင်းမွန်စွာ တည်ဆောက်ပြီးစီးခဲ့သည့် ပတတံတားကို အဓွန့်ရှည်စွာဖြင့် ရေရှည်အသုံးပြုနိုင်ရေးအတွက်ဒေသခံပြည်သူများက    ဝိုင်းဝန်းထိန်းသိမ်းစောင့် ရှောက်ပေးကြဖို့   မေတ္တာရပ်ခံလိုကြောင်း၊    ပတ တံတား      တည်ဆောက်ဖွင့်လှစ်နိုင်ရေးအတွက် အဘက်ဘက်မှ  ကူညီပံ့ပိုးပေးခဲ့ကြသည့် တာဝန်ရှိသူ များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများကို  အထူး ပင်    ကျေးဇူးတင်ရှိပါကြောင်း    တံတားဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်  ဦးစောမြင့်ဦးက ပြောကြားသည်။

 


ယနေ့ဖွင့်လှစ်သည့် ပတတံတားသည် အရှည်ပေ ၃၀၀ ၊ အကျယ် ၃၁ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေရှိ     သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၏    ရန်ပုံငွေကျပ်သန်း ၁၂၀၀ ကျော်ခန့် အကုန်အကျခံတည်ဆောက်ခဲ့ကာ ဘားအံ-လှိုင်းဘွဲလမ်း၊ ဘားအံ-ကော့ကရိတ်-မြဝတီ လမ်းအစရှိသည့် ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ချိတ်ဆက်တည်ရှိသော   လမ်းပိုင်းတွင်ပါဝင်သည့် အတွက် ဒေသထွက်ကုန်စည်များ ကူးသန်းတင်ပို့ ရာတွင်   လွယ်ကူလျင်မြန်စေမည်ဖြစ်၍   ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မား လာစေရေးကို   များစွာအထောက်အကူပြုနိုင်မည် ဖြစ်သည်။

 


အဆိုပါတံတားကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊    လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ဇော်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ    (KNU/KNLA-PC)ဥက္ကဋ္ဌ  စောထော့လေး၊   ဒုတိယဥက္ကဋ္ဌ   ဒေါက်တာနော်ကပေါ်ထူး၊ ကရင်အမျိုးသားအစည်း အရုံး(KNU) နဘူးမြို့နယ်ဥက္ကဋ္ဌ ပဒိုစောတာစော၊ ကရင်ပြည်နယ်   နယ်ခြားစောင့်တပ်   အမှတ်(၂)တပ်နယ်မှူး   ဒုတိယဗိုလ်မှူးကြီး  စောကြာအင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန    တံတားဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ပတတံတားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး(အပေါ်ပုံ)ပြည်နယ်ဝန်ကြီးချုပ်က  ပတတံတားကျောက်စာတိုင်အား  စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။    

စောမျိုးမင်းသိန်း(ပြန်/ဆက်)